Saturday, September 7, 2013

`ဆရာဝန်လုပ်မှာလား၊ ဈေးရောင်းမှာလား´


တလောက ကျောင်းနေဖက်ငယ် သူငယ်ချင်းတစ်ယောက်နှင့် ပြန်တွေ့ သည်။ ကိုးတန်းတုန်းကသူနှင့် အထက (၁)ပြည်မြို့မှာ စာသင်ခန်း တစ်ခန်းထဲမှာ ကျောင်းအတူနေဖူး၊ ပညာဆည်းပူး ဖူး သည်။ သူက ဟိန္ဒူဘာသာဝင်။ ကျွန်တော် တက္ကသိုလ်တက်နေစဉ် သူသည် ဆေးကျောင်းသူ တစ်ယောက်နှင့် အိမ် ထောင်ကျသွားသလိုလို သတင်းကြား သည်။ နောက်တော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားသည်မှာ နှစ် (၂၀) ခန့် ကြာသည်။ ပြီးခဲ့သောလကတော့သူနှင့် မမျှော်လင့်ဘဲ ပြန်တွေ့သည်။ သူသည် တိုက်နှင့်ကားနှင့် ချမ်းသာသော လူတစ် ယောက်ဖြစ်နေပါပြီ။ သားတစ်ယောက် သမီးတစ်ယောက်ရ၍ စော်ဘွားကြီးကုန်းတွင် ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားကာ စီးပွားရေး အတော် အဆင်ပြေနေလေသည်။ သူ့ အမျိုးသမီးဘာလုပ်နေသလဲဟုကျွန်တော် ကမေးရာ

`ဆေးကျောင်းပြီးလို့ ဆရာဝန်ဘွဲ့တော့ရတယ်။ ဒါပေမဲ့ဆရာဝန်အလုပ်က ဘာလုပ်မှာလဲကွာ။ ငါသူ့ကို ငါ့ဆိုင်မှာပဲ ရေပိုက်တွေရောင်းခိုင်းထားတယ်။ အခု ဆိုရင် သူကအရောင်းအဝယ်မှာငါ့ထက်တောင်တော်နေသေးတယ်။ သူ့ခြေ၊ သူ့ လက်အားလုံး သူ့ကိုလွှဲထားလို့ ရတာကြောင့် ငါလဲဆိုင်ကိုသူနဲ့ပဲ လွှဲထားပြီး တစ်နေ့တစ်နေ့ကလေးကို ကျောင်းကြို ကျောင်းပို့ လုပ်လိုက်၊ ကားတစ်စီးနဲ့ လျှောက်လည်လိုက်နဲ့ ဟန်ကျနေတယ် ကွ´

`ဒါဆို မင်းမိန်းမဆေးမကုတော့ ဘူးပေါ့´

`မင်းကလဲ . . . ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လား မေးနေပါပြီ။ ဘာဖြစ်လို့ ဆေးကုတော့မလဲကွ။ ငါ့ဆိုင်က ဝင်ငွေဒီလောက်ကောင်းနေမှပဲ´

သူ့စကားဆုံးသည်နှင့် ကျွန်တော့် မျက်စိထဲဝယ် ရုပ်ရှင်ဆန်ဆန် မြင်ယောင် လာသည်မှာ ဖုန်များတက်နေသောနား ကြပ်တစ်စုံ၊ ဆေးကျောင်းတက်ခွင့်ရအောင် ငယ်စဉ်သူငယ်တန်းမှစကာ နောက်ဆုံးနှစ်အပိုင်း(ခ)အထိကျက်မှတ်ထားခဲ့သော စာအုပ်များ၊ အသစ်ကျပ်ချွတ် ငွေစက္ကူများ၊ ရေပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဘုံဘိုင်ခေါင်း၊ ဆော့ကက်၊ ချက်ဘားများကို ကိုင်တွယ်ရောင်းချနေသောလက်များ၊ ဂဏန်းပေါင်းစက်တစ်ခု၊ ဆရာဝန်မရှိသဖြင့်မျှော်နေကြသော တောမြို့၊ နယ်စွန် နယ်ဖျား ဆေးရုံ၊ ဆေးခန်းမှ လူနာများ နောက်ဆုံးပေါ် ALPHARD ကားဖြူကြီး။

လောကကြီးဝယ်မည်သည့်အလုပ်၊ မည်သည့် အသက်မွေးဝမ်းကျောင်းမှုသည် အခြားမည်သည့် အလုပ်တစ်ခု၊ အသက်မွေးဝမ်းကျောင်းမှုတစ်ခုထက် သာလွန်မြင့်မြတ်သည်ဟု ကျွန်တော်မဆုံး ဖြတ်ဝံ့ပါ။ ဆရာဝန်တစ်ယောက်သည် လူ့ အသိုင်းအဝန်းအတွက် အရေးကြီးသလို၊ ပိုက်ဆက်သမားတစ်ယောက်၊ ဖိနပ်ချုပ် သမားတစ်ယောက်သည်လည်း လောကကြီးအတွက် အသုံးဝင်ပါသည်။ မည်သူသည် မည်သူထက်သာသည်ဟု ပြောရခက်ပါသည်။ အလုပ်တစ်ခုကိုနှိမ့်ချပြောဆိုရန် ကျွန်တော့်တွင်ရည်ရွယ်ချက်မရှိပါ။

နောက်ထပ်တွေးစရာတစ်ခုထပ်ရသည်မှာ Real Lives, Real Stories မဂ္ဂဇင်းတွင် ဆရာဝန်တစ်ယောက်အကြောင်း ဖတ်ရ၍ဖြစ်သည်။ ထိုဆရာဝန်သည်လည်း အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပါသည်။ သူသည် ဆေးကျောင်းတက်၍ ဘွဲ့ရပြီးသောအခါ အိမ်ထောင်ကျ၍ ယောက္ခမများ၏ စီမံမှုအရ ဆရာဝန်အလုပ်ကို မလုပ်ရတော့ပဲ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းတွင် ရွှေဆိုင်ထွက်၍ ရွှေဆိုင်ပိုင်ရှင်ဘဝကို ခံယူခဲ့သူဖြစ်ပါသည်။ ထိုစာအုပ်ထဲ၌ခရေစေ့တွင်းကျပင် ရွှေလောကသို့အစိမ်းသက်သက် ဝင်ရောက်ခဲ့ပုံ၊ ယောက္ခမ၏ သင်ကြားပေးမှုဖြင့် တဖြည်းဖြည်းနားလည်လာပုံ၊ ခေတ်ပညာတတ်တစ်ယောက်ဖြစ်သဖြင့် ခေတ် မီစီမံခန့်ခွဲမှုပညာများဖြင့် ပေါင်းစပ်လိုက်သောအခါ သူ့ရွှေဆိုင်သည် တဟုန်ထိုး အောင်မြင်လာပုံ။ သူသင်ယူလာခဲ့သော ဆေးပညာကို နှမျောသော်လည်းဆရာဝန် အဖြစ် ဆေးကုသရန် ရည်ရွယ်ချက် မရှိတော့ပုံများကို အင်တာဗျူးဆောင်းပါး၌ ထည့်သွင်းပြောပြထားပါသည်။
ဆရာဝန်ဖြစ်မှ ဈေးသည်အဖြစ်သို့ ပြောင်းလဲရောက်ရှိသွား သူနှစ်ယောက် အကြောင်းကိုဥပမာအဖြစ်တင်ပြရသော်လည်း အကယ်စင်စစ်အပြင်လောကကြီး ၌ဆရာဝန်ဘွဲ့ရကာမှ အဆိုတော်လုပ်နေသူများ၊ ရုပ်ရှင်မင်းသားမင်းသမီးလုပ်နေ သူများ၊ စာရေးဆရာလုပ်နေသူများ၊ ခြံစိုက်စားနေသူများ၊ ဆေးဆိုင်ဖွင့်ရောင်း နေသူများ၊ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်နေသူများ၊ ပွဲစားလုပ်နေသူများစွာလဲ ရှိသေးသည်။ ဤကမ္ဘာပေါ်ဝယ် မည်သူတစ်ဦးတစ်ယောက်မှ ကိုယ်ရထားသောဘွဲ့နှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်စားပါမည်ဟု သစ္စာဓိဌါန်ပြုထားခြင်း မရှိလေရာ မည်သူမဆို ဘာဘွဲ့ကိုရရ ကိုယ်ကြိုက်တာကိုယ်လုပ်နိုင်သည်မှာ ထို သူများ၏ အခွင့်အရေးဖြစ်သည်။

သို့သော်ပြောစရာရှိသည်မှာ မြန်မာပြည်၏အနေအထားနှင့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံများဖြစ်သည်။ အများသိကြသည့်အတိုင်း မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင် ခွင့်ရွေးချယ်ပုံမှာ ဆယ်တန်းအောင်သော အမှတ်အနည်းများကိုလိုက်၍ အမှတ်အ များဆုံးလူ( )ကို ရန်ကုန်ဆေးတက္ကသိုလ်၊ နောက်ထပ်တိုင်းနှင့် ပြည်နယ်များ မှအများဆုံးလူ ( ) ကို မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်စသည် ဖြင့်လူဦးရေကို အမှတ်ဖြင့်ကန့်၍ ခေါ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် ဥပမာ - အမှတ် အများဆုံးလူ (၁၀ဝ)ကို ဆေးတက္ကသိုလ်တစ်ခုက ခေါ်ယူသည်ဆိုလျှင် အမှတ်တစ် မှတ်မျှကပ်လျော့နေသော (၁၀၁)ယောက်မြောက် ကျောင်းသား၊ ကျောင်းသူမှာ (အမှတ်တစ်မှတ်လျော့နည်းမှုအတွက်နှင့်) မည်မျှဆေးပညာကို တန်ဖိုးထားဝါသနာ ပါသည်ဖြစ်စေ ဆေးတက္ကသိုလ်တက်ခွင့် မရတော့ပေ။ ဆေးပညာကိုမည်မျှဝါသနာ မပါသူဖြစ်စေ ဆယ်တန်းတွင် အမှတ်ကောင်းနှင့်အောင်ပါက ဆေးတက္ကသိုလ် တက်ခွင့်ရရှိမည်ဖြစ်သည်။ ဤနေရာ၌ ဝါသနာမပါဘဲ ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့သော ကျောင်းသား/သူ တစ်ယောက်အတွက် တက်ချင်ပါလျက် အမှတ်တစ်မှတ် နှစ်မှတ်ကြောင့် ကပ်၍ပြုတ်ကျန်ရစ်ခဲ့သော ဆေးပညာကို ဝါသနာပါသည့် ကျောင်း သားမှာ ဘဝနှင့်ချီ၍ နစ်နာရတော့သည်။ ဘွဲ့ရကာမှဆေးမကုပဲ ဈေးသည်လုပ်မည့် ဆေးကျောင်းသားလောင်း တစ်ယောက် အတွက် နေရာဖယ်ပေးခဲ့ရသော (၁၀၁) ယောက်မြောက် ကျောင်းသားမှာသူလည်း ဆရာဝန်မဖြစ်။ သူ့နေရာတွင်အရွေးခံခဲ့ရ သူတစ်ဦးမှာလည်း အချိန်ကုန် လူပန်း၊ နိုင်ငံတော်၏ ဘဏ္ဍာများပြုန်းတီးပြီး သဲထဲ ရေသွန်ဖြစ်ကြခြင်းမှာ စနစ်မကောင်းသောကြောင့်ဖြစ်သည်။

ဆယ်တန်းအောင်စ၊ အသက်(၁၆) နှစ်သာသာအရွယ်သည် ဘဝအတွေ့အကြုံ နည်းသေးသည်ဖြစ်ရာထိုအရွယ်တွင်ဘဝ တစ်ခုလုံးနှင့်ဆိုင်သော တက္ကသိုလ်ဝင်ခွင့်ကို (ပြင်ဆင်ခွင့်မရှိ)တစ်ခါတည်း အပြီးသတ် ရွေးချယ်လျှောက်ထားစေခြင်းမှာ အကောင်းထက်အဆိုးကိုပို၍ ဖြစ်စေမည် ဖြစ်သည်။ ဝါသနာပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ၊ ပါရမီပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ ဆယ်တန်းတွင် မျက်စေ့စုံ မှိတ်ကျက်အားကြောင့် အမှတ်ကောင်းသူသာ ဆရာဝန်ဖြစ်ခွင့်ရှိ၍ အမှတ်မကောင်း သော်လည်း အိုင်ကျူ (IQ) မြင့်သော၊ ဆရာဝန်တကယ်ဖြစ်လိုသော၊ ဆေးပညာ ကိုဝါသနာပါသော၊ လူ့အသက်ကယ်ရတာ ဂုဏ်ယူသောလူငယ်များ ဆရာဝန်ဖြစ်ခွင့် လုံးဝလမ်းဆုံးနေသောစနစ်သည် နိုင်ငံနှင့်လူမျိုးအတွက် မကောင်းသော အကျိုးဆက်များကိုသာ ပေါ်ထွန်းလာစေမည်ဖြစ်သည်။
ထိုစနစ်အစား တက္ကသိုလ်ဒုတိယနှစ်အောင်မှ ဝင်ခွင့်စာမေးပွဲစစ်၍ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်စသည်ဖြင့် လက်သင့်ခံသောစနစ်သည်ပို၍ လူမှန်နေရာမှန် ရွေးချယ်နိုင်ပေ၏။ ကျောင်းသားများအနေနှင့်လည်း အသက်(၁၆)နှစ်အရွယ်တွင်မိဘကခိုင်း၍ လုပ်ရသည်ထက်၊ တက္ကသိုလ်တွင်(၂)နှစ်တက်ပြီးကာမှ ကိုယ့်ဝါသနာကို ကိုယ်အချိန်ယူစဉ်းစားပြီးဆုံး ဖြတ်ခြင်းကပို၍ အမှန်တရားနှင့် နီးစပ်နိုင်ပေသည်။ နိုင်ငံကျော်စာရေး ဆရာမ ကြီးကြည်အေးသည် ရိုးရိုးဝိဇ္ဇာဘွဲ့ (B.A)ဘွဲ့ကိုရယူပြီးမှ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဝင်ဖြေပြီး အောင်မြင်သဖြင့်ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ကြောင်း သိမှတ်ဖူးပါသည်။ ယခုလိုစနစ်မျိုးနှင့်ဆိုလျှင် ဆယ်တန်းအောင်ကတည်းက တစ်ခါတည်း ဆုံးဖြတ်လိုက်သဖြင့် ကြည်အေးလည်းဆရာဝန် ဖြစ်လာနိုင်မည်မဟုတ်ချေ။
နိုင်ငံခြားတိုင်းပြည်များတွင် လူတစ်ယောက်သည် မည်သည့်အသက်အရွယ်သို့ ရောက်နေသည်ဖြစ်စေ ဆေးပညာ အပါအဝင် သက်ဆိုင်ရာဘာသာရပ်တွင် တက္ကသိုလ်တစ်ခုခုက ဝင်ခွင့်စစ်ဆေးပြီး အရည်အချင်းကို ကျေနပ်လက်ခံပါက တက်ရောက်၍ ဆက်လက်ပညာသင်ခွင့် ရှိပေသည်။ ထို့ကြောင့် အသက်ကြီးမှ ပါရဂူဘွဲ့ရသူများ၊ ဆေးပညာဘွဲ့ရသူများ၊ ဘီအေ၊ အမ်အေ၊ ရှေ့နေဘွဲ့ရသူများလည်း မရှားပေ။ ပညာလိုအိုသည်မရှိပေ။

မြန်မာပြည်မှာလိုလူတစ်ရာကိုပဲ ရွေးလိုက်ပြီဖြစ် ၍(၁၀၁)ယောက်မြောက်ပြုတ်ကျန်ခဲ့ပေတော့ဆိုသည်မှာ တိုးတက်သောနိုင်ငံများ ၌မရှိတော့ပေ။ ဤကဲ့သို့ တစ်လမ်းသွား တစ်ဖက်ပိတ် ပညာရေးစနစ်မျိုးကိုသာ ကျင့်သုံးခဲ့မည်ဆိုပါက အမေရိကန်ပြည် ထောင်စု၌ သမ္မတကြီးအေဘရာဟမ်လင် ကွန်းသည်ပင်လျှင် ဥပဒေဘွဲ့ရလာစရာ အကြောင်းမရှိပေ။

ဝါသနာမပါပဲ နုနယ်ပျိုရွယ်စဉ် အသက်(၁၆)နှစ်နှင့် (၂၀)ကြားတွင် မိဘ ကဝင်ဆုံးဖြတ်၍ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်လာရသူများသည် သူတို့ဆန္ဒမပါဘဲ ဘဝကိုရွေးချယ်ခဲ့ရသူများဖြစ်၍ လုပ်ငန်းခွင်၌မပျော်ပိုက်ချေ။ အချို့မှာ အရည် အချင်းမပြည့်မီပေ။ ဆေးရုံဆေးခန်းများ၌ မကြာခဏကြားရတတ်သော ပေါင်းသင်း ဆက်ဆံရေးဆိုးသည့် ဆရာဝန်၊ လူနာ များအား အလွဲလွဲအမှားမှား ကုသမှုပေးသည့် ဆရာဝန်၊ ပေါ့လျော့၍ လူသေစေသောဆရာဝန်၊ ငွေမျက်နှာမှတစ်ပါး အခြားဘာမှ စိတ်မဝင်စားသော ဆရာဝန်၊ လူနာများအား အောက်လက်ငယ်သားသဖွယ် အော်ငေါက်ဆက်ဆံတတ်သော ဆရာဝန် စသည်များမှာ ဝါသနာမပါဘဲဆေးပညာကို ဝါသနာအရမဟုတ်ပါပဲ ဆယ်တန်းအောင်စဉ်ပွင့်လာသော အခွင့်အရေးတံခါး တစ်ချပ်မှတစ်ဆင့် လျှောတိုက်မျှောချလာ ခဲ့သူများဖြစ်သည်။ ဝါသနာကိုအခြေခံကာ ကြိုးစားလာခဲ့သော ဆရာဝန်များကတော့ တစ်စထက်တစ်စ နာမည်ကျော်ကြားကာ အများက လေးစားချစ်ခင်ရသောအောင်မြင်သည့် ဆရာဝန်ကြီးများ ဖြစ်လာကြ သည်သာများလေသည်။

တချို့ကလည်း ဆေးပညာနှင့် ဘွဲ့ရပြီးမှ အခြားဝါသနာပါရာ အလုပ်များသို့ ပြောင်းလဲစွန့်ခွာသွားလေသည်။ ဆရာဝန်တစ်ယောက် သူ့အလုပ်ကို စွန့်ခွာသွားတိုင်း တိုင်းပြည်၌တစ်မျိုးနစ်နာလေသည်။ အထူးသဖြင့် လူတစ်သိန်းလျှင် ဆရာဝန် (၃၀) ယောက်နှုန်းသာရှိသော မြန်မာနိုင်ငံလို နိုင်ငံမျိုး၌ ဆရာဝန်တစ်ယောက်လျော့ သွားခြင်းမှာ လူ(၃၃၃၃)ဦး၏ ကျန်းမာရေးစောင့်ရှောက်မှု ဟာကွက်ကြီးတစ်ခုဖြစ် သွားခြင်းဖြစ်သည်။ ရွှေရောင်းခြင်းကြောင့် ရေပိုက်ရောင်းခြင်းကြောင့် ထိုလူ(၂)ဦး၏ မိသားစုများ ချမ်းသာ ကြွယ်ဝကောင်း ကြွယ်ဝသွားပါမည်။ သို့သော်လူများစု၏ ကျန်းမာရေးစောင့်ရှောက်မှု ကွက်လပ်ကြီး ဖြစ်သွားသည်ကိုကား မည်သို့မျှ အစား မထိုးနိုင်ပါပေ။ နဂိုထဲကဝါသနာမပါ၍ ဝင်မလျှောက်ခဲ့လျှင် ထိုလူနှစ်ယောက်၏ နေရာတွင် အမှန်ကပ်၍ပြုတ်ကျန်ခဲ့သော လူနှစ်ဦးလည်း ဆရာဝန်ဖြစ်မည်၊ နိုင်ငံ တော်နှင့် ပြည်သူတွေအတွက်လဲ အကျိုးရှိမည်။ ဝါသနာမပါပဲ ဆေးကျောင်းတက် ခဲ့ရသော ကျောင်းသားများအတွက်လဲ ခြောက်နှစ်ကျော်ကာလပတ်လုံးငွေကုန်၊ လူပန်းခဲ့သည်များလည်း သက်သာမည်။ အားလုံးအတွက် အကျိုးရှိမည်ဖြစ်သည်။ ဝါသနာအရဖြစ်လာရသောဆရာဝန်၊ အင် ဂျင်နီယာ၊ ဥပဒေပညာရှင်၊ စစ်ဗိုလ် စသည်တို့သည် ဝင်ငွေဘယ်လောက်ပဲ နည်းပါးသည်ဖြစ်စေ ပညာရှင်မာနတော့ ရှိကြမည်ဖြစ်သည်။ မည်မျှဝင်ငွေနည်း သည်ပဲဖြစ်ဖြစ် မိမိရွေးချယ်ခဲ့သော Professional အလုပ်တစ်ခုကို တန်ဖိုးထား လေးစားမည်ဖြစ်သည်။ ကိုယ့်ကိုယ်ကို ဥပမာပေး၍ ပြောရလျှင်တစ်နေ့ကို ငွေ တစ်သိန်းပေးမည်၊ စာရေးခြင်း၊ စာဖတ် ခြင်းကို တစ်သက်လုံးစွန့်လွှတ်ရမည်ဆိုလျှင် ကျွန်တော်သည်ဘယ်တော့မှ လက် ခံမည်မဟုတ်ချေ။ ငွေသည် အရေးကြီးသည် မှန်သော်လည်း လောကကြီး၌ ငွေ ထက်တန်ဖိုးရှိသော အရာများစွာလည်းရှိ ပါသေးသည်။

အခြားနိုင်ငံများ၌လည်း ဆရာဝန်ဘွဲ့ရကာမှ အခြားအလုပ်လုပ်သူများလဲ ရှိသည်ဟု စောဒက တက်ချင်လဲတက်နိုင်ပါသည်။ သို့သော်တိုးတက်ပြီးနိုင်ငံများ၌ လူဦးရေနှင့်စာလျှင်ဆရာဝန်အရေအတွက်မှာ အလွန်များပြားသဖြင့် တစ်ယောက် တစ်လေလျော့သွားခြင်းမှာ မထောင်းသာပါ။ ဥပမာ - အမေရိကန်ပြည်ထောင်စု၌ လူတစ်သိန်းလျှင် ဆရာဝန်(၅၄၉)ယောက် ရှိပါသည်။ ဗြိတိန်တွင် လူတစ်သိန်းလျှင် ဆရာဝန်(၁၆၆)ယောက်၊ စင်္ကာပူတွင် (၁၄၀)၊ အီတလီတွင် (၆၀၆)ယောက်၊ ရုရှားတွင် (၄၁၇)ယောက်၊ တရုတ်တွင် (၁၆၄)ယောက်၊ မြန်မာတွင်(၃၀)ယောက် သာရှိပါသည်။ ရှင်နည်းရာအဂ္ဂလူထွက် ဆိုသကဲ့သို့ မရှိမဲ့ရှိမဲ့ ဆရာဝန်များက ဆေးမကုကြသောအခါ တိုင်းပြည်မှာ မိအေးနှစ်ခါနာဆိုသလို ဖြစ်နေပေသည်။

မြန်မာနိုင်ငံ၌ ပြုပြင်ရမည်မှာ မိဘ တို့၏ (Mind Set) စိတ်နေစိတ်ထားကို လည်းပြင်ရမည်ဖြစ်သည်။ လောကကြီး၌ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်အလုပ် သာ အမြတ်ဆုံးဖြစ်ဘိသည့်အလား ထိုလမ်းကြောင်းသို့ မိမိသားသမီးများကို ဖား စီးငါးစီးအတင်းအဓမ္မ ပုံစံဝင်အောင်လမ်းကြောင်းနေကြခြင်းသည် တကယ်တမ်း၌ ဟုတ်ရောဟုတ်ရဲ့လား၊ ငါ့သားသမီး ဝါသနာနှင့်ရောကိုက်ရဲ့လားဟု တက္ကသိုလ် ဝင်ခွင့်မလျှောက်မီ အပြန်ပြန်အလှန်လှန် စဉ်းစားကြဖို့လိုမည်ဖြစ်သည်။ လူ့လောက၌ ဆရာဝန်အားလုံး လူတော်များ မဟုတ်ကြသလို၊ ဆရာဝန်မဟုတ်သူတိုင်းလည်း လူညံ့များမဟုတ်ကြပါ။ ဝါသနာကို မူတည်၍အံဝင်ခွင်ကျ ကြိုးစားသူများသည် သူ့နယ်ပယ်နှင့်သူ အစွမ်းထက်သော ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်သည်။
အရေးကြီးသည်မှာ လူများသည် မိမိဝါသနာပါရာအလုပ်ကို သင်ကြားခွင့်ရ ကြဖို့ပဲလိုပါသည်။ ထိုသို့မဟုတ်ပါကဆရာ ဝန်ဖြစ်ပြီးမှဈေးရောင်းခြင်း၊ ဈေးသည်ဖြစ် ပြီးမှ အပ်ပုန်းကိုင်ခြင်းစသော ကမောက်ကမကိစ္စများ အတောမသတ်အောင်ဖြစ် လာနေမည်ဖြစ်ပါကြောင်း . . . . .

သရဝဏ်(ပြည်)
ကိုးကား -
World Statistics
Jacaranda Atlas (Sixth Edition)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments: