Thursday, September 26, 2013

ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ



ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ 2010 လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ၌ CD4 Count ကိုယ်ခံအား ၃၅၀ အောက် ရောက်နေသူ ART ဆေးသောက်ရန် လိုအပ်နေသည့် PLHIV လူနာ တစ်သိန်း နှစ်သောင်း(၁၂၀၀၀၀) ကျော်ရှိရာ လူဦးရေ ငါးသောင်းခြောက်ထောင် (၅၆၀၀၀) ကျော် အတွက်သာ အခမဲ့ ဆေးသောက်ခွင့် ရရှိနေသည်ဟု Myanmar Positive Group (MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရှိရသည်။
 
“အီးယူနိုင်ငံများဖြစ်တဲ့ နယ်သာလန်၊ ဂျာမနီ၊ အမေရိကန်၊ ယူကေ၊ ဘရာဇီးနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက အလှူငွေတွေ လှူဒါန်းတယ်။ အခုဆိုရင် ဂျပန် ပါလာပြီ။ ငွေကတော့ လိုအပ်နေဆဲပါပဲ။ ကမ္ဘာ့ရောဂါ သုံးမျိုးရန်ပုံငွေ အဖွဲ့ထဲမှာ TV ရောဂါ၊ HIV၊ ငှက်ဖျားရောဂါ ပါဝင်တယ်။ ကုသရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရောဂါ သုံးမျိုးအဖွဲ့ (၂၉) ဖွဲ့ထားတယ်။ အကောင်အထည်ဖော်တဲ့ အဖွဲ့က (၁၇) ဖွဲ့ပဲ ရှိတယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
UNAIDS ၏ ခန့်မှန်း တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးနှင့် အသက်ရှင်နေထိုင်သူပေါင်း နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) ခန့် ရှိနေပြီး မြန်မာနိုင်ငံ အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁၆) သန်း တိုးပြီး ရရှိထားသော်လည်း ART ဆေးပေး ရန် ရန်ပုံငွေ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ်လေးများသည် သတိပေး ခံရခြင်း၊ တားဆီးခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ Excel Hotel တွင် ကျင်းပပြု လုပ်သည့် 7 th National PLHIV Forum 2013 ပွဲမှ သိရသည်။

“MPG ကွန်ရက်က သက်ဆိုင်ရာ CBO/NGO မဟုတ်သည့် ကိုယ့်အားကိုယ်ကိုးအဖွဲ့ ငယ်လေးများ လုပ်ငန်း မရပ်တန့်စေရေး အတွက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို နောက်ဆုံး အပြီးသတ်ရေးဆွဲပြီး လွှတ်တော်သို့ တင်သွားမယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။ PLHIV များကို ကူညီမှုပေးသည့် အဖွဲ့အစည်းများမှာ ၂၀၁၁ ခုနှစ်တွင် ၂၀၉ ဖွဲ့၊ ၂၀၁၂ ခုနှစ်တွင် ၂၁၄ ဖွဲ့နှင့် ၂၀၁၃ ခုနှစ်တွင် တိုင်းဒေသကြီး ၁၄ ခု၌ အဖွဲ့အစည်း ၁၅၉ ဖွဲ့ အထိ တိုးပွားလာသည်ဟု ၄င်းက ဆိုသည်။

“ကချင်မှာ HIV ရှိသူတိုင်း ၀ယ်သောက်ကျတဲ့ အိုအိုင်လို့ ခေါ်တဲ့ဆေးကို ကျန်းမာရေးဌာနမှာ ကိုယ့်ဘာသာကိုယ် ၀ယ်သောက် ရတယ်။ ကိုယ့်ဘာသာကို ၀ယ်သောက်ဖို့ ခက်ခဲတော့ ဦးနှောက် အမြှေးပါး ရောင်ရောဂါ ရရှိကြတယ်။ နားမလည်တာလည်း ပါတာပေါ့။ မြစ်ကြီးနားမြို့ပေါ်မှာ လူနာ ၈၀ ကျော်မှာ ၇၀ ကျော်လောက်ပဲ ဆေးပေး တယ်။ လိင်ဆက် ဆံတာနဲ့ ဆေးထိုးအပ်ကြောင့် ရောဂါရတာ များတယ်” ဟု ကချင်ပြည်နယ် PLHIV အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၁၆ ခုနှစ်တွင် PLHIV ဝေဒနာ ရှင်များအတွက် ART ဆေး ထပ်မံဝယ်ယူရန် ထောက်ပံ့ပေးမည့် ကမ္ဘာ့ရောဂါ သုံးမျိုး ရန်ပုံငွေ (3D Fund) သည် (၈၅) ရာခိုင်နှုန်း ပြည့်မီနေပြီဖြစ်ကြောင်း Myanmar Positive Group(MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရသည်။

မြစ်မခ - ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ 

HIV ပိုးရှိသူများကို ခွဲခြား ဆက်ဆံမှုအား တရားဝင်ညွှန်ကြားချက်ဖြင့် တားမြစ်ရန် တောင်းဆိုလိုက်
 ပုဂ္ဂလိကဆေးခန်းများတွင် HIV ပိုးရှိ သူများကို ကျန်းမာရေး ဝန်ထမ်းများက ခွဲခြားနှိမ်ချ ဆက်ခံမှုများ မရှိစေရန် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ HIV နှင့် အသက်ရှင် နေထိုင်သူများ ကွန်ရက်က တောင်းဆိုလိုက်သည်။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက HIV ပိုးရှိသူ များအား ခွဲခြားနှိမ်ချဆက်ဆံမှု ပြုလုပ်ခြင်းများကို ကြုံတွေ့နေရသောကြောင့် ဆေးကုသမှု ခံယူရန် အခက်အခဲ တစ်ရပ်ဖြစ်နေသည်ဟု ယင်းကွန်ရက်ကဆိုသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများ၏ HIV ပိုးရှိသူများအပေါ် ဆက်ဆံသည့် အပြုအမူများသည် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ ဆေးကုသလိုခြင်း မရှိစေရန် တွန်းအားပေး သကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

"ပုဂ္ဂလိကဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေကို လိုက်နာရမယ့် ကျင့်ဝတ်တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ တိုက်ရိုက်ထုတ်ပြန် ပေးမှ ဆေးခန်းတွေမှာ ခွဲခြားနှိမ်ချမှုတွေ လျော့နည်း သွားမှာ" ဟု ကွန်ရက် ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။ ထို့ကြောင့် HIV နှင့် နေထိုင်သူများ ကွန်ရက်များက HIV ပိုးရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ အချက်(၆)ချက်ဖြင့် စက်တင်ဘာ ၂၄ ရက်က တောင်းဆို လိုက်ခြင်းဖြစ်သည်။
ထိုတောင်းဆိုချက်များတွင် ART ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် စီမံပေးရန်၊ မြို့နယ်အဆင့် ART စင်တာများတွင် HIV ပိုးကူးစက်ခံရသူများ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရန်၊ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများအား လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု မရှိရန် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားချက် ထုတ်ပေးရန်၊ ထိုသို့ညွှန်ကြားချက် ထုတ်ရန် မူဝါဒတစ်ရပ်ကို ကုလသမဂ္ဂအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းပါဝင်ရန် စသော အချက်များဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

HIV ပိုးရှိသူများအတွက် လိုအပ်နေသည့် ART ဆေးဝါးများကို လက်လှမ်းမီ ရရှိရေးအတွက် မြို့နယ်အဆင့် ART စင်တာများကို တိုးချဲ့ပေးမှသာ လူတိုင်း အေအာတီဆေးဝါးများကို အဆင်ပြေစွာရရှိ လာမည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အေအာတီဆေးသောက်သုံးရန် လိုအပ်နေသော အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အားလုံး၏ ၄၀ ရာခိုင်နှုန်းကိုသာ ဆေးပေးဝေနိုင်သေးသည်။

HIV ဖြင့် အသက်ရှင်နေထိုင်သူများကွန်ရက်၏ သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower တွင် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှ HIV ကွန်ရက် ကိုယ်စားလှယ် နှစ်ရာကျော်က အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ ဝန်ဆောင်မှု ပေးနေသော အဖွဲ့စည်းများသို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။


၂၀၁၆ ခုနှစ်တွင် ART ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များ တိုးချဲ့ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထားကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အနက် ၆၀၀၀၀ ကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်း တွက်ချက်မှုများအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့် ရှိသည်။

ထို့ပြင် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅ အထိ အစိုးရ ဆေးရုံကြီး ၁၇ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနှစ်ခုတို့တွင် အေအာတီ စင်တာအသစ်များ တိုးချဲ့သွားမည် ဖြစ်သည်။
ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလ အထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Eleven - ၂၀၁၆ ခုနှစ်တွင် ART ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား 

No comments: