Sunday, September 22, 2013

ဈေးကွက်စီးပွားရေးနှင့် အဆိပ်အစာများ


အစာလည်းဆေး၊ ဆေးလည်းအစာတဲ့။ အခုတော့ဖြင့် အစာလည်းအဆိပ်၊ အဆိပ်လည်း အစာဖြစ်လို့ နေပါပြီ။ ရက်ပိုင်းအတွင်း ကြားနေရတဲ့ထဲမှာ အစာနဲ့ ပတ်သက်ပြီး ကြားရတဲ့ သတင်းတွေ စုံပါတယ်။ ငါးပိသိပ်တဲ့အထဲ ဓာတ်မြေသြဇာ ရောသိပ်သတဲ့။ ဓာတ်မြေသြဇာ စိမ့်ဝင်တဲ့ ဟင်းသီးဟင်းရွက် စားမိလို့ အစာအဆိပ် သင့်လို့တဲ့၊ စားသောက်ကုန်ပေါင်းစုံ အတုလုပ်နိုင်တဲ့ ပုံးခွံ၊ ပုလင်းခွံတွေ သွင်းလာတယ်တဲ့။ ချရေးပြရင်ပဲ အတော်များများ ရေးနိုင်ပါတယ်။

ဈေးကွက်စီးပွားရေးနှင့် အသင့်စားကုန်များ
ခေတ်က ဈေးကွက်စီးပွားရေးခေတ် ဖြစ်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို အရည်အသွေးကောင်းကောင်း ဈေးကောင်းကောင်းနဲ့ ရောင်းမလား၊ ဈေးချိုချိုနဲ့ အရည်အသွေးညံ့တာ ရောင်းမလား၊ ရှင်းပါတယ်။ ဈေးချိုချို၊ အရည်အသွေး ညံ့တာတွေက ၀ယ်လိုအားများတော့ ဈေးချိုသထက်ကနေ ဈေးပေါပေါနဲ့ အရည်အသွေး ညံ့တာတွေသုံးပြီး ရောင်းလာကြပါတယ်။ ၀ယ်ယူသူတွေကလည်း ၀င်ငွေနဲ့ ချင့်ချိန်ဝယ်ယူကြတော့ အကောင်းစားတွေ လိုချင်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ၀ယ်ကြရပါတယ်။ အခု ၂၁ ရာစုမှာတော့ လူတွေလိုသမျှ အကုန်ဝယ်ယူ နိုင်အောင်လည်း စီးပွားရေး လုပ်ငန်းအသီးသီးက အမျိုးမျိုး ထုတ်လုပ်ရောင်းချ ကြပါတယ်။ မီးဖိုချောင်သုံး စားကုန်မှာတောင် အသင့်ချက်ပြုတ်နိုင်အောင် ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်မှုန့် အစုံကနေ ကြက်သား၊ အသားငါး အသင့်စားဘူးတွေအထိ ရပ်ကွက်ဈေးတွေမှာ၊ Supermarket တွေမှာ လွယ်လွယ်ကူကူ ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။ အခုဆိုရင် ABC စတိုးတွေမှာချက်ပြီး ထမင်းနဲ့ဟင်း တွဲရောင်းတဲ့ ထမင်းဘူးတွေကိုပါ လွယ်လွယ်ဝယ်စားနိုင်အောင် အသင့်စားထုတ်ကုန်တွေဟာ အမျိုးစုံ ရှိပါတယ်။

အဘွားတို့ အမေတို့ ခေတ်ကတော့ ရှင်းပါတယ်။ ငရုတ်သီး၊ ကိုယ်တိုင်နေလှန်း၊ ဆေးကြောပြီး အဖတ်မရှိဖို့ ညက်နေအောင်ထောင်း၊ အချိုမှုန့်အတွက် သား၊ ငါးပြုတ်ရည်ချက်ရတဲ့ အချိုကို အားကိုး၊ လက်ဖက်၊ ငါးပိကို အိမ်မှာကိုယ်တိုင် သိပ်ခဲ့ကြတယ်။ အိမ်ရှင်မ ရွေးမယ်ဆိုရင်တောင် ငရုတ်သီး ညက်ညက်ထောင်းခိုင်းပြီး ရွေးတယ်တဲ့။ မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ နေထိုင်မှု စရိတ်တွေကြောင့် တစ်ဦးတည်းရှာဖွေ ကျွေးမွေးလို့ မလုံလောက်ဘဲ အိမ်ရှိလူကုန် ရှာဖွေကြရပါတယ်။ ဒီအထဲမှာ အိမ်ရှင်မတွေလည်း ပါဝင်ပြီးချက်ပြုတ်မှုတွေမှာ အသင့်ထုတ် ငရုတ်သီးမှုန့်၊ ကြက်သွန်ကြော်၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်တွေ အသုံးပြုပြီး ရုံးချိန်အမီ၊ ကျောင်းချိန်အမီ လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နေကြရပါတယ်။

ဒါ့ကြောင့် ဓာတုဆေးတွေ ဘယ်လောက်ပဲ ဆိုးထားတယ်ပြောပြော၊ ဓာတ်မြေသြဇာတွေနဲ့ သိပ်ထားတယ်ဆိုဆို၊ မသန့်ရှင်းတဲ့ရေ ထိုးရောင်းတဲ့ အသားငါးတွေဟာ ဆက်လက်ရောင်းရမြဲ၊ ရောင်းရဆဲပါပဲ။ စီးပွားရေး သမားတွေကတော့ ကိုယ့်ထုတ်ကုန် များများရောင်း၊ မြန်မြန်ကုန်၊ ပိုက်ဆံမြန်မြန် ရဖို့အတွက် အမြဲတွေးတောပြီး ဈေးကွက်ရှာနေ ကြတာမှာ မသမာတဲ့ နည်းလမ်းတွေသုံးတဲ့ လုပ်ငန်းရှင်တွေဟာ တစ်နေ့တခြား များလာပါတော့တယ်။

အသင့်စားကုန် ဈေးကွက်မှ တရုတ်နှင့်ထိုင်း
ပြည်တွင်းအသင့်စား စားသောက်ကုန် ဈေးကွက်မှာ ဈေးကွက်ဝေစု များများရထား တာကတော့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေက စားသောက်ကုန်တွေက ရထားပါတယ်။ ကလေးတွေစားတဲ့ ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ အသင့်စားကုန်ဖြစ်တဲ့ သကြားလုံး၊ ပီကေ၊ ချောကလက်တွေကနေ မုန်မျိုးစုံကို ဒီဇိုင်းအရောင်အသွေး အစုံနဲ့ ၀ယ်ယူနိုင်ပါတယ်။ ကျွန်မက မင်္ဂလာဈေးမှာ အိမ်နီးချင်း နိုင်ငံတွေက ၀င်လာတဲ့ အသင့်စားကုန် လက်ကားဆိုင်ဖွင့်ပြီး ရောင်းချဖူးပါတယ်။ ရပ်ကွက်၊ ဈေးဆိုင်တွေကနေ ဈေးဝယ်စင်တာ Supermarket တွေဟာ မင်္ဂလာဈေး စားသောက်ကုန်ရောင်းတဲ့ အထပ်မှာ လာဝယ်ကြတာပါ။ ကလေးတွေကြိုက်တဲ့ သရေစာတွေလည်း ရောင်းသလို၊ ကန်တော့ခြင်းတွေထဲ ထည့်တဲ့ ကော်ဖီမစ်၊ စတော်ဘယ်ရီဂျမ်၊ မုန်ပုံးတွေပါ ရောင်းပါတယ်။ ကျောင်းလိုင်းလို့ခေါ်တဲ့ သာရေစာ စားကုန်မှာ ကလေးတွေအကြိုက် အရောင်စုံ၊ အရုပ်ပုံစံ အစုံ၊ အလှအပ အစုံနဲ့ ဆွဲဆောင်နိုင်တဲ့ တရုတ်နိုင်ငံကသွင်းတဲ့ သကြားလုံး၊ ချောကလက်၊ အချိုရည်၊ အချဉ်ထုပ်တွေဟာ ကျောင်းဖွင့်ရာသီမှာဆို အရမ်းရောင်းရပါတယ်။ ဒီသာရေစာတွေမှာ သက်တမ်းကုန်တဲ့ရက်၊ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေကို တရုတ်ဘာသာနဲ့ပဲရေး ထားတာပါ။ တရုတ်စားသောက်ကုန် အများစုမှာ ထုတ်လုပ်တဲ့ ရက်စွဲသာပါပြီး တစ်နှစ်အထိ စားသုံးနိုင်တယ်လို့ ရေးထားပါတယ်။ ဒါကို တရုတ်စာ ဖတ်တတ်လို့သာ သိတာပါ။ ထိုင်းကတော့ အင်္ဂလိပ် ဘာသာနဲ့ ရေးထားပါတယ်။ ထိုင်းစားသောက်ကုန်ကတော့ ထုတ်လုပ်တဲ့ ရက်စွဲ၊ ကုန်ဆုံးတဲ့ ရက်စွဲ ရေးထားပါတယ်။ ဒါပေမဲ့ ကျောင်းဈေးတန်း၊ အိမ်စတိုးဆိုင်၊ Supermarket တွေမှာ ရောင်းချတဲ့ သူတွေကတော့ ဒါတွေကို အထူးတလည် သတိထားပြီး မေးလေ့မေးထ သိပ်မရှိပါဘူး။

ဒီနေ့ခေတ်မှာတော့ စားသုံးသူတွေဟာ လုပ်ငန်းရှင်တွေရဲ့ အမြတ်များများနဲ့ မြန်မြန်ရောင်းရရေးအတွက် အသုံးချခံတွေ ဖြစ်လာရပါပြီ။ အထူးသဖြင့် နေ့စား၊ သာမန်လက်လုပ် လက်စားနဲ့ လစာနဲ့ လုံလောက်အောင် စားနေရတဲ့ လခစား ၀န်ထမ်းတွေဖြစ်တဲ့ ပြည်သူတွေပါပဲ . . . . .

သူတို့ အဓိက ထားတာက အရင်းဘယ်လောက် ရှိလဲ။ အမြတ်ဘယ်လောက် ကျန်မလဲ။ အသစ်အဆန်းက ဘာတွေလဲ ဆိုတာပါပဲ။ စားသောက်ကုန်ဆိုပြီး အထင်မသေးပါနဲ့။ ဒီဇိုင်း၊ ပုံစံ၊ အရောင်အသွေးတွေကို ၀ယ်သူတွေက ကြည့်ပြီးဝယ်တာပါ။ ဒါကြောင့် လက်ကားဆိုင်တွေဟာ တစ်ဖက်နိုင်ငံက သွင်းလာတဲ့ ကုန်သည်တွေ လာသွင်းရင် ဈေးနှုန်းရော၊ ဒီဇိုင်း၊ အရောင်အသွေးနဲ့ ၀ယ်လိုအားအပေါ်ကြည့်ပြီး ဈေးဖြတ်ပါတယ်။ သိသလောက် တစ်ဖက်က သွင်းလာရာမှာ နယ်စပ်တွေကနေ ပစ္စည်းသယ်သူတွေကို ကုန်သည်တွေက သယ်ခိုင်းပြီး မင်္ဂလာဈေးမှာ လာသွင်းကြတာပါ။ ဈေးပေါ်ရောက်မှ ဒိုင်တွေက ကုန်သည်တွေရဲ့ ပစ္စည်းကို ဈေးဖြတ်ပြီး ဆိုင်ငယ်တွေက တစ်ဆယ်၊ နှစ်ဆယ်စားနဲ့ ပြန်ရောင်းပါတယ်။ အဲ့ဒီနောက် ရပ်ကွက်ဈေးဆိုင် အသီးသီးနဲ့ Supermarket တွေကတစ်ဆင့် ပြန်ရောင်းပြီး စားသုံးသူတွေထံ ရောက်လာကြပါတယ်။

ယှဉ်ပြိုင်ရောင်းချ စားသောက်ကုန် ဈေးကွက်
အသင့်စားသောက် ကုန်တွေဖြစ်တဲ့ တရုတ်၊ ထိုင်းစားကုန်တွေဟာ မှောင်ခိုလမ်းကြောင်းက တရားမ၀င်ဘဲ ပြည်တွင်းကို ရောက်လာကြပါတယ်။ ဒါ့ကြောင့် တရားမ၀င် မှောင်ခိုဖမ်းမိတဲ့ အထဲမှာ တရုတ်နဲ့ ထိုင်းတွေကထုတ်တဲ့ စားသောက်ကုန်တွေကို အများဆုံး ဖမ်းမိတာပါပဲ။ တရားမ၀င် မှောင်ခိုဝင်လာတဲ့ တရုတ်နဲ့ထိုင်းက အသင့်စားကုန်တွေကို မလေးရှား၊ ဗီယက်နမ်က စားကုန်တွေက ဈေးကွက်ဝေစု မယှဉ်နိုင်ပါဘူး။ အကြောင်းကတော့ သူတို့က ရေလမ်း၊ သင်္ဘောလမ်းက၀င်ပြီး ကုမ္ပဏီပစ္စည်း သွင်းတာကြောင့် သယ်ယူစရိတ်၊ အခွန် စတာတွေကြောင့် ဈေးနှုန်းပိုင်းမှာ မယှဉ်နိုင်ပါဘူး။
ဒါကြောင့် နယ်စပ်တွေက၀င်တဲ့ တရုတ်၊ ထိုင်း အသင့်စားကုန်တွေကို တော်တော်ယှဉ်ပြီး ရောင်းရပါတယ်။ အဲ့ဒီလို မလေးရှား၊ ဗီယက်နမ်က စားကုန်တွေကို Supermarket တွေက ၀ယ်ယူရောင်းချပြီး အိမ်ဆိုင်၊ စတိုးဆိုင်တွေမှာတော့ သကြားလုံး၊ ပီကေကနေ မုန့်ထုပ်အစုံမှာတော့ တရုတ်၊ ထိုင်းက ထုတ်တာတွေကို ရောင်းတာများပါတယ်။ ပါကင်လှလှ၊ ပစ္စည်းကြီးကြီး ဈေးပေါပေါရှိတဲ့ တရုတ်စားကုန်တွေနဲ့ ဈေးအသင့်အတင့်၊ ပစ္စည်းအသင့် အတင့်ကောင်းတဲ့ ထိုင်းစားသောက်ကုန်တွေကိုပဲ ၀ယ်ယူသူတွေက ပိုနှစ်သက်ပါတယ်။ ဒါတောင် ထိုင်းက အရင်လို မဟုတ်ဘဲ တရုတ်နဲ့အပြိုင် ရောင်းနိုင်အောင် အရည်အသွေးနဲ့ အရွယ်အစားလျှော့ပြီး ယှဉ်ရောင်းလာရပါပြီ။

အဆိပ်ကင်း အစားအစာများနှင့် ကျွန်ုပ်တို့၏၀င်ငွေ
အသင့်စားသောက်ကုန်တွေကို စားသောက်ကြရတဲ့ ယနေ့ခေတ် လူသားတွေဟာ အစားအစာတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ရောဂါမျိုးစုံ ရကြပါတယ်။ အထူးသဖြင့် ကင်ဆာပါ။ ကိုရီးယား ဇာတ်လမ်းတွဲတွေထဲမှာ မင်းသား၊ မင်းသမီး အများစုကို ကင်ဆာရောဂါ အစုံနဲ့ ဇာတ်သိမ်းလိုက်သလို ကျွန်မတို့ နိုင်ငံရဲ့ ကင်ဆာဖြစ်ပွားနှုန်းကလည်း ကမ္ဘာ့အဆင့် ၂ နေရာမှာ ရောက်ရှိပြီး ကင်ဆာရောဂါနဲ့ သေဆုံးကြတာကို နာရေးသတင်းတွေကနေ ကြားသိရပါတယ်။ ဒါကြောင့် စားသုံးသူတွေဟာ ဓာတုကင်းစင်တဲ့ အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို ပိုမိုလိုလား ကြပါတယ်။ ဒီအချိန်မှာပဲ ဈေးကွက်အတွင်းကို ကျန်းမာရေး အတွက်ဆိုပြီး သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ် ရောင်းချတဲ့ Organic အစားအစာတွေနဲ့ အလှကုန်၊ သောက်ဆေးအချို့ ထုတ်လုပ်ရောင်းချမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ Non-Organic စားသောက်ကုန်တွေထက် ဈေးပိုပါတယ်။ ဈေးကောင်းချက်ကတော့ သဘာဝအဆီ အနှစ်နဲ့ ထုတ်လုပ်ထားတဲ့ အသီးအနှံ အာဟာရဖျော်ရည် ပုလင်းတစ်ပုလင်းကို ကျပ်သိန်းချီသလို Organic သစ်သီးကို အခြေခံတဲ့ အလှကုန်တွေကလည်း ကျပ်သောင်းဂဏန်း ရှိပါတယ်။ Organic သစ်သီးတစ်လုံးကို ကျပ်ထောင်ချီ ရှိပါတယ်။ ဒီလို သဘာဝထွက် အစားအစာကို လိုလားကြပေမယ့် ဈေးနှုန်းတွေကို လူတန်းစားအားလုံး လက်လှမ်းမမီပါဘူး။ အခွန်လွတ် ဈေးမှာရောင်းတဲ့ ဟင်းရွက်၊ သစ်သီး၊ ငါးပိတွေကို ဈေးချိုချိုနဲ့ဝယ်ပြီး စားရတဲ့ နေ့စားလုပ်သားတွေ၊ ဘဲဥ၊ ကြက်ဥနဲ့ သင့်တင့်တဲ့ သားငါးတွေကို ၀ယ်ယူပြီး ထမင်းချိုင့် ထည့်ကြရတဲ့ လခစား ၀န်ထမ်းတွေအတွက် Organic အစားအစာ၊ သစ်သီးဆိုတာ ကြားဖူးပြီး စားဖို့ဆိုတာကတော့ အဆင်မပြေပါဘူး။

သာမန် လက်လုပ်၊ လက်စားတွေဟာ အဆိပ်ရှိတယ် ဓာတုဆေးတွေ သုံးထားတယ်၊ ပိုးသတ်ဆေး ရှိတယ်ဆိုတဲ့ ဈေးချိုစားသောက်ကုန်တွေနဲ့ပဲ စားသောက်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြ ရပါတယ်။ ဒါ့ကြောင့် ဒီအရည်အသွေးနိမ့် ဈေးပေါပေါ စားကုန်တွေဟာ ပန်းပန်မြဲ ဖြစ်နေဦးမှာပါပဲ။ ဒီနေ့ခေတ်မှာတော့ စားသုံးသူတွေဟာ လုပ်ငန်းရှင်တွေရဲ့ အမြတ်များများနဲ့ မြန်မြန်ရောင်းရရေးအတွက် အသုံးချခံတွေ ဖြစ်လာရပါပြီ။ အထူးသဖြင့် နေ့စား၊ သာမန်လက်လုပ် လက်စားနဲ့ လစာနဲ့ လုံလောက်အောင် စားနေရတဲ့ လခစား ၀န်ထမ်းတွေဖြစ်တဲ့ ပြည်သူတွေပါပဲ။ ကျွန်ုပ်တို့ နေ့စဉ်စားသောက်ရတဲ့ အစားအစာတွေ သန့်ရှင်းလတ်ဆတ် ကောင်းမွန်ဖို့ဆိုရင် ဘယ်သူတွေကို လက်တို့အသိပေး ရမှာပါလဲ။

No comments: