Tuesday, September 10, 2013

စာနယ်ဇင်းတွေ လုံးဝနှောင်ကြိုးမဲ့ ဖြစ်ပါစေ

“ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ”ဆိုတဲ့ စကား စာနယ်ဇင်းတွေမှာ မပြတ်ဆိုသလို တွေ့နေရတယ်။ စီးပွားရေးသမားကို သွား တွေ့တဲ့အခါ စီးပွားရေးသမားက ဒီလိုပြောသလို နိုင်ငံရေးသမားတို့ ဖျော်ဖြေရေးလောကသားတို့နဲ့ သွားတွေ့တော့လည်း ဒီစကားပဲ ပြောတတ်ကြတယ်။

နှောင်ကြိုးအတည်းမခံရဘူး
“သာမန်ကာလျှံကာ” စဉ်းစားရင် ဒီစကားဟာ မှန်တဲ့ကောင်းတဲ့စကားပဲ။ လူတွေချင်း အပြန်အလှန် ရိုင်းပင်းကူညီကြ အမှီသဟဲပြုနေကြတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒါပေမဲ့ စာနယ်ဇင်းများအတွက်တော့ ဒီစကားဟာ အကြွင်းမဲ့မှန်တယ်၊ ကောင်းတယ်လို့ ဆိုနိုင်လိမ့်မယ်မဟုတ်ပါဘူး။ စာနယ်ဇင်းဆိုတာ အမှီအခို လုံးဝကင်းရပါတယ်။ နှောင်ကြိုး နည်းနည်းကလေးမှကို အတည်းခံလို့ မဖြစ်ပါဘူး။ နှောင်ကြိုးနဲ့ အမှီအခိုရှိနေတယ်ဆိုရင် ရပ်တည်ချက်က ယိမ်းကယိုင်နဲ့ တိမ်းစောင်းနိုင်တယ်။ မျက်နှာကြည့်နေရသူရဲ့ဘက်ကို နည်းနည်းလေး ဖြစ်ဖြစ်တော့ ယိမ်းရမှာသေချာတယ်။ အဲဒီလို ယိမ်းလိုက်တာနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတော့ဘူး။ စာနယ်ဇင်းသမား အာပတ်သင့်သွားပြီ။

အမြဲနှာခေါင်းရှုံ့တယ်
စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ စာစောင်မျိုးကို စာဖတ်ပရိသတ်က လုံးဝ အထင်မကြီးပါဘူး။ အယုံအကြည်မရှိပါဘူး။ စာဖတ်ပရိသတ်ရဲ့ ယုံကြည်မှု ဆုံးရှုံးခြင်းဆိုတာ စာနယ်ဇင်းများအတွက် စောင်ရေတွေ ဆုံးရှုံးခြင်းဖြစ်တယ်။ စောင်ရေကျဆင်းမှုသိပ်များရင် စာစောင်ရပ်သွားဖို့ပဲရှိတော့တယ်။ မရပ်အောင် ကြော်ငြာရှင်တွေကို မျက်နှာချိုသွေးပြီးကြော်ငြာတွေနဲ့ ကျားကန်ပေးလည်း ကြာကြာထိန်းထားနိုင်ဖွယ် မရှိပါဘူး။ ကြော်ငြာရဖို့ အတွက် စီးပွားရေးသမားတွေကို မျက်နှာချိုသွေးလွန်းရာကနေပြီး စီးပွားရေးသမားတွေရဲ့ အသုံးချခံသက်သက် ဖြစ်သွားတတ်တာကြောင့်ပါ။ ဒီလို စာစောင်မျိုးကို စာဖတ်ပရိသတ်က အမြဲတမ်း နှာခေါင်းရှုံ့ပါတယ်။

"ဘယ်ခေတ်မှာမဆို လက်ကိုင်တုတ်စာနယ်ဇင်းတွေ ပေါ်ခဲ့ကြ၊ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကြာကြာမခံကြပါဘူး။ စာဖတ်ပရိသတ်ကမှ အားမပေးတာ။ စာဖတ်ပရိသတ်က လုံးဝလွတ်လပ်၊ လုံးဝ အမှီအခိုကင်းပြီး ဘယ်သူ့လက်ကိုင်တုတ်မှ အဖြစ်မခံတဲ့ စာနယ်ဇင်းသိက္ခာ အပြည့်အ၀စောင့်ထိန်းလိုက်နာတဲ့ စာနယ်ဇင်းမျိုးကိုမှ စွဲစွဲမြဲမြဲ ဖတ်တာဖြစ်တယ်။ လူငယ်တွေအနေနဲ့ နှောင်ကြိုးမဲ့စာနယ်ဇင်းသမားဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ် ..."

ရင်းနှီးအောင်ပေါင်း
နိုင်ငံရေးလောကနဲ့ ဖျော်ဖြေရေးလောကမှာလည်း သူတို့အတွက်အခမဲ့ကြော်ငြာပေးမယ့် စာနယ်ဇင်းတွေကို ရှာကြမြဲဖြစ်တယ်။ ဘယ်လိုစာနယ်ဇင်းနဲ့ ဘယ်လိုစာနယ်ဇင်းသမားတွေကို သိမ်းသွင်း အသုံးချလို့ ရမလဲဆိုတာ အမြဲတမ်းလေ့လာအကဲခတ်လေ့ ရှိတယ်။ အမြှောက်ကြိုက်သူကို မြှောက်ပေး၊ အသောက်ကြိုက်သူကို အသောက်ပေး၊ အစားကြိုက်သူကို အစားပေး၊ လက်ဆောင်ကြိုက်သူကို လက်ဆောင်ပေးပြီး ရင်းနှီးအောင်ပေါင်းကြတယ်။ ရင်းနှီးမှုရပြီဆိုတာနဲ့ ကောင်းကောင်း အသုံးချတော့တာပါပဲ။

ပခုံးထမ်းတင်တာ ကိုယ့်အလုပ်လား
ဖျော်ဖြေရေးလောကသားတွေက ဖုန်းဆက်ခေါ်တာနဲ့ ချက်ချင်းပြေးသွား၊ မွေးနေ့ ဖိတ်စာဝေခိုင်းရင် ဝေပေးလုပ်နေကျကနေပြီး အဆင်မပြေဖြစ်တော့မှ ပခုံးနဲ့ထမ်းတင်ပေးခဲ့ရတဲ့ ကျေးဇူးတွေကို မသိတတ်သူတွေဆိုတဲ့ အောက်ကလိအာ စကားတွေ ပြောကြရေးကြတာ မကြာခဏကြားဖူး ဖတ်ဖူးတယ်။ ပခုံးနဲ့ထမ်းတင်ပေးတဲ့အလုပ်က စာနယ်ဇင်းသမားအလုပ်လား။ ကိုယ့်အလုပ်မဟုတ်တာကို လုပ်ချင်လို့သွားလုပ်ပြီးမှ စကားနာထိုးတာ ကြားရတာ ရယ်စရာကောင်းတယ်။ ဖုန်းဆက်ခေါ်တယ်ဆိုတာက ခေါ်လို့ရတဲ့သူမှန်းသိလို့ ခေါ်တာပါ။ လူတိုင်းကို ခေါ်ရဲတာမဟုတ်ပါဘူး။ ဘယ်သူမပြုမိမိမှုသာဖြစ်တယ်။

ကျေးဇူးရှင် မရှိရဘူး
စာနယ်ဇင်းရဲ့အလုပ်က အဖြစ်မှန် သတင်းမှန်တွေကို အမြန်ဆုံးအတိကျဆုံး စာဖတ်ပရိသတ်သိရအောင် တင်ပြပေးဖို့နဲ့ လိုအပ်ရင် ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ကြဖို့ပဲ ဖြစ်တယ်။ ဘယ်သူ့ကိုမှ ပခုံးနဲ့ထမ်းတင်ပေးဖို့ မဟုတ်သလို ဘယ်သူ့အတွက်မှ ပေါင်းကူးတံတားခင်းပေးဖို့လည်း မဟုတ်ဘူး။ မှန်တာရေးဖို့ကလွဲပြီး စာနယ်ဇင်းသမားမှာ ဘာတာဝန်မှမရှိဘူး။ ဘယ်သူနဲ့မှ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီမဖြစ်စေရဘူး။ စာနယ်ဇင်းသမားကြည့်ရမယ့် မျက်နှာတစ်ခုပဲရှိတယ်။ အဲဒါက စာဖတ်ပရိသတ် ပြည်သူလူထုကြီးရဲ့ မျက်နှာဖြစ်တယ်။
မြန်မာစာဖတ် ပရိသတ်ကလည်း စာဖတ်ရည်သိပ်ဝပြီး သိပ်အကင်းပါးတာ။ အင်္ဂလိပ်စကားမှာ (Read between the lines) ဆိုတဲ့ စကားရှိတယ်။ စာကြောင်းတစ်ကြောင်းစီ တစ်ကြောင်းစီရဲ့ကြားက နောက်ကဆိုလိုရင်း အဓိပ္ပာယ်ကို မြင်အောင်ဖတ်တယ်ဆိုတဲ့ သဘောဖြစ်တယ်

စာတစ်လုံးစီရဲ့နောက်ကွယ်မှာ
မြန်မာစာဖတ်ပရိသတ်က စာကြောင်းတွေနောက်က ဆိုလိုချက်ကိုသာ မဟုတ်ဘူး။ စာတစ်လုံးစီ စာတစ်လုံးစီရဲ့ နောက်ကွယ်က ဆိုလိုချက်တွေကိုပါ မြင်အောင်(Read between the words) လုပ်နိုင်စွမ်းရှိကြသူတွေ ဖြစ်တယ်။ နိမိတ်ပုံတွေ၊ ၀င်္က၀ုတ္တိအလင်္ကာတွေ ဘယ်လောက်နက်နေနေ လက်တစ်ဆုံးနှိုက်ပြီး အဓိပ္ပာယ်ဖော်နိုင်ကြတယ်။ အဲဒါကြောင့် ဘယ်စာနယ်ဇင်းတွေနဲ့ ဘယ်စာနယ်ဇင်းသမားတွေဟာ ဘာတွေကို မျှော်ကိုးပြီး လုပ်နေကြတယ်၊ ဘယ်သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်တယ် ဆိုတာတွေကို ကောင်းကောင်းကြီး သိကြတယ်။

နှောင်ကြိုးမဲ့ဖြစ်ကြပါစေ
ဘယ်ခေတ်မှာမဆို လက်ကိုင်တုတ် စာနယ်ဇင်းတွေ ပေါ်ခဲ့ကြ၊ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကြာကြာမခံကြပါဘူး။ စာဖတ်ပရိသတ်ကမှ အားမပေးတာ။ စာဖတ်ပရိသတ်က လုံးဝလွတ်လပ်၊ လုံးဝအမှီ အခိုကင်းပြီး ဘယ်သူ့လက်ကိုင်တုတ်မှ အဖြစ်မခံတဲ့ စာနယ်ဇင်းသိက္ခာအပြည့်အ၀ စောင့်ထိန်းလိုက်နာတဲ့ စာနယ်ဇင်းမျိုးကိုမှ စွဲစွဲမြဲမြဲဖတ်တာ ဖြစ်တယ်။ လူငယ်တွေအနေနဲ့ နှောင်ကြိုးမဲ့စာနယ်ဇင်းသမားဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။

(၂၀၁၂ ခုနှစ် ဇွန်လထုတ် ဆရာလူထုစိန်ဝင်း၏ ““ငြင်းခုံကြပါစေ၊ ပန်းတိုင်းပွင့်ပါစေ”” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်) 

 
အယ်ဒီတာ

No comments: