Tuesday, August 23, 2011

ပျော်ရွှင်ကြည်နူးမှုအပေါင်းနဲ့ပြည့်နေတဲ့ Madagascar

သွားနေကျခရီးစဉ်မျိုးလည်းမဟုတ်ပါ။ ဒီတစ်ခါတော့ ထူးထူးခြားခြား အာဖရိကတိုက်နဲ့နီးပြီး အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းကိုသွားခဲ့ပါတယ်။ အဲဒီကျွန်းလေးမှာ ရာသီဥတု သုံးရာသီရှိပြီး လူမျိုးစု(၁၈)မျိုးရှိပါတယ်။ ကမ္ဘာပေါ်မှာတွေ့ရဖို့ရှားပါးတဲ့ တိရစ္ဆာန်တွေရယ်၊ အပင်မျိုးစုံရယ်ကိုလည်း အံ့သြစွာတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ ရာသီဥတုကလည်း ထူးခြားကွဲပြားပါသေးတယ်။ အကောင်းဆုံးသွားရောက်လည်ပတ်သင့်တဲ့အချိန်ကတော့ မေလေနဲ့နိုဝင်ဘာလကြားပဲဖြစ်ပါတယ်။ အဲဒီကျွန်းရဲ့ ထူးခြားချက်ကတော့ ရာသီဥတုက တစ်နေရာနဲ့တစ်နေရာ မတူဘဲကွဲပြားနေလို့ပါပဲ။

မြို့တော် Antananarivo ဟာဆိုရင် ကျွန်းရဲ့အလယ်ဗဟိုမှာရှိတဲ့ တောင်တန်းကြီးပေါ်မှာရှိတဲ့အတွက်ကြောင့် အပူချိန်ဟာဆိုရင် (၁၂) ဒီဂရီစင်တီဂရိတ်ကနေ (၂၆)ဒီဂရီစင်တီဂရိတ်ကြားရှိတယ်လို့ သိရပါတယ်။ အနောက်ဘက်ကမ်းခြေမှာတော့ ပူနွေးခြောက်သွေ့တဲ့ အတွက် အပူချိန်ဟာဆိုရင် (၂၀)ဒီဂရီစင်တီဂရိတ်မှ (၂၉)ဒီဂရီစင်တီဂရိတ်ကြားရှိတယ်။ အရှေ့ဘက်ကမ်းခြေမှာဆိုရင်တော့ မိုးကပုံမှန် ဆိုသလို ရွာသွန်းနေပါတယ်။


Madagascar မှာ လူမျိုးစုပေါင်း (၁၈)စုရှိပါတယ်။ အဲဒီလူမျိုးစုတွေထဲမှာတော့ အာဖရိကသားတွေ၊ အိန္ဒိယသားတွေ၊ အာရပ်လူမျိုးတွေ၊ တရုတ်လူမျိုးနဲ့ မလေးမျိုးနွယ်တွေက သင်္ဘောသားတွေက ဆင်းသက်လာတဲ့ လူမျိုးစုတွေရှိသလို ပြင်သစ်မျိုးနွယ်တွေအပြင် Zanatany လို့ခေါ်တဲ့ မျိုးနွယ်စုတွေလည်းရှိပါတယ်။


Madagascar နိုင်ငံသားတွေဟာဆိုရင် သူတို့ရဲ့မြို့တော်ကို Tana ဆိုပြီး နှစ်သက်စွာခေါ်ဝေါ်သမုတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် Tana ဟာအမြဲတမ်းပျားပန်းခတ်နေတဲ့ သင်္ဘောဆိပ်တစ်ခုပါ။ အဆိုပါဆိပ်ကမ်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရန်သူတွေရန်မှကာကွယ်ရန် စစ်သည်တော်တစ်ထောင် အစောင့်ထားကာကွယ်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ City of a Thousand လို့လည်းခေါ်ဝေါ်ပါသေးတယ်။ လက်ရာမြောက်လှတဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုဖို့အတွက် Madagascar ရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ Avaradrova ကိုလည်း သွား ရောက်ခဲ့ပါသေးတယ်။ Merina စတိုင်လ်အ၀တ်အစား၊လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်းများကို ဈေးသက်သက်သာသာနဲ့ Andravohangy Artisanal Market မှာလည်း ဈေးဝယ်ထွက်ခဲ့ပါသေးတယ်။ အမြင့်မှာရှိတဲ့အတွက် လေကလည်းထန်လှပါတယ်။ ဒါပေမဲ့ အစားကိုလည်းမက်တဲ့ ကျွန်တော်ကတော့ Tekka ဈေးနဲ့ Arab လမ်းကိုကူးချီသန်းချီလုပ်ပြီး မစားဖူးတဲ့အစားအစာတွေကို အငမ်းမရ မြည်းစမ်းခဲ့ပါသေးတယ်။


Tulear ကျွန်း

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးသန္တာကျောက်တန်းဖြစ်တဲ့ Madagascar မှာရှိတဲ့ Tulear ကျွန်းတစ်ဝိုက်မှာ ရေငုပ်ခြင်း၊ ဒိုင်ဗင်ထိုးခြင်း တွေကိုပြုလုပ်နိုင်သလို ပင်လယ်ရေအောက်ရဲ့ သဘာဝအလှတွေကိုလည်း ခံစားနိုင်ပါတယ်။ တည်းခိုဖို့အတွက်ရော၊ စားသောက်ဖို့ အတွက်ပါ ပူပန်စရာမလိုပါဘူး။ အီတလီလူမျိုးတွေ ဖွင့်ထားတဲ့ Laguna Blu Resort မှာတည်းခိုနိုင်သလို လျှပ်စစ်အတွက် နေရောင် ခြည်သုံး လျှပ်စစ်ကိုလည်းစီစဉ်ပေးထားပါတယ်။ အစားအသောက်မှာဖို့အတွက် အဆင်သင့်ပြုလုပ်ထားတဲ့ အစားအစာ စာရင်း(Menu) မရှိဘဲ ကိုယ်စားချင်တာကို ကြိုက်သလိုမှာလို့ရပါတယ်။ လတ်ဆတ်တဲ့ပင်လယ်စာကို အရသာရှိရှိစားနိုင်အောင်ရေလုပ်သားတစ်ဦးကို စားဖိုမှူးက ရေငုပ်ပြီးငါးဖမ်းဖို့အတွက် စီစဉ်ပေးပါတယ်။ ဒိုင်ဗင်ထိုးနည်း သင်ချင်တယ်ဆိုလည်း အဆင်သင့်သင်နိုင်အောင် ဆရာလည်း စီစဉ်ပေးထားပါတယ်။


Madagascar ရဲ့သဘာဝမွှေးရနံ့ဆီ

Madagascar ရဲ့ သဘာဝရနံ့နဲ့ပြုလုပ်ထားတဲ့ အဆီဟာလည်း ထင်ရှားလှသလို အရည်အသွေးကလည်း ထိပ်တန်းဖြစ်ပါတယ်။ သဘာဝရနံ့၊ သဘာဝအဆီဖြစ်တာကြောင့် လိမ်းလိုက်ရင် အသားထဲကို အလွယ်တကူစိမ့်ဝင်သွားပါတယ်လို့ ဒေသခံတွေက ဆိုကြ ပါတယ်။ Madagascar လူမျိုးတွေရဲ့ အပြောကတော့ ပခုံးနဲ့ခေါင်းပိုင်း ဆီလိမ်းနိုင်ခြင်းကို ပြုလုပ်ပြီးနောက် မိနစ်(၂၀)ကြာရင် ခြေ ထောက်ကိုပွတ်တိုက်ကြည့်ရင် ခန္ဓာကိုယ်အနှံ့ကို ရနံ့ဆီတွေ အလွယ်တကူစိမ့်ဝင်သွားမှုကို လက်တွေ့သိရှိနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း The Hotel Colbert မှာ တူရကီနည်းပညာ Anti-cellulite အကြောပြင်နှိပ်နယ်ခြင်းကိုသွားရောက်ပြီး အကြောပြင်အပန်းဖြေခဲ့ပါတယ်။ ရနံ့လေးတွေကလည်း သင်းပျံ့သလို နည်းပညာဟာလည်း ထူးခြားတဲ့အတွက် ခန္ဓာကိုယ်ဟာ တကယ့် ကို ပေါ့ပါးလန်းဆန်းသွားပါတယ်။


Madagascar နဲ့ဝေလငါး

နောက်ထပ်ထူးခြားတာက မြူးကြွနေတဲ့ ဝေလငါးကြီးတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါဝေလငါးကြီးတွေဟာ ရေခဲတွေဖုံးလွှမ်း နေတဲ့ ၀င်ရိုးစွန်းကနေ နွေးထွေးလှတဲ့ ရေပြင်ရှိတဲ့ Madagascar ရဲ့ Antongil ကမ်းခြေကို မိတ်လိုက်ဖို့အတွက် ကူးခပ်လာကြတာပါ။ အဲဒီဝေလငါးကြီးတွေကို တွေ့ချင်တယ်ဆိုရင်တော့ ဇူလိုင်လနဲ့ စက်တင်ဘာလကြားထဲကိုသွားမှ တွေ့ရမှာဖြစ်ပါတယ်။


Andasibe – Mantadia National Park

Madagascar ကိုလာရောက်လည်ပတ်သူအများစုဟာ တိရစ္ဆာန်တွေကို သွားကြည့်ကြပါတယ်။ Madagascar ကျွန်းပေါ်မှာ တိရစ္ဆာန်မျိုး ပေါင်း (၂)သောင်းကျော်၊ နို့တိုက်သတ္တ၀ါမျိုးပေါင်း (၁၀၈)မျိုးရှိတယ်လို့ဆိုပြီး အခြားဒေသတွေမှာတွေ့ရဖို့မလွယ်ဘူးလို့လည်း သိခဲ့ရ ပါတယ်။ အဲဒါကြောင့် Nosy Be Hotel ကစီစဉ်ပေးတဲ့ သဘာဝခရီးသွားအဖွဲ့နဲ့အတူ အလွန်ကြီးများပြီး တောထူတဲ့ Andasibe-Mantadia National Park ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ တောထဲမှာတော့ တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ အမည်မသိတိရစ္ဆာန်မျိုးစုံ ကိုတွေ့ရသလို မျောက်ခန္ဓာကိုယ်နဲ့ မြေခွေးမျက်နှာရှိတဲ့အကောင်ရဲ့ ထူးထူးခြားခြားအော်သံကိုလည်း နားဆင်ခဲ့ရပါတယ်။ အဲဒီ အကောင်ရဲ့ အော်သံက အရေးပေါ်ကားမောင်းလာတဲ့အခါ အရေးပေါ်ဟွန်း ဂျေးကပ်သွားလို့မြည်တဲ့အသံလိုဖြစ်နေပါတယ်။


ကျွန်တော်လည်း အသံတုမလုပ်တတ်တဲ့ အတွက်ကြောင့် စာဖတ်သူသူငယ်ချင်းတို့ စိတ်ကူးထဲမှာကြားနိုင်အောင်ပဲ ပုံဖော်ပေးလိုက်ပါ တယ်။ အဲဒီတောအုပ်ထဲကိုသွားမယ်ဆိုရင်တော့ တစ်ရက်စာဝင်ကြေးက အမေရိကန်ဒေါ်လာ(၂၀)လောက်ပေးရပြီး နှစ်ရက်စာဆိုရင် တော့ အမေရိကန်ဒေါ်လာ (၃၀)လောက်ပေးရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်း သတင်းပေးရင်းနဲ့ ဒီတစ်ပတ်ခရီးစဉ်ကို အဆုံးသတ်လိုက် ပါတယ်။


Trip Info: http://www.lonelyplanet.com/madagascar

Credit: www.thebloommagazine.com

No comments: