Saturday, August 27, 2011

နိုင်ငံခြားသားအိမ်ခြံမြေပိုင်ဆိုင်ခွင့် ရှိမရှိဆိုတာ

(အထက်တန်းရှေ့နေ ဦးမောင်မောင်လတ်နဲ့တွေ့ဆုံခြင်း)


ရန်ကုန်၊ဇူလိုင် ၁၄ - အိမ်ခြံမြေတွေအ၀ယ်လိုက်လာတဲ့အခါမှာ နိုင်ငံခြားသားကနေ မြန်မာတစ်ဦးဦးအမည်ခံနဲ့ဝယ်တာလားဆိုတဲ့ အတွေးတွေရှိလာကြပါတယ်။


နိုင်ငံခြားသားတွေက အမည်ခံနဲ့မြေကြီးတွေကို နေရာကောင်းတွေမှာ ၀ယ်တဲ့အတွက် မြန်မာတွေ ကတော့ မြို့စွန်ထွက်ကြရ တယ်ဆို တာတွေ ပြောဆိုကြတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေအရ အိမ်ခြံမြေကို နိုင်ငံခြားသားဝယ်ယူခွင့် ရှိမရှိ၊ ပိုင်ဆိုင်ခွင့်ရှိမရှိဆိုတာကို အထက်တန်းရှေ့နေ ဦးမောင်မောင်လတ် ကို သူ့ရုံးမှာ သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက် ပါတယ်။


မော်ဒန်  ။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဘယ်လို လူမျိုးတွေက မြေ၀ယ်ယူခွင့်ရှိပါသလဲဆရာ။


ဦးမောင်မောင်လတ်။ ။  မြန်မာနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က လွှတ်တော်ဥပဒေအမှတ် (၁)နဲ့ ပြဋ္ဌာန်းခဲ့ပြီး အဲသည်နှစ်မှာ နည်းဥပဒေတွေကို အမိန့်ကြော်ငြာစာအမှတ် ၂/၈၇ နဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်။ ၁၉၈၇ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၁)ပြဋ္ဌာန်းခဲ့တဲ့အချိန်မှာပဲ ၁၉၄၇ခုနှစ်က မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ကန့်သတ်တဲ့ဥပဒေနဲ့ နည်းဥပဒေ ကို ရုပ်သိမ်းခဲ့တယ်။ အခုလက်ရှိမှာတော့ ၁၉၈၇ခုနှစ် ပြဋ္ဌန်းခဲ့တဲ့ ဥပဒေက အသက်ဝင်ကျင့်သုံးနေတုန်းပဲ။ အဲသည်ဥပဒေအရဆိုရင် လက်ရှိမှာ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ၀ယ်ယူခွင့်ရှိသူများသည် (နိုင်ငံသား)၊ (ဧည့်နိုင်ငံသား)နဲ့ ပြုနိုင်ငံသား(နိုင်ငံသားပြုခွင့်ရသူ) တို့ ဖြစ်တယ်။ ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်း ခံစားခွင့်ရှိတယ်။ ဒါပေမဲ့ ဧည့်နိုင်ငံသားနဲ့ ပြုနိုင်ငံသားတွေ ကို နိုင်ငံသားအဖြစ်က ရပ်စဲခြင်းခံရရင်တော့ နိုင်ငံခြားသားပြန်ဖြစ်သွားတယ်။ သူတို့အနေနဲ့ ပြစ်မှုတစ်စုံတစ်ရာ ပြုလုပ်ပြီး ပြစ်ဒဏ်ကျ ခံရရင် ရပ်စဲသွားနိုင်တယ်။


မော်ဒန်  ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။


ဦးမောင်မောင်လတ်။   ။ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းဆိုတာ မြေ၊ မြေမှ ဖြစ်ထွန်းတဲ့ အကျိုးခံစားခွင့်များ၊ မြေ၌ဆောက်လုပ်ထားသော သို့မဟုတ် တည်ရှိသော အဆောက်အအုံနဲ့ အရာဝတ္ထုများ၊ ယင်းအဆောက်အအုံ၌တပ်ဆင်ထားသော အရာဝတ္ထုတွေကို ဆိုလိုတယ် ဆိုပြီး ပါရှိတယ်။


မော်ဒန်။  ။ သည်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို အမည်ခံနဲ့ဝယ်ယူထားပြီး နိုင်ငံခြားသားကတစ်ဆင့် ၀ယ်ယူထားတာလို့သိရင် တရား စွဲဆိုလို့ရပါသလား။


ဦးမောင်မောင်လတ်။  ။ တရားစွဲချင်ရင် ပြည်ထဲရေးဝန်ကြီးဌာနကို အရင်ခွင့်ပြုမိန့်တောင်းရတယ်၊ ဥပဒေနဲ့အညီ အမွေဆက်ခံခွင့် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းလို့ရတယ်။ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ရက်ပေါင်း၉၀အတွင်း အယူခံခွင့်ရှိတယ်။ နိုင်ငံတော်နဲ့အကျိုးတူ ကိစ္စရပ်တွေအတွက် စာချုပ်ချုပ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဆိုရင် သည်ဥပဒေနဲ့ မသက်ဆိုင်ဘူးဆိုပြီး ပုဒ်မ ၁၅အရ ကင်းလွတ်ခွင့်ပေးထားတယ်။


ဥပဒေအရနိုင်ငံပိုင်ပစ္စည်းကို ကာကွယ်ထားတဲ့ သဘောမှာရှိတယ်။ အမည်ခံပြီး ၀ယ်ရင် အမည်ခံပေးသူကလည်း ဥပဒေနဲ့ငြိစွန်းနိုင် တယ်။ အထောက်အထားခိုင်ခိုင်လုံလုံပြရင်တော့ တရားစွဲဆိုနိုင်တယ်။ ဥပဒေအရကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို လုပ်ပိုင်ခွင့်ပေး ထားတာမျိုး။


မော်ဒန်။  ။ အိမ်ခြံမြေအကျိုးဆောင်တွေကရော နိုင်ငံသားအမည်ခံဝင်ပြီး ၀ယ်ပေးတဲ့အခါ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ရင် ငြိနိုင် ပါသလားဆရာ။


ဦးမောင်မောင်လတ်။   ။ အိမ်ခြံမြေအကျိုးဆောင်ကတော့ ရောင်းသူ၊၀ယ်သူဆီကလိုအပ်တဲ့အထောက်အထားတွေတောင်းမှာပဲ။ ၀ယ်သူ က လိပ်စာ၊ မှတ်ပုံတင်၊ နိုင်ငံသားဆိုတာကို ပြရမှာလေ၊ နိုင်ငံသားအမည်ခံပေးသူက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ဆိုရင် စာချုပ် စာတမ်းမှတ်ပုံတင်ဥပဒေအရ အမည်ခံပြီးဝယ်ပေးတဲ့ နိုင်ငံသားကတော့ တရားဝင်သွားတာမျိုး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအနေနဲ့ အားပေးကူညီသူအနေနဲ့ မငြိနိုင်ဖို့ဆိုရင် အသေးစိတ်အချက်အလက်တွေကို တောင်းဖို့လိုအပ်တယ်။ နိုင်ငံခြားသား၊ နိုင်ငံခြားသူ တစ်ဦး ဦးက မြန်မာအမျိုးသား၊ မြန်မာအမျိုးသမီးတစ်ဦးဦးနဲ့ လက်ထပ်ပြီး အဲသည်မြန်မာအမျိုးသား၊ အမျိုးသမီး နာမည်နဲ့ဆိုရင်တော့ မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်းတွေ ၀ယ်ယူလို့ရတယ်။


မော်ဒန် ။  ။ ဆရာ့အနေနဲ့ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။


ဦးမောင်မောင်လတ်   ။ နိုင်ငံခြားသားကို အိမ်ငှားရင်တောင် ဗီဇာတို့၊ ပတ်စ်ပို့စ်တို့နဲ့ဆိုရင် တစ်နှစ်ပဲငှားလို့ရတယ်။ တစ်နှစ်ပြီးနောက် တစ်နှစ်ထပ်ချုပ်ရင် renew လုပ်ပြီးချုပ်ရတယ်။ ဥပဒေကတော့ နိုင်ငံခြားသားကို အမည်ခံပေးပြီး ၀ယ်ပေးထားတဲ့ နိုင်ငံသားက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားပြန်မလာနိုင်ရင် အမည်ခံသွားသူက အကျိုးခံစားခွင့်ရသွားတာမျိုး။


မော်ဒန်  ။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။


အေးလပြည့်


Credit: မော်ဒန်သတင်းဂျာနယ်၊ ၂၂ ဇူလိုင်လ ၂၀၁၁

No comments: