Tuesday, August 23, 2011

မပင်ပန်းစေဘဲ ကိုယ်အလေးချိန်လျှော့ချချင်သလား

ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုနေလို့ ၀ိတ်ချချင်ပေမယ့် အပင်ပန်းမခံနိုင်လို့၊ အချိန်မပေးနိုင်လို့ ခက်တယ်ဆိုသူတွေအတွက် နည်းလမ်းကောင်းလေးအချို့ကို ကျွမ်းကျင်သူတွေက အခုလိုအကြံပေးထားပါတယ်။

အပြာရောင်ပန်းကန်၊ ဖန်ခွက်တွေအသုံးပြုပြီးစားသောက်ပါ။
စားသောက်ဆိုင်တွေ၊ အသင့်စားနိုင်၊အမြန်ရနိုင်တဲ့ အစားအစာအရောင်းဆိုင်တွေကို အနီရောင်ဆေးခြယ်ထားကြတာကို သတိထားမိကြ ပါလိမ့်မယ်။ အနီရောင်က စားသုံးသူတွေကို ပိုပြီးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ပိုရောင်းကောင်းအောင် အနီရောင် ခြယ်တယ်လို့ သိရပါတယ်။ အပြာရောင်ပန်းကန်ပြားနဲ့ ထည့်စားရင်တော့ စားသင့်တာထက် ပိုမစားဖြစ်ကြပါဘူး။ စိတ်အေးချမ်းတည်ငြိမ် စေတဲ့ အပြာရောင်ကြောင့် တင်းတိမ်လွယ်ပြီး လျှော့စားဖြစ်ကြတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြပါတယ်။

စားပြီးမိနစ်အနည်းငယ်ကြာမှ ရေသောက်ပါ
ထမင်းစားနေတုန်း ရေ၊အချိုရည်စတဲ့ အရည်တွေပါ တွဲသောက်တာကြောင့် အစာအိမ်ထဲက အစာခြေရည်ကို အားပျော့သွားစေပါတယ်။ ဒါကြောင့် အစာခြေဖျက်ဖို့ အချိန်ပိုကြာသလို မအီမသာဖြစ်ပြီး ထမင်းစားပြီးစမှာ ဗိုက်လည်း ပူနေတတ်ပါတယ်။ ထမင်းစားပြီး မိနစ်(၃၀) လောက်ကြာမှ ရေ၊ဖျော်ရည်တွေသောက်ပါလို့ အကြံပြုကြပါတယ်။

တရားရှုမှတ်ပါ
တရားရှုမှတ်(တရားထိုင်)တဲ အလေ့အထက စိတ်တည်ငြိမ်အေးချမ်းမှု ဖြစ်စေရုံမက ကိုယ်အလေးချိန်မတက်အောင် အထူးသဖြင့် ခါး မကိုင်းအောင်လည်း အထောက်အကူပြုနိုင်တယ်လို့သိရပါတယ်။ စိတ်ဖိစီးမှုတွေ များတဲ့အခါမှာ တိုးလာတဲ့ဟော်မုန်းတွေက ခါးနေရာမှာ အဆီ၊ အသားတိုးစေတယ်။ ခါးတုတ်ဗိုက်ပူစေတယ်လို့ သိရပါတယ်။

အစားအစာတွေရဲ့ ရနံ့ကိုမစားသုံးမီရှူရှိုက်ပေးပါ။
အစားအသောက်တွေရဲ့အနံ့ကို ရှူရှိုက်မိပြီဆိုရင် လူ့ရဲ့ဦးနှောက်က စားသောက်ပြီးပြီလို့ အဓိပ္ပာယ်ဖော်ပါတယ်။ ဒါကြောင့် စားသောက် တဲ့အခါမှာ နည်းနည်းလေးစားရုံနဲ့ ဗိုက်ပြည့်တင်းတိမ်တဲ့ခံစားမှု ဖြစ်စေပါတယ်။ အလွန်အကျွံစားချင်၊သောက်ချင်စိတ်ဖြစ်တာကို လျှော့ချ ချင်တယ်ဆိုရင်တော့ ထမင်းလုတ်တိုင်းရဲ့အနံ့ကို တ၀ကြီးရှူပြီးမှ စားပါလို့လည်း အကြံပြုကြပါတယ်။

အ၀တိုးစေတဲ့ ကယ်လိုရီမပါဘဲ ချိုစေတဲ့ဆေးမြစ်ကိုစမ်းသုံးကြည့်ပါ။
တောင်အမေရိကဒေသထွက် ဆေးမြစ်တစ်မျိုးကထုတ်ထားတဲ့ အဆီနှစ် (Stevia Extract) ဆိုရင် ရိုးရိုးသကြားထက် အဆပေါင်း (၃၀၀) နီးပါး ပိုချိုတဲ့အရသာရှိပါတယ်။ အချိုကဲပေမယ့် အ၀တိုးစေတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်နဲ့ ကယ်လိုရီ လုံးဝမပါပါဘူး။ ဒီဆေးမြစ်ရဲ့ အဆီ အနှစ်ကြောင့် ချိုတဲ့အစားအစာကိုစားရင် ရိုးရိုးသကြားကြောင့် ချိုတဲ့အစားအစာတွေလို အ၀မလွန်စေနိုင်ပါဘူး။ ဈေးကွက်ထဲမှာရောင်း နေတဲ့ ဓာတုပစ္စည်းသုံး သကြားအတုတွေလို ကျန်းမာရေးအကျိုးဆက်အပေါ် အငြင်းပွားစရာမရှိဘူးလို့။

စူးစူးရှရှပန်းရနံ့သုံးပါ၊ ဒေါင်လိုက်စင်းပါဒီဇိုင်းဝတ်ပါ။
အနံ့အာရုံက အမျိုးသားတွေရဲ့ သုံးသပ်မှုအပေါ် အကျိုးသက်ရောက်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ စမ်းသပ်မှုတစ်ခုမှာ မော်ဒယ်လ်အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ကို အမျိုးသား(၁၉၀)က ခန့်မှန်းပေးရပါတယ်။ မော်ဒယ်လ်အမျိုးသမီးက သံပရာ နံ့သင်းတဲ့ရေမွှေးနဲ့ တခြားပန်းရနံ့တွေမွှေးတဲ့အချိန်နဲ့ နှိုင်းယှဉ်ကြည့်ရင် မော်ဒယ်လ်က စူးရှတဲ့ ပန်းရနံ့ရေမွှေးသုံးထား တဲ့အခါမှာ မော်ဒယ်လ်ရဲ့ကိုယ်အလေးချိန်အပေါ် အမျိုးသားတွေရဲ့ခန့်မှန်းမှုက ၇%အထိလျော့ကျသွားပါတယ်။ ဒီရေမွှေးနံ့ကြောင့် အမျိုးသမီး တွေကိုရှုမြင်တဲ့ အမျိုးသားတွေ ပိန်သွယ်တယ်လို့ ရှုမြင်ကြရတဲ့ အကြောင်းရင်းကိုတော့ မသိကြသေးပါဘူး။ ဒေါင်လိုက်အစင်းကြောင်း တွေပါတဲ့ အ၀တ်အစားဒီဇိုင်း.တွေကလည်း နဂိုအရပ်ထက်ပိုမြင့်တယ်၊ပိုပြီး ပိန်သွယ်တယ်လို့ ထင်ရပါတယ်။

နံနက်စောစောအိပ်ရာထမှာ သစ်သီးစားပါ။
ပရိုတိန်း(အသားဓာတ်)က အစာခြေဖျက်တာ အချိန်ပိုကြာပါတယ်။ ဒါကြောင့် အိပ်ရာထချိန် နံနက်စာစားရာမှာ အဆာပြေအောင် သစ်သီးအရင်ဆုံးစားပါ။ စားပြီး (၂၅)မိနစ်လောက်ကြာမှ အခွံပါးပါဝင်တဲ့ အစေ့အဆန်တွေစားတဲ့ စားသောက်မှုပုံစံမျိုးက ကျန်းမာရေး အတွက် အကျိုးအများဆုံးဖြစ်နိုင်ပါတယ်။ အိပ်ရာထချိန်မှာ ခန္ဓာကိုယ်တွင်းမှာ အညစ်အကြေးတွေကို သန့်စင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာကျေလွယ်တဲ့ သစ်သီးစားတာက အသားစားတာထက် ကျန်းမာရေးအတွက် ပိုပြီးအကျိုးများပါတယ်။ ဒီတော့နံနက်စောစောမှာ ကြက်ဥပြုတ်၊ ကြက်ဥမွှေကြော်စတာတွေမစားဘဲ ဖရဲသီး၊ ဘယ်ရီသီးအမျိုးမျိုးကိုစားတဲ့ အလေ့အထထူထောင်ရပါမယ်။

အနီရောင် စပျစ်အရက်(၀ိုင်အနီ)အနည်းငယ်သောက်ပါ
ဝိုင်အနီသောက်တဲ့ ကျန်းမာရေးအကျိုးဆက်အပေါ် လေ့လာတွေ့ရှိချက်တွေ၊ ကွဲပြားမှုတွေရှိပါတယ်။ အရက်အနည်းအကျဉ်းသောက်တဲ့ အမျိုးသမီးတွေကို လုံးဝမသောက်တဲ့ အမျိုးသမီးတွေနှင့် နှိုင်းယှဉ်ရင် ကိုယ်အလေးချိန်တိုးဖို့အလားအလာနည်းကြပါတယ်။ အရက်ထဲက အယ်လ်ကိုဟောဓာတ်ကြောင့် အစားအစာက စွမ်းအင်ထုတ်ယူမှု လျော့ကျသွားသလို စားချင်စိတ်လည်း လျော့ကျသွားတာကို လေ့လာမှု တစ်ခုမှာ တွေ့ရပါတယ်။ အခြားလေ့လာမှုတစ်ခုမှာတော့ တစ်နေ့ကိုအရက်(၂)ခွက်ထက်ပိုသောက်တဲ့ အမျိုးသမီးတွေက အရက်လုံးဝ မသောက်တဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အ၀လွန်ရောဂါဖြစ်မယ့်အလားအလာ (၇၀%)လျော့ပါတယ်။ ဒီလိုအရက်များများ (၂)ခွက် အထက် နေ့စဉ်သောက်တာကြောင့် ရင်သားကင်ဆာအပါအ၀င် အခြားရောဂါတွေ ဖြစ်နိုင်တဲ့အလားအလာ တိုးလာတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။ ဒီတော့ တစ်ခါတစ်ရံ အရက်ကို ဖန်ခွက်သေးနဲ့ (၁)ခွက် (သို့မဟုတ်) (၂)ခွက်လောက်ပဲသောက်မယ်။ တခြားအရက်မဟုတ်ဘဲ ၀ိုင်အနီ ရွေးသောက်မယ်ဆိုရင်တော့ ပိန်သွယ်စေဖို့ အားပေးနိုင်ပါတယ်။

စားသောက်ချိန်မှာ အစားအသောက်အပေါ် အာရုံစူးစိုက်စားရင်လည်း လွန်လွန်ကဲကဲမစားဖြစ်ပါဘူး။
တရားရိပ်သာ၊ တရားစခန်းတွေမှာ တရားသဘောပေါက်အောင် စားနေတဲ့အစားအစာအပေါ်အာရုံစူးစိုက်ထားပြီး အမှတ်သတိနဲ့စားကြ ရပါတယ်။ ဒီလိုအစားအစာအပေါ် အာရုံစူးစိုက်ပြီးစားသောက်မယ်၊ စားသောက်နေစဉ်မှာ အာရုံမထွေပြားအောင် ဂရုစိုက်မယ်ဆိုရင်တော့ စားတဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။ ကိုယ်စားနေကျဇွန်း၊ ခရင်းမသုံးဘဲ၊ လက်နဲ့မစားဘဲ ကိုယ်မကျွမ်းကျင်တဲ့ ထမင်းစားတူနဲ့ ပြောင်းစားတာမျိုး၊ မိနစ်(၂၀)လောက်ကြာအောင် အချိန်ယူပြီး ဖြည်းဖြည်းဆေးဆေးစားတာမျိုးကလည်း အလွန်အကြူးမစားဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။

အစာစားပြီးတာနဲ့ သွားတိုက်ပါးစပ်ဆေးပစ်ပါ။
မနက်စာ၊ ညစာစားပြီးတာနဲ့ ပါးစပ်ဆေး၊ သွားတိုက်သန့်စင်ပစ်ရပါမယ်။ ဒီလို ပါးစပ်ဆေးပြီးတာကြောင့် ဗိုက်ဝနေပါလျက် ပါးစပ်အလို လိုက်ပြီး သရေစာတွေ ထပ်စားမိတာမျိုးဖြစ်ဖို့ အလားအလာနည်းသွားပါတယ်။ အလုပ်လုပ်နေရင်း အစားတစ်ခုခုမြုံ့နေချင်တာမျိုး၊ အထူးသဖြင့် တီဗီကြည့်နေရင်း တစ်ခုခုဝါးနေတတ်တယ်ဆိုရင်တော့ ပါးစပ်ရောလက်ပါမအားအောင် လုပ်ထားရပါမယ်။ ပီကေ၀ါးနေ တာမျိုး၊ ကွန်ပျူတာပေါ်မှာ ထဲက ကိုယ့်အချက်အလက်တွေဖြည့်နေတာမျိုး၊ လက်သည်းအလှပြင်နေတာမျိုးလုပ်နေရင် တစွတ်စွတ် မစားဖြစ်တော့ပါဘူး။

ခန္ဓာကိုယ်သွယ်လျပြီး ကျန်းမာနုပျိုနိုင်ကြပါစေ။

1 comment:

အိမ့်ချမ်းမြေ့ said...

သေသေချာချာ ဖတ်ရှုလေ့လာသွားပါတယ်..


အပြာရောင်နဲ့စားရတာ၊ ရေမွှေးကြောင့် ကိုယ်လေးချိန်လျော့တယ်ထင်တာ..စတာတွေကို ခု မှ သိရတယ်။ ကျေးဇူးတင်ပါတယ်။