'ကိုဝင်းရေ၊ ခင်ဗျားတို့ရပ်ကွက်က ဆိုင်းသံဗုံသံတညံညံနဲ့ တယ်လည်းမြိုင်ဆိုင်နေပါလားဗျို့'
'ဆိုင်းသံဗုံသံညံဆို မိရိုးဖလာ နတ်ကန္နားပွဲလေဗျာ'
'ဒါနဲ့ ခင်ဗျားနည်းနည်း နားစွင့်ကြည့်စမ်းပါဦး၊ အခုတင်ပြောင်းလိုက်တဲ့တီးလုံးက နတ်ဒိုးသံလည်းမဟုတ်တော့ပါလား၊ မောင်းသံလိုလို ကြေးလင်ပန်းသံလိုလိုနဲ့ တီးကွက်ကအဆန်းသားဗျ'
'ဟားဟား....ကိုလင်းကသာဆန်းနေတာ၊ ကန္နားပွဲတွေထဲဒီတီးလုံးမျိုးဝင်လာတာ သုံး လေးနှစ်တောင်ရှိရော့မယ်'
'ဟုတ်လား၊ အမယ်အသေအချာ နားထောင်ကြည့်တော့ ထောင်ကဲတို့အကြိုက်ပဲဗျ'
'သြော်....ခင်ဗျားနှယ်၊ ကျားကိုက်ပါတယ်ဆိုမှ နာတာရှည်လား ဆိုသလိုဖြစ်နေပြီ၊ အဲဒါ ကွမ်ယင်မယ်တော်ကိုပင့်နေတာဗျ'
'ဟိုက်....ပြည်ကြီးသူကွမ်ယင်ခမျာ ကျုပ်တို့ဆီရောက်မှပဲ ကန္နားပွဲထဲ ၀င်နွှဲရပါရော့လား၊ ကန္နားစီးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ'
'ထေရ၀ါဒဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တချို့ပေါ်မှာတောင် တဆောင်တယောင် တခမ်းတနားရောက်နေမှတော့ နတ်ကန္နားပွဲထဲဝင်နွှဲ တာ ဘာဆန်းတော့မှာလဲ ကိုလင်းရာ'
'အင်း....ကိုယ့်လူတွေကတော့ အကျိုးရှိတယ်လို့ နှစ်ခွန်းမပြောလိုက်နဲ့၊ ဘာရယ်ညာရယ်မစဉ်းစားတော့ဘူး။ ကိုးကွယ်ရာစာရင်းထဲ ပစ် သွင်းလိုက်တော့တာပါပဲ။ ခင်ဗျားတစ်ခါကပြောလို့ ကွမ်ယင်ဆိုတာ မဟာယာန ဗုဒ္ဓဘာသာအနွယ် တန္တရ၊ မန္တရဂိုဏ်းဝင်တွေရဲ့ ကိုးကွယ် ရာ ဗောဓိသတ္တ အ၀လောကိတေဿရကို မိန်းမအသွင်ဆောင်ထားတယ်ဆိုတာ သဘောလောက်တော့သိပါရဲ့၊ ဒါထက် အဲဒီ အ၀လောကိတေဿရ ကိုးကွယ်မှုအယူအဆ ဖြစ်ပေါ်လာပုံလေးလည်း နည်းနည်းထပ်ရှင်းပြစေချင်တယ်ဗျာ'
အ၀လောကိတေဿရအကြောင်းပြောရင် မဟာယာနဗုဒ္ဓဘာသာအကြောင်းကိုပါ မပြောမဖြစ် ထည့်ပြောရတော့မှာပဲဗျ
'ကောင်းတာပေါ့ ကိုဝင်းရာ၊ ဒါမှလည်း ထေရ၀ါဒ၊ မဟာယာန၊ ဟိနယာနဆိုတဲ့ ဝေါဟာရတွေရဲ့ သဘောဘသာဝတွေကိုပါ ကွဲကွဲပြားပြားနားလည်လာတော့မှာပေါ့'
'ပြောရရင်တော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းသုံးရာလောက်အတွင်း အဖြစ်အပျက်တွေကစရမှာပဲ၊ အိန္ဒိယတိုက်ငယ်ရဲ့ အရှင်သခင် အသောကမင်းကြီးလက်ထက် တတိယသင်္ဂါယနာနောက်ပိုင်း ဝေသာလီပြည်သားရဟန်းတစ်စုက အရက်စင်စစ်မဖြစ်သေး တဲ့ သေရည်အနုစားမျိုး၊ ကျွန်တော်တို့အညာမှာတော့ ရှေးကတန္တရဗုဒ္ဓဘာသာအနွယ်ဝင် အရည်းကြီးရဟန်းတွေကြိုက်တတ်လို့ ရဟန်း ကြီးကြိုက်လို့ခေါ်တဲ့ ပင်ကျထန်းရည်လို၊ အခုခေတ်ဘီယာလိုဟာမျိုး သောက်ခွင့်ရှိရမယ်၊ ရွှေငွေရတနာအဿပြာကို အလှူခံယူကိုင် တွယ် သုံးစွဲခွင့်ရှိရမယ်၊ နေမွန်းလွဲပြီးနောက် အရိပ်လက်နှစ်သစ်ထွက်တဲ့အထိ ဆွမ်းစားခွင့်ရှိရမယ်၊ ကိုယ့်ဆရာကပြောတာဆိုရင် ဘုရား ဟောနဲ့ ညီညီမညီညီ လုပ်ကောင်းတယ်စတဲ့ ရဟန်းဝိနည်းသိက္ခာပုဒ်ဆိုင်ရာ ပြင်ဆင်ချက် ၁၀ ခုကို ပြဋ္ဌာန်းကျင့်သုံးလာခဲ့ကြတယ်၊ ဒီလိုဝိနည်းသိက္ခာပျက် ရဟန်းတွေရဲ့လုပ်ရပ် မှားယွင်းကြောင်း သီလ၊သမာဓိ၊ပညာနဲ့ပြည့်စုံတဲ့ မထေရ်မြတ်ကြီးတွေက ဆုံးဖြတ်ပေး ခဲ့တယ်၊ အဲဒီနောက် ပထမသင်္ဂါယနာမူအတိုင်း ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မနဲ့ ၀ိနယတွေကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းဖို့ အားလုံးညှိနှိုင်း တိုင်ပင်ပြီး ဒုတိယသင်္ဂါယနာ တင်ခဲ့ကြပါတယ်။ ဒါကိုမကျေနပ်တဲ့ ၀ိနည်းသိက္ခာပျက်ရဟန်းဆိုးတွေက အုပ်စုဖွဲ့၊ သူတို့ကိုယ်ကို မဟာ သံဃိကဂိုဏ်းလို့ သမုတ်ပြီး သူတို့အလိုကျ စင်ပြိုင်သင်္ဂါယနာ တင်ခဲ့ကြတော့တာပါပဲ'
'ဒါဆို ဒုတိယသင်္ဂါယနာတင်ခေတ်ကစပြီး သံဃာ့ဂိုဏ်းကွဲမှုစခဲ့တာပေါ့နော်'
'အင်း....တချို့သုတေသီတွေကတော့ အေဒီ ၆၂၉လောက်မှာ မဇ္ဈိမဒေသကိုရောက်ခဲ့တဲ့ တရုပ်ရဟန်းတော် ဟူယင်ဆင် (Hiuentsang) ရဲ့မှတ်တမ်းအရ ပထမသင်္ဂါယနာတင်တုန်းကတည်းက ကွဲခဲ့ကြတယ်လို့ အယူရှိတယ်၊ ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဍိကလိုဏ်ဂူရဲ့ အနောက်ဘက်တစ်ယူဇနာအကွာ ပဏ္ဍ၀လိုဏ်ဂူမှာ ပထမစင်ပြိုင်သင်္ဂါယနာတင်ခဲ့တယ်လို့ အဲဒီမှတ်တမ်းကဆိုပေမယ့် အထောက် အထားမခိုင်လုံတဲ့အတွက် ပညာရှင်တွေလက်ခံလောက်တဲ့ အယူအဆတစ်ရပ်ဖြစ်မလာခဲ့ဘူး၊ သာသနာနှစ်တစ်ရာမှာလုပ်တဲ့ ဒုတိယ သင်္ဂါယနာကစပြီး သံဃာဂိုဏ်းကွဲခဲ့တဲ့ အခါမှာတော့ မူလ၀ိနည်းကိုမဖောက်မဖျက် ဆက်လက်ကျင့်သုံးချင်တဲ့ မထေရ်ကြီးတွေရဲ့ အယူအဆအတိုင်းလိုက်နာခဲ့တဲ့ သံဃာတော်တွေကို ထေရ၀ါဒသံဃာဂိုဏ်းလို့ ခေါ်တွင်ခဲ့တယ်၊ အဲဒီခေတ်အခါကစပြီး ဗုဒ္ဓသာသနာ ရှေ့မှာ ထေရ၀ါဒဆိုတဲ့ဝိသေသ အထူးတပ်ခေါ်ဝေါ်ပညတ်ခဲ့ပေမယ့် ထေရ၀ါဒဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓတရားတော်တွေကို ထပ်ပြီးဖြည့် စွက် အဆန်းထွင်ထားတာမဟုတ်ဘဲ ဗုဒ္ဓမြတ်စွာရှိစဉ်အခါက သာသနာတော် မူရင်းအတိုင်းပဲဆိုတာ သိထားကြဖို့လိုတယ်ဗျ'
'အဲဒီနောက်ပိုင်း ထေရ၀ါဒထဲက ဂိုဏ်းခွဲထွက်ခဲ့ကြတာကောရှိသေးလား'
'ရှိတာပေါ့ ကိုလင်းရာ၊ ထေရ၀ါဒသံဃာတော်တွေထဲကနေပဲ ဗုဒ္ဓ၀ါဒနဲ့ပတ်သက်လို့ အယူအဆကွဲလွဲပြီး မဟိသာသက၊ ၀ဇ္ဇီပုတ္တက၊ သဗ္ဗတ္တိဝါဒ စတဲ့ဂိုဏ်းပေါင်း (၁၁) ဂိုဏ်းကွဲထွက်သွားကြတယ်၊ မဟာသံဃိကထဲကလည်း ဂေါကုလိက၊ ဧကဗျာဟာရိက စတဲ့ဂိုဏ်းကွဲ ပေါင်း ခြောက်ဂိုဏ်းကွဲထွက်သွားတာ အားလုံးပေါင်း (၁၈)ဂိုဏ်းဖြစ်သွားပါရော၊ ဒါ့အပြင် အဲဒီခေတ်အခါက အိန္ဒိယမှာ ဗုဒ္ဓသာသနာရွှေ ခေတ်လို့ဆိုရလောက်အောင် ဗုဒ္ဓသာသနာတော်ကို နိုင်ငံအ၀န်းကြည်ညို ကိုးကွယ်ကြတယ်လေ၊ ဒီတော့ ဗုဒ္ဓသာသနာနွယ်ဝင်ရဟန်း တွေအဖို့ လာဘ်လာဘပေါကြွယ်သလောက် သာသနာပဗြာဟ္မဏပုဏ္ဏားတွေ၊ ဂျိမ်းရဟန်းတွေခမျာ အခြွေအရံပရိသတ်နည်းပါးလာပြီး အတော်လေး စားဝတ်နေရေးခက်ခဲလာကြတယ်၊ ဒါကြောင့် သူတို့ထဲကတချို့ဟာ ဗုဒ္ဓ၀ါဒကိုတကယ်မယုံကြည်ပေမယ့် အခြေအနေ အရ လေ့လာသင်ကြားပြီး ဗုဒ္ဓဘာသာအမည်ခံဂိုဏ်းတွေ ထူထောင်လာကြတယ်၊ သူတို့ရဲ့မူလဘူတ ဗြာဟ္မဏ၀ါဒ၊ ဂျိမ်းဝါဒတွေနဲ့ ဗုဒ္ဓ၀ါဒ ကို ရောမွှေထားတဲ့ အယူအဆတွေကိုပဲ ဗုဒ္ဓ၀ါဒအစစ်အမှန်ဖြစ်သယောင် ဟောပြောလာကြတယ်၊ သူတို့က အန္ဓရာတိုင်းမှာအခြေချခဲ့တာမို့ အန္ဓကဂိုဏ်းတွေလို့လည်း ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်၊ နောက်ပိုင်း အန္ဓကဂိုဏ်းချည်းပဲ ကိုးဂိုဏ်းရှိခဲ့တယ်လို့ ထေရ၀ါဒမှတ်တမ်းတွေ အရ သိရတယ်ဗျ'
'လောကကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ယုံကြည်တဲ့ ဗြာဟ္မဏတွေနဲ့ ဘုရားပေါင်းအသင်္ချေ နိဗ္ဗာန်ဘုံမှာသက်ရှိထင်ရှား စံမြန်းနေတယ်လို့ ယုံကြည်ကြတဲ့ ဂျိမ်းရဟန်းလူထွက်တွေ ထူထောင်ထားတဲ့ ဗုဒ္ဓ၀ါဒမျိုးဟာ ဘယ်မှာလာသန့်စင်တဲ့ဗုဒ္ဓ၀ါဒ ဖြစ်လာပါတော့မလဲနော်'
'ဒါပေါ့ဗျာ၊ အဲဒီအန္ဓကကိုးဂိုဏ်းထဲမှာပါဝင်တဲ့ ဝေတုလ္လ၀ါဒဟာ ခေတ်အဆက်ဆက် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို နည်းအမျိုးမျိုးနဲ့ ထိုးဖောက်စိမ့်ဝင် ဖျက်ဆီးခဲ့ကြတယ်ဗျ။ ဗုဒ္ဓသာသနာရဲ့ နောက်ဆုံးခံတပ်လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာတောင် အဲဒီဂိုဏ်းရဲ့အဆက်အနွယ် သံဃမိတ္တ ရဟန်းရဲ့စနက်ကြောင့် သာသနာသက္ကရာဇ်ကိုးရာစုလောက်မှာ ထေရ၀ါဒသံဃာတော်တွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရဖူးးသေးတယ်'
'အဲဒီ ဝေတုလ္လဂိုဏ်းရဲ့ အယူအဆကရော ဘယ်လိုများလဲဗျ'
'သူတို့ပြုစုတဲ့ ဝေတုလ္လပိဋကတ် အလိုအရဆိုရင် ဗုဒ္ဓမြတ်စွာအစစ်အမှန်ဟာ တုသိတာနတ်ပြည်မှာပဲ စံမြန်းနေခဲ့ပြီး လူ့လောကကို ဆင်းမလာခဲ့ဘူး၊ လူသားတွေကိုကယ်တင်ဖို့ နိမ္မိတရုပ် ကိုယ်ပွားတော်ဖန်ဆင်းပြီး လူ့လောကကို တရားဟောစေလွှတ်ခဲ့တာဖြစ်တယ်၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာဟာ လူသားစင်စစ်မဟုတ်ဘဲ လူသားအသွင်ခေတ္တဆောင်ထားတာသာဖြစ်ပြီး သူ့ကိုလှူဒါန်းပူဇော်သမျှ လူတွေ ကျေနပ်အောင် သုံးဆောင်ဟန်ပြုခဲ့တာသာဖြစ်တယ်တဲ့ဗျာ'
'ဗိဿနိုးနတ်ဘုရားကြီးက လူ့လောကကိုဆင်းသက်လာပြီး ကယ်တင်ရှင် အ၀တာရအဖြစ်နဲ့ သတ္တ၀ါတွေကို ကယ်တင်လေ့ရှိတယ်ဆိုတဲ့ အယူအဆကို ဗုဒ္ဓ၀ါဒထဲယဉ်ယဉ်ကလေး သွပ်သွင်းလိုက်တာပဲနော်'
'ဒါပေါ့ဗျာ၊ သက်ရှိထင်ရှားရှိခဲ့တဲ့ဗုဒ္ဓကို မမြင်ရမကြားရတဲ့ နတ်ပြည်နတ်နန်းကလာသူအဖြစ် အသွင်ပြောင်းလိုက်တာကိုပဲ ကိုယ့်ဘုရားကို အဆင့်မြင့်ပေးလိုက်တာလို့ထင်ပြီး အဲဒီဝါဒကို လက်ခံယုံကြည်တဲ့လူပြိန်းတွေကတော့ သဘောကျကြတာပေါ့။ ဒီလိုပါပဲ၊ အန္ဓက ကိုး ဂိုဏ်းထဲက ဂုဠ၀ိနယကျမ်းကိုပြုစုခဲ့တဲ့ ၀ါဇီရိယဂိုဏ်းကလည်း သူတို့ရဲ့ကျင့်စဉ်အတိုင်း လိုက်နာကျင့်ကြံကြမယ်ဆိုရင် လူ့ခန္ဓာကိုယ်ဟာ စိန်လိုမာကျောခိုင်ခံ့ပြီး သက်တမ်းအင်္သေချေ နေနိုင်တယ်၊ ထာဝရအသက်ကို ရနိုင်တယ်လို့ဟောပြောကြပြန်သဗျ'
'ဒါလည်း ရှေးခေတ်အိန္ဒိယက သာသနာပယောဂီတွေရဲ့ အယူအဆကို ပုံတူကူးထားတာပဲ၊ ကျွန်တော်တို့ဆီက ၀ိဇ္ဇာဓိုရ်လမ်းလိုက်နေ ကြတဲ့ ဘိုးတော်၊ဘွားတော်တွေ ထွက်ရပ်ပေါက်ပြီါ် သက်တမ်းအင်္သေချေနေနိုင်ရေးအတွက် ထုံကူးကြ၊ ဖိုဝင်ကြတယ်ဆိုတာ ဒီအယူ အဆတွေက ဆင်းသက်လာတာပဲ ဖြစ်မယ်ထင်တယ်'
'အဲဒီဂိုဏ်းကွဲတွေရဲ့ အဆိုးရွားဆုံးအယူအဆ တစ်ခုကတော့ ရဟန်းဟာ အမျိုးသမီးတစ်ယောက်နဲ့ တူနှစ်ကိုယ်နိဗ္ဗာန်ကူးဖို့ ဆုထူးငယ် ပန်ထားကြတယ်ဆိုရင် အဲဒီအမျိုးသမီးနဲ့သံဝါသပြုနိုင်တယ်၊ ရဟန္တာဖြစ်စေကာမူ မာရ်နတ်ရဲ့ပယောဂကြောင့် သုတ်လွှတ်နိုင်သေးတယ် ဆိုတာတွေပဲ'
'အင်း....အာသဝေါတရားကလည်းမကုန်ခန်းသေး၊ ရဟန္တာအဖြစ်နဲ့လည်းကျော်စောချင်ဆိုတော့ ကိုယ်လုပ်ချင်ရာလုပ်လို့ရအောင် တီထွင်ထားတဲ့ ၀ါဒတွေထင်ပါရဲ့၊ မြန်မာပြည်မှာ တစ်ချိန်ကစိုးမိုးသွားခဲ့တဲ့ အရည်းကြီးတွေဟာ အဲဒီဂိုဏ်းကွဲတွေရဲ့ အဆက်အနွယ် တွေများလားဗျာ'
''သေချာတာပေါ့ ကိုလင်းရယ်၊ အခုခေတ် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အမည်ခံတချို့ ကိုးကွယ်ကြတဲ့ ရှင်မထီးဆိုတာ အဲဒီဂိုဏ်းတွေရဲ့ အဆက်အနွယ်တန္တရဂိုဏ်းဝင် အရည်းကြီးရဟန်းတစ်ဦးပဲဗျ၊ အဲဒီ အယူအဆတွေဟာ နီပေါ၊ တိဗက်၊ ဘူတန်၊ တရုပ်၊ ကိုရီးယား၊ ဂျပန် စတဲ့ မြောက်ပိုင်းဗုဒ္ဓဘာသာနိုင်ငံ အတော်များများကို ပျံ့နှံ့သွားခဲ့ကြတာပေါ့၊ ဂျပန်ပြည်က တချို့ဗုဒ္ဓဘာသာဂိုဏ်းဝင် ရဟန်းတွေ နဲ့မယ်သီလတွေဟာ ဇနီးမောင်နှံအဖြစ် ပေါင်းသင်းနေထိုင်ခွင့်ရှိကြတယ်ဗျ၊ အဲဒီလိုဖောက်ပြန်တဲ့ အယူအဆတွေကို ဗုဒ္ဓ၀ါဒထဲဆွဲ သွင်းလာလိုက်ကြတာ ဒုတိယသင်္ဂါယနာအပြီး မူလသံဃိကအစည်းအရုံးကနေခွဲထွက်ခဲ့တဲ့ မဟာသံဃိကဂိုဏ်းဝင် ရဟန်းတချို့ က လည်း ဗြာဟ္မဏတွေရဲ့ ထာဝရဘုရားအယူအဆကို အတုယူပြီး 'ဗုဒ္ဓမြတ်စွာဟာ နိဗ္ဗာန်ဘုံမှာ အင်္သေချေအနန္တကာလပတ်လုံး စံမြန်း နေတယ်' လို့ဆိုလာကြပြန်တယ်။ တစ်ခါ ဂျိမ်းဝါဒကို အားကျပြီး 'ဂင်္ဂါဝါဠုသဲစုမကပွင့်ပြီးသမျှ ဗုဒ္ဓတွေဟာအရပ်ဆယ်မျက်နှာမှာ သက်ရှိ ထင်ရှားပျံ့နှံ့တည်ရှိနေတယ်' လို့ဟောကြပြန်တယ်၊ ထေရ၀ါဒဂိုဏ်းက ခွဲထွက်ခဲ့တဲ့ မဟိသာသကဂိုဏ်းကတော့ 'သင်္ခါရတရားတို့ ကင်း လွတ်ရာ အသင်္ခတဓာတ်ဟာ အာကာသကောင်းကင်ကြီးပဲဖြစ်တယ်၊ ဒါကြောင့် ကောင်းကင်ဟာနိဗ္ဗာန်ပဲ' လို့ အယူလွဲကြသလို ၀ဇ္ဇီပုတ္တကဂိုဏ်းကလည်း 'သတ္တ၀ါတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘ၀တစ်ခုကနေတစ်ခုကို ကူးပြောင်းနိုင်တဲ့ အတ္တ၀ိညာဉ်ကောင်ရှိတယ်'လို့ ခံယူလာကြပြန်တယ်ဗျ''
'ဗုဒ္ဓပရိနိဗ္ဗာန်ပြုအပြီး နှစ်သုံးရာလောက်အတွင်းမှာပဲ ဗုဒ္ဓ၀ါဒဟာအတော့်ကို အဖျက်ဆီးခံလိုက်ရတော့တာပါကလား၊ ဗုဒ္ဓဟာ လူသား စင်စစ်မဟုတ်ဘူး၊ သက်တော်အနန္တ ရှည်လျားပြီး ဘုံနန်းတစ်ခုမှာ ထာဝရစံမြန်းနေတယ်၊ အာကာသကောင်းကင်နဲ့နိဗ္ဗာန် ထပ်တူညီ တယ်၊ သတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ၀ိညာဉ်ကောင်ရှိတယ်.... စတဲ့အယူအဆတွေဟာ ဗုဒ္ဓပွင့်ပြီးနောက် နှစ်ပေါင်းခြောက်ရာလောက် မှာထွန်းကားခဲ့တဲ့ ကောင်းကင်ဘုံမှာ ထာဝရဘုရားသခင်ကစံမြန်းနေပြီး လူသားတွေကိုကယ်တင်ဖို့ လူ့ဇာတိကိုခံယူကာ လူ့လောကကို ဆင်းသက်ခဲ့တယ်ဆိုတဲ့ အယူဝါဒမျိုးနဲ့ ဘာထူးတော့မှာလဲ ကိုဝင်းရာ'
"အဲဒီအယူအဆတွေအားလုံးလိုလိုကို အခုခေတ်မဟာယာနအနွယ် ဗုဒ္ဓဘာသာဂိုဏ်းကွဲအတော်များများက အမွေဆက်ခံထားကြတယ်ဗျ။ အဲဒီတုန်းကရှိခဲ့တဲ့ ဥတ္တရာပထကဂိုဏ်းဆိုရင် 'ဗုဒ္ဓမြတ်စွာရဲ့ ကျင်ကြီး၊ ကျင်ငယ်ဟာမွှေးရနံ့တွေ ကြိုင်လှိုင်နေတယ်' လို့တောင် ဟော ပြောခဲ့ကြသေးတယ်ဆိုပဲ ကိုလင်းရဲ့"
'ဟား ဟား ဟား၊ အတော်ရယ်စရာကောင်းတဲ့ အယူအဆတွေပဲနော်'
'အဲဒီရယ်စရာတွေဟာ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို ခံယူကျင့်သုံးချင်တဲ့ ထေရ၀ါဒဂိုဏ်းဝင်သံဃာတော်တွေနဲ့ တပည့်ဒါယကာတွေအတွက် တော့ ငိုချင်စရာဖြစ်လာရတော့တာပါပဲ ကိုလင်းရေ့။ ဒီလိုမဟုတ်တရုတ်အယူအဆတွေ ပြန့်ပွားလာတာနဲ့အမျှ၊ ဗုဒ္ဓသာသနာတော်ကြီး ညှိုးနွမ်းပျက်စီးလာတော့မှာကို တွေးမြင်မိခဲ့တဲ့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ဟာ သာသနာ့ဒါယကာအသောကမင်းရဲ့ အကူအညီရယူပြီး ဗုဒ္ဓ၀ါဒအမည်ခံ အယူဝါဒမှားတွေနဲ့ အဲဒီအယူဝါဒမှားတွေကို ခံယူကျင့်သုံးသူတွေကို သာသနာတော်က ဖယ်ထုတ် သန့်စင်ပစ်ဖို့ ကြိုးစားခဲ့တယ်ဗျ'
'ဓမ္မစက်ကိုအာဏာစက်နဲ့ပံ့ပိုးပြီး သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် လုပ်ကြတာပေါ့နော်'
'ဒါပေါ့ဗျာ၊ ရဟန်းတုရဟန်းယောင်လို့ ထင်ရှားသူမှန်သမျှ သာသနာတော်က ဖယ်ကြဉ်ပစ်ဖို့စီစဉ်ခဲ့ကြတယ်၊ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်မြတ်ဟာ ရဟန်းတု၊ သံဃာယောင်ဂိုဏ်းဂဏတွေရဲ့ အယူဝါဒတွေနဲ့ သူတို့ရဲ့မှားယွင်းတိမ်းချော်ပုံတွေကို တိတိကျကျ ဖော်ထုတ်ထားတဲ့ ကထာဝတ္တုကျမ်းကိုလည်း စီရင်ပြုစုပေးခဲ့တယ်၊ ပြီးတော့ သာသနာ သက္ကရာဇ် ၂၃၅ခုနှစ်မှာ ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ တတိယမြောက် သင်္ဂါယနာတင်ပွဲကြီးဖြစ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်ဗျ'
'အင်း.....ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွက်တော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿရဲ့ ကျေးဇူးကြီးမားလှပါတယ်၊ ဒါနဲ့ သာသနာတော် ကနေ အကြဉ်ခံသံဃာဂိုဏ်းတွေကရော သူတို့အမှားကို ၀န်ခံပြီး အယူမှန်ကိုလက်ခံကြသလား'
'အများစုကဘယ်လက်ခံပါ့မလဲဗျာ၊ သူတို့မှာလည်း မင်းစိုးရာဇာအထက်တန်းလွှာက ကိုးကွယ်သူတပည့်ဒါယကာတွေနဲ့ အင်အားတောင့် ခဲ့တာဆိုတော့ ရာဇဂြိုလ်နဲ့ မနီးမဝေးမှာရှိတဲ့ နာလန္ဒအရပ်မှာစုရုံးပြီး စင်ပြိုင်သင်္ဂါယနာတင်ခဲ့ကြတယ်လေ၊ နောက်တော့ နာလန္ဒဟာ မယာယာနဗုဒ္ဓဘာသာဝင်တို့ရဲ့ အယူဝါဒဖြန့်ဖြူးရာဌာနချုပ်ကြီးတစ်ခု ဖြစ်လာခဲ့တယ်။ ပုဂံခေတ် အရည်းကြီးတွေတည်ထောင်တဲ့ ပွဲကျောင်းတွေမှာ တရားဓမ္မထက် ဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ဗေဒင်၊ယတြာ၊နီတိ စတဲ့လောကီပညာတွေကို ဦးစားပေး သင်ကြားပေးခဲ့ကြ သလို နာလန္ဒတက္ကသိုလ်ကြီးဟာလည်း ဘာသာရေးကိုအခြေပြုပြီး ခေတ်ပြိုင် ၀ိဇ္ဇာ၊သိပ္ပံ၊လောကဓာတ်ပညာတွေကိုပါ သင်ကြားပေးရာ ဌာနကြီးတစ်ခုအနေနဲ့ ကမ္ဘာကျော်ခဲ့တယ်၊ အခုခေတ် အနောက်တိုင်းမှာနာမည်ကြီးနေတဲ့ အောက်စဖို့ဒ်တို့၊ ကိန်းဘရစ်ခ်ျတို့လို ဘာသာရေးကိုအခြေပြုပြီး ထင်ရှားလာတဲ့တက္ကသိုလ်ကြီးတွေ ဘယ်ဆီရှိမှန်းမသိခင်ကတည်းက နာလန္ဒတက္ကသိုလ်ဟာ ကမ္ဘာကျော်ခဲ့ တာမို့ အရှေ့တိုင်းသားတွေအဖို့ ဂုဏ်ယူမယ်ဆိုရင် ယူစရာပေါ့ဗျာ'
'ဒါ့ထက် အပယ်ခံဂိုဏ်းကွဲတွေဟာ သူတို့ရဲ့အယူကွဲတွေကို ဘယ်လိုညှိနှိုင်းပြီး သင်္ဂါယနာတင်ခဲ့သလဲဆိုတာ စဉ်းစားစရာပဲနော်'
"ဒီနေရာမှာ ထေရ၀ါဒဂိုဏ်းနဲ့ အပယ်ခံဂိုဏ်းတွေအကြား ခံယူချက်ခြင်းခြားနားကြပြန်တယ်၊ ထေရ၀ါဒသံဃာတော်တွေက 'အမှန်တရား သာလျှင် ခွန်အား' ဆိုတဲ့မူကို စွဲကိုင်ထားကြပေမယ့် အပယ်ခံဂိုဏ်းတွေကတော့ 'ခွန်အားသာလျှင်အမှန်တရား' ဆိုတဲ့မူကို လက်ကိုင်ပြု ထားကြတယ်။ ထေရ၀ါဒသံဃာတွေအနေနဲ့ ဂိုဏ်းဝင်အရေအတွက်၊ တပည့်ဒါယကာအရေအတွက်ပေါများရေးကို ဦးစားမပေးဘဲ အမှန် တရားကို လက်ခံယုံကြည်ကျင့်သုံးသူတွေနဲ့သာ ဗုဒ္ဓသာသနာတော်ကို သန့်သန့်ရှင်းရှင်း ထွန်းကားစေချင်ကြတယ်၊ အကြဉ်ခံဂိုဏ်း ပေါင်းစုံကတော့ ဗုဒ္ဓသာသနာတော်အစစ်အမှန် ပြန့်ပွားဖို့ထက် သူတို့ကို ကိုးကွယ်ဆည်းကပ်တဲ့ တပည့်ဒါယကာ အင်အားတောင့်တင်း ရေးကိုသာ ဦးစားပေးခဲ့ကြတယ်။ဒါကြောင့် သိပ်ပြီးစီစီစစ်စစ်မလုပ်တော့ဘဲ အဲဒီအခါကအင်အား အတောင့်တင်းဆုံးဖြစ်တဲ့ သဗ္ဗတ္တိဝါဒ ဂိုဏ်းရဲ့ဦးဆောင်မှုနဲ့ ဂိုဏ်းခွဲတွေစုရုံးပြီး သင်္ဂါယနာတင်ခဲ့ကြတယ်၊ သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ ပိဋကတ်တွေကို ဘုရားဟောအဖြစ် လုပ်ကြံဖန်တီးဖြည့်စွက်ခဲ့ကြတယ်ဗျ"
'ခိုင်မာညီညွတ်တဲ့ လမ်းညွှန်သဘောတရားမရှိဘဲ အမှန်တရားကို အင်အားသုံးပြီး ဖျက်ဆီးကြရမှာဆိုတော့ စည်းရုံးရေးတစ်ရပ်အနေနဲ့ သာ လုပ်ခဲ့ကြတာထင်ပါရဲ့ဗျာ'
'အဲဒီလို အမှန်တရားကို ထိပါးနှောင့်ယှက်လာမယ့် အန္တရာယ်ရဲ့အင်အားကို ခန့်မှန်းမိခဲ့တဲ့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နဲ့ အသောကမင်းကြီးတို့ဟာ သီရိလင်္ကာ၊ သုဝဏ္ဏဘူမိစတဲ့ ကိုင်းတိုင်းကိုးဌာနကို ထေရ၀ါဒဗုဒ္ဓသာသနာပြုအဖွဲ့တွေစေလွှတ်ပြီး သန့်ရှင်း စစ်မှန်တဲ့ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးဆောင်ရွက်စေခဲ့တယ်၊ အသောကမင်းကြီးလည်းလွန်ရော မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်မှုယုတ်လျော့လာခဲ့ပြီး ဂျိမ်းဘာသာဝင်ရဟန်းတွေနဲ့ ဗြာဟ္မဏပုဏ္ဏားတွေသာ အကိုးကွယ်ခံဘ၀မှာ ကြီးစိုးလာခဲ့ကြတယ်၊ ဒါကြောင့် ထေရ၀ါဒဂိုဏ်းဝင်သံဃာအများစုက တောင်ပိုင်းကိုပြောင်းရွှေ့ အခြေချလာခဲ့သလို အပယ်ခံဂိုဏ်းသားအများစုက မြောက်ပိုင်း ကိုရွှေ့လျော နေရာယူခဲ့ကြရတယ်ဗျ၊ တချို့လည်း ထေရ၀ါဒသံဃာတော်တွေ သွားရာလိုက်ပြီး အပြိုင်အဆိုင် သာသနာပြုခဲ့ကြတယ်ဗျ'
'အဲဒီနောက်မှာရော သံဃာဂိုဏ်းကွဲမှုတွေ ရှိသေးလားဗျ'
'ထေရ၀ါဒအတွင်းမှာ မရှိသလောက်ဖြစ်သွားပေမယ့် အပယ်ခံဂိုဏ်းတွေအကြားမှာတော့ထပ်ပြီး အယူဝါဒကွဲလွဲမှုတွေရှိခဲ့တယ်၊ အိန္ဒိယ အနောက်မြောက်ဘက်တစ်ဝန်းကို ပျံ့နှံ့အခြေချလာတဲ့ ဂရိအနွယ်ဖွားတွေနဲ့အတူပါလာတဲ့ ဂရိအတွေးအခေါ်တွေကပါ ဗုဒ္ဓဘာသာဂိုဏ်း ကွဲတွေအကြား စိမ့်ဝင်ထိုးဖောက်လာခဲ့ပြန်တယ်။ နေရာဒေသနဲ့ အယူဝါဒကွဲပြားမှုကိုအစွဲပြုပြီး ဂိုဏ်းငယ်ကလေးတွေ အစိတ်စိတ်အမြွာ မြွာဖြစ်လာခဲ့တယ်'
'အင်း....အစကတည်းက တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းတွေကို စည်းရုံးရေးရှေးရှုပြီး စုစည်းခဲ့ရတာဆိုတော့ ဘိလပ်မြေ နည်းနည်း၊ သဲများများနဲ့ဆောက်ထားတဲ့တိုက်တွေလို မကြာခင်အက်ကြောင်းလိုက်လာမှာအမှန်ပဲ ကိုဝင်းရေ့'
'သေချာတာပေါ့ဗျာ၊ သာသနာ ၆၀၀ ၀န်းကျင်ရောက်တော့ အိန္ဒိယပြည်အနောက်မြောက်ဘက်တစ်လွှား အင်အားကောင်းလာခဲ့တဲ့ သဗ္ဗတ္တိဝါဒဂိုဏ်းထဲမှာကိုပဲ ဂန္ဓာရနဲ့ ကသ္မီယဆိုပြီး ထပ်ကွဲပြားပြန်တယ်။ ဂိုဏ်းကွဲတွေနဲ့အတူ အယူဝါဒဆန်းတွေကိုလည်း အမျိုးမျိုး တီထွင်ကြံဆဟောပြောခဲ့ကြတယ်၊ အထူးခြားဆုံးကတော့ တြိကာယ (Trikara) အယူအဆပဲ'
'တြိကာယဆိုတော့ ကိုယ်ကာယသုံးခုပေါ့နော်'
'ဟုတ်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ မဖောက်မပြန် ထာဝရရှင်သန်နိုးကြားနေတဲ့ သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ဓမ္မကာယ၊ ဈာန်ဝင်စားပြီး သုခ ချမ်းသာကို ခံစားနေတဲ့ ဈာန်ဗုဒ္ဓကိုတော့ သမ္ဘောဂကာယ၊ လူ့လောကမှာ လူ့သဏ္ဌာန်ဆောင်ပြီး တရားဟောခဲ့တဲ့ဂေါတမဗုဒ္ဓကိုတော့ နိမ္မာနကာယဆိုပြီး ဗုဒ္ဓကာယသုံးမျိုးရှိတယ်ဆိုတဲ့ အယူအဆပေါ့ဗျာ'
'ဒါဆို သန့်ရှင်းသောဝိညာဉ်တော်၊ အဘဘုရားသခင်၊ သားတော် သခင်ယေရှုသုံးပါးပေါင်း တစ်ဆူတည်းသောထာဝရဘုရားဆိုတဲ့ ခရစ်ယာန်တို့ရဲ့ တြိနတိ (Trinity) အယူအဆနဲ့အတော်တူနေတာပဲ ကိုဝင်းရဲ့'
'ဘာသာတရားတို့ရဲ့ ဇာစ်မြစ်ကို စူးစမ်းချင်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သဲလွန်စလေးတစ်ခုဆိုရင် မမှားဘူးပေါ့ဗျာ၊ မှတ်တမ်းတွေအရတော့ တြိကာယအယူအဆဟာ တြိနတိအယူအဆထက် စောပြီးပေါ်ပေါက်ခဲ့တယ်ဆိုတာပဲ၊ ဒါပေမယ့် ဟိန္ဒူတို့ရဲ့ တြိမူရ်တိ (Tri Murthy) လို့ခေါ်တဲ့ ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ သုံးပါးပေါင်းတစ်ဆူဝါဒကလည်း တြိကာယထက်စောပြီး ပေါ်ပေါက်ခဲ့တယ် ဆိုတာ မမေ့သင့်ဘူးဗျနော်'
'တြိကာယအယူအဆအရဆိုရင် ဂေါတမဗုဒ္ဓဟာနိဗ္ဗာန်ဘုံမှာဈာန်ဝင်စားပြီး သုခချမ်းသာခံစားနေတဲ့ဈာနဗုဒ္ဓရဲ့ ကိုယ်ပွားလို့ဆိုရမှာပေါ့'
'သိပ်ဟုတ်တာပေါ့ဗျာ၊ အဲဒီလိုနိဗ္ဗာန်ဘုံမှာဈာန်ဝင်စားပြီး သုခချမ်းသာခံစားနေတဲ့ဗုဒ္ဓဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေယုံကြည်ထား သလို ပါရမီဖြည့်ကျင့်လို့ သဗ္ဗညုတဥာဏ်တော်ကိုရပြီး ဗုဒ္ဓဖြစ်လာသူမဟုတ်ဘူးတဲ့ဗျ၊ အသင်္ချေအနန္တကာလကတည်းက အလိုအ လျောက်ဗုဒ္ဓဖြစ်နေတာတဲ့လေ၊ အဲဒီလို အစကတည်းက ဗုဒ္ဓဖြစ်နေသူမို့ အာဒိဗုဒ္ဓလို့လည်းခေါ်သဗျ၊ သူတို့အယူအဆအရဆိုရင် နိဗ္ဗာန် ဘုံမှာစံမြန်းနေတဲ့ အာဒိဗုဒ္ဓခြောက်ဆူရှိသတဲ့၊ အဲဒီထဲက အတိုင်းအဆမဲ့ ရောင်ခြည်တော်နဲ့ သပ္ပါယ်နေတဲ့ဘုရားလို့အဓိပ္ပာယ်ရတဲ့ အမိတာဘာဗုဒ္ဓကအထင်အရှားဆုံးပေါ့ဗျာ၊ အတိုင်းအဆမဲ့ သက်တော်အနန္တရှည်လို့ အမိတာယုလို့လည်းခေါ်သဗျ၊ သူကလူသားတွေကို တရားဟောဖို့ နိမ္မာနကာယတွေဖြစ်တဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ကို စေလွှတ်လေ့ရှိသလို နိမ္မနကာယဗုဒ္ဓတွေ တစ်ဆူနဲ့တစ်ဆူအကြား မပွင့်မီကာလမှာလည်း သားတော်ဘုရားအလောင်းဗောဓိသတ္တတွေကို လူ့လောကကိုစေလွှတ်လေ့ရှိသတဲ့ဗျာ'
'အဲဒီ ဗောဓိသတ္တတွေက လူ့လောကကိုပါရမီဖြည့်ဖို့လာတာလား'
'မဟုတ်ဘူး ကိုလင်းရဲ့၊ သူတို့က အာဒိဗုဒ္ဓရဲ့သားတော်တွေမို့ သာမန်လူသားတွေလို ပါရမီဖြည့်ဖို့မလိုဘူး။ သစ္စာလေးပါးကို အလိုအ လျောက် ပိုင်းခြားသိမြင်ပြီးသားတဲ့၊ သက်ရှိဆိုရင် မြူမှုံလောက်တောင်မကျန်အောင် နိဗ္ဗာန်ရွှေပြည်ကို ပို့ဆောင်ပြီး နောက်ဆုံးကျမှ နိဗ္ဗာန်မဂ်ဖိုလ်ကိုမျက်မှောက်ပြုမယ်ဆိုတဲ့ ကရုဏာမေတ္တာတော်အနန္တနဲ့လောကသားတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆင်းသက်လာတဲ့ ကယ်တင်ရှင်မဟာသတ္တတွေတဲ့ဗျ။ ဗောဓိသတ္တတွေထဲမှာ 'လောကကိုအစိုးရ ကြည့်ရှုစောင်မသူ' လို့ အဓိပ္ပာယ်ရတဲ့ အ၀လောကိ တေဿရက အထင်ရှားဆုံးပေါ့ဗျာ၊ ဗောဓိသတ္တတွေကို ကယ်တင်ရှင်ကြီးတွေအဖြစ် ယုံစားကိုးကွယ်ကြသလို သတ္တ၀ါတိုင်းမှာလည်း ဗောဓိသတ္တ ဖြစ်နိုင်တဲ့ စွမ်းအင်ဓာတ်သဘောတွေ (ဗောဓိဥာဏ်မျိုးစေ့) ရှိကြတယ်လို့ ယူဆဟောပြာလာခဲ့ကြပြန်တယ်'
'ဒါဆို အဲဒီအပယ်ခံ ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေထဲမှာ ဗောဓိသတ္တတွေ အတော်ပေါမှာပေါ့နော်'
'ဗောဓိသတ္တ တွေပေါဆို ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဘုရားဆုပန်ကြရမယ်၊ ဘုရားအဖြစ်ကိုရလို့ သတ္တ၀ါတွေကို တရားဓမ္မဟောကြား၊ ချေ ချွတ်ပြီးမှ ပရိနိဗ္ဗာန်ပြုကြရမယ်၊ ဒါမှမြင့်မြတ်တဲ့လမ်းစဉ်ကို ကျင့်သုံးရာရောက်တယ်ဆိုတဲ့ အယူဝါဒတွေပါ တစ်ဆက်တည်းထွန်းကားလာ ခဲ့ကြတယ်ဗျ'
'ရိုးရိုးရဟန္တာဘ၀၊ ပစ္စေကဗုဒ္ဓဘ၀မျိုးနဲ့ နိဗ္ဗာန်မဂ်ဖိုလ်ကိုမျက်မှောက်ပြုချင်သူတွေကျတော့ ဘယ့်နှယ့်လုပ်မတုံး'
'အဲဒီလူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ဓာတ်ရေးရာ အောက်တန်းကျသူတွေဖြစ်တယ်လို့ ဘုရားအလောင်းဝါဒီတွေက ဖိနှိမ် ပြောဟောလာကြတယ်ဗျ။ဒီလိုနဲ့ အပယ်ခံဗုဒ္ဓဘာသာဂိုဏ်းကွဲတွေထဲမှာကိုပဲ ဘုရားအလောင်း(ဗောဓီသတ္တ)၀ါဒလက်ခံသူတွေကတော့ သူတို့ကိုယ်ကိုသူတို့ ကြီးကျယ်မြင့်မြတ်တဲ့လမ်းစဉ်ကိုလိုက်သူတွေလို့ အဓီပ္ပာယ်ရတဲ့ မဟာယာန၀ါဒီတွေလို့ သမုတ်ကြပြီး ဘုရား လောင်းဝါဒလက်မခံသူကိုတော့ နိမ့်ကျတဲ့လမ်းစဉ်ကိုလိုက်သူတွေလို့ အဓိပ္ပာယ်ရတဲ့ ဟီနယာန၀ါဒီတွေအဖြစ် ချိုးနှိမ်ခေါ်ဝေါ်ခဲ့ကြတယ်။ အဲဒီလို အိန္ဒိယပြည်အနောက်နဲ့ အနောက်မြောက်ဘက်၊ အခုခေတ်တော့ ပါကစ္စတန်နဲ့အာဖဂန်ဒေသတစ်ဝန်းမှာအခြေကျနေတဲ့ ဗုဒ္ဓ ဘာသာဂိုဏ်းကွဲတွေအကြား မဟာယာန၊ ဟိနယာန၊ ကသ္မီယ၊ဂန္ဓရ စတဲ့ဝါဒ၊ ဌာနလိုက်ပြီး အစိတ်စိတ်အမွှာမွှာကွဲနေတာကိုမရှုဆိတ် နိုင်တဲ့ ကုရှန်းမျိုးနွယ်ဂန္ဓာရပြည့်ရှင် ကန်နစ်သျှကမင်းကဂိုဏ်းပေါင်းစုံစုစည်းပြီး သင်္ဂါယနာတင်ဖို့အကြံရလာခဲ့တယ်'
'ကန်နစ်သျှကမင်းဆိုတာ ကျွန်တော်တို့မြန်မာဗေဒင်ကျမ်းတွေမှာ သာလိဝါဟနသကမင်းလို့ထင်ရှားတဲ့ ပုဂ္ဂိုလ်ပဲမဟုတ်လား'
'ဟုတ်ပါတယ်၊ သူက သဗ္ဗတ္တိဝါဒဂိုဏ်းက အရှင်ဝသုမိတြနဲ့ အရှင်အဿဃောသတို့ကို သံဃနာယကနေရာထားပြီး သာသနာသက္ကရာဇ် (၆၀၀)လောက်မှာ သင်္ဂါယနာတင်ခဲ့တယ်၊ ဒါဟာ အပယ်ခံဂိုဏ်းတွေအဖို့ နောက်ဆုံးနဲ့တတိယအကြိမ်မြောက် သင်္ဂါယနာလို့ဆိုရမှာပဲ၊ ဒီနောက်မှာတော့ ကာလဒေသရွေ့လျောပြောင်းလဲလာတာနဲ့တကွ အယူဝါဒတွေ ကွဲလွဲလာလိုက်ကြတာ အခုခေတ်တိုင်အောင် ဘယ်လို မှစုစည်းညှိနှိုင်းလို့မရတော့တဲ့အခြေအနေ ရောက်သွားတော့တာပဲဗျာ'
'ဒါ့ထက် အဲဒီသင်္ဂါယနာပွဲမှာ ဘယ်ဘာသာစကားကို သုံးခဲ့ကြတာလဲဗျ၊ ကျွန်တော်တို့ဆီက ပါဠိတော်တွေကိုပဲလား'
'မဟုတ်ဘူး ကိုလင်းရဲ့၊ ဗြာဟ္မဏ၀ါဒီတွေသုံးလေ့ရှိတဲ့ သက္ကတဘာသာနဲ့ သင်္ဂါယနာတင်ခဲ့ကြတာ။ အခု နီပေါ၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ဂျပန်စတဲ့ မြောက်ပိုင်းဗုဒ္ဓဘာသာနိုင်ငံတွေမှာရှိတဲ့ မဟာယာနပိဋကတ်တော်အများစုဟာ သက္ကတဘာသာကနေ ပြန်ဆိုခဲ့ကြတာပဲ'
"အေးဗျ၊ ဒါကြောင့်ထင်တယ်၊ အဲဒီနိုင်ငံတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်ဝေါဟာရတွေဟာ သက္ကတဘာသာရဲ့ အရိပ် အငွေ့မကင်းတာတွေ့ရတယ်၊ ဥပမာ - တိဗက်က ပင့်ဆောင်လာတယ်ဆိုတဲ့ ဆင်းတုတော်တစ်ဆူရဲ့ဘွဲ့က 'မဟာသွံဿာရ' ဆိုလားပဲ"
'ဟုတ်တယ်၊ ကျွန်တော်တို့ ထေရ၀ါဒပိဋကတ်သုံး ဘာသာစကားက မာဂဓဘာသာစကားဗျ၊ မဟာယာနနဲ့ ထေရ၀ါဒပိဋကတ်တို့ အကြား အယူအဆသာမဟုတ်ဘဲ သုံးစွဲတဲ့ဘာသာစကားပါ ကွဲပြားခြားနားမှုရှိတာကိုတွေ့ရတယ်။ သဗ္ဗတ္တိဝါဒဂိုဏ်းသား အရှင်အဿ ဃောသဟာ သူကိုယ်တိုင် သက္ကတဘာသာနဲ့စီရင်ခဲ့တဲ့ ဗုဒ္ဓစာရိတကျမ်းစာကိုပါ သူတို့ရဲ့ သင်္ဂါယနာတင်ပွဲမှာ ဘုရားဟောပိဋကတ်တော် အဆင့်မျိုးမှာထားပြီး အတည်ပြုပေးခဲ့တယ်လို့ မှတ်တမ်းအချို့ကဆိုတယ်'
'ဗုဒ္ဓစာရိတကျမ်းစာရဲ့ အလိုကကော ဘယ်လိုများတုံးဗျ'
'ဗုဒ္ဓရဲ့ဖြစ်စဉ်တွေကို ဖတ်ချင်စဖွယ် သာယာနာပျော်ဖွယ်ကောင်းအောင် ရေးသားစပ်ဆိုထားတဲ့ အလင်္ကာကျမ်းကြီးပေါ့ဗျာ၊ မုသားမပါ လင်္ကာမချောဆိုသလို ဗုဒ္ဓရဲ့ဖြစ်စဉ်တွေကိုရေးသားရာမှာ သူ့ရဲ့စိတ်ကူးယဉ်ချက်တွေကိုပါဖြည့်စွက်ပြီး ရေးသားခဲ့တာပေါ့။ အဲဒီမှာ အယူ အဆပိုင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်တစ်ရပ်ကို တွေ့ရတာကတော့ ဗောဓီသတ္တချီးမွမ်းခန်းတွေပဲဗျ၊ ဗောဓိသတ္တရဲ့ ကြီးကျယ် မြင့်မြတ်မှုကို အမွှမ်းတင်ရင်း ဗောဓိသတ္တဆိုတဲ့ ဘုရားလောင်းဖြစ်ရေးလမ်းစဉ်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့တာပေါ့ဗျာ။ အဲဒီကျမ်းမှာ ဗုဒ္ဓမြတ်စွာကို လောကရဲ့အရှင်သခင်အဖြစ်လည်း သုံးနှုန်းရေးသားထားတာ တွေ့ရတယ်'
'ဒါဟာ ဗုဒ္ဓကို ဖန်ဆင်းရှင်၊ ကယ်တင်ရှင်အသွင် ပြောင်းလိုက်တာပဲ'
'အရှင်အဿဃောသက သာဝကယာန၊ ပစ္စေကယာနဆိုတဲ့ သာမန်ရဟန္တာဘ၀၊ ပစ္စေကဗုဒ္ဓါဘ၀နဲ့ ပရိနိဗ္ဗာန်စံဝင်ရေးလမ်းစဉ်ထက် ဗုဒ္ဓယာနလို့ခေါ်တဲ့ သဗ္ဗညုဗုဒ္ဓဖြစ်အောင်အားထုတ်ပြီး သတ္တ၀ါအပေါင်းကို ကယ်တင်ချေချွတ်ရေးလမ်းစဉ်ဟာ အလွန်တရာသာလွန် မြင့်မြတ်တယ်၊ သူကိုယ်တိုင်လည်း အဲဒီမြင့်မြတ်တဲ့ မာဟာယာနလမ်းစဉ်ကို လိုက်နာကျင့်သုံးနေတယ်ဆိုတဲ့အကြောင်းတွေကိုပါ ရေးသားသီကုံးသွားခဲ့တယ်ဗျ'
'ကဗျာဆရာ အရှင်အဿဃောသက သူ့ရဲ့ဗုဒ္ဓစာရိတထဲမှာ မဟာယာန၀ါဒရဲ့ မျိုးစေ့ကို ချပေးခဲ့တာပဲနော်'
(ဒုတိယပိုင်း ဆောင်းပါးအဆုံးကို ဆက်တင်မည်)
No comments:
Post a Comment