Tuesday, August 9, 2011

ကြက်ကချင်ချက်ဟင်း၊ ကြက်ရိုးနှင့် ကျောက်ဖရုံသီးဟင်းချို၊ ခရမ်းချဉ်သီးသုပ်

တတိယနေ့

ကြက်ကချင်ချက်ဟင်း၊ ကြက်ရိုးနှင့် ကျောက်ဖရုံသီးဟင်းချို၊ ခရမ်းချဉ်သီးသုပ်

ဒီတစ်ခါတော့ ထည့်စရာအမယ်စုံတဲ့ ဟင်းတွေကို ချက်စားကြည့်ရအောင်ပါ။ ကြက်ကချင်ချက်လို့ခေါ်တဲ့ ချဉ်စပ်ဟင်းလေး၊ ဟင်းရည် အဖြစ် ကြက်ရိုးနဲ့ ကျောက်ဖရုံသီးဟင်းချို၊ အရံကတော့ ခရမ်းချဉ်သီးသုပ်လေးသုပ်စားကြရအောင်ပေါ့။

ကြက်ကချင်ချက်ဟင်း
လိုအပ်သောပစ္စည်းများ
ကြက်သား ၄၀ကျပ်သား၊ မျှစ်ချဉ် ၁၅ကျပ်သား၊
 ကြံမဆိုင် - တစ်စည်း၊ ဆီ-ငါးကျပ်သား၊
ငရုတ်ခြောက်ပွ သုံးတောင့်၊ ကြက်သွန်နီ သုံးဥ၊
ကြက်သွန်ဖြူ လေးမြွှာ၊ ချင်း လက်နှစ်ဆစ်ခန့်၊
ရှမ်းနံနံ ၇၊၈ရွက်ခန့်၊ ငရုတ်သီးစိမ်း ၁၅တောင့်၊
ဗမာငံပြာရည် စားပွဲတင် နှစ်ဇွန်း၊
သကြား၊ဆား၊နနွင်းမှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် နာရီဝက်ခန့်
- အနှစ်အတွက် ငရုတ်ခြောက်ပွ၊ ကြက်သွန်နီ-ဖြူတို့ကို ညက်ညက်ထောင်းထားပါ။
-မျှစ်ချဉ်ကို ရေနွေးပူပူလောင်းပြီးနယ်ကာ အနံ့ပျောက်အောင်ဆေးထားပါ။
- အနေတော် တုံးထားတဲ့ကြက်သား၊ မျှစ်ချဉ်၊ ကြံမဆိုင်တို့ကို ငရုတ်ကြက်သွန်အနှစ်၊ ချင်းပါးပါးလှီး၊ဆီ၊ဆား၊နနွင်းမှုန့်၊ငံပြာရည်၊ သွားပါ။
- နူးရင် အပေါ့အငန်မြည်း ရှမ်းနံနံလေးညှပ်ထည့်ပြီး အိုးကိုအဖုံးပိတ်ချနိုင်ပါပြီ။

ကြက်ရိုးနှင့် ကျောက်ဖရုံသီးဟင်းချို
လိုအပ်သောပစ္စည်းများ
ကြက်အရိုး - အနည်းငယ်၊ ကျောက်ဖရုံသီး တစ်စိတ်၊
ကြက်သွန်နီ - ၂ဥ၊ ကြက်သွန်ဖြူ - လေးမြွှာ၊
ချင်းလက်တစ်ဆစ်၊
ဆား၊ငရုတ်ကောင်းမှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် - ၂၀မိနစ်ခန့်
- ကြက်ရိုးကို ခုတ်ထစ်သန့်စင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ထုထည့်ပြီး ဆားထည့်ကာ ပြုတ်အိုးတင်ထားပါ။
-ကြက်ရိုးမှ အချိုရည်ထွက်လျှင် ကျောက်ဖရုံသီးအတုံးများထည့်ပြီး ဆက်ပြုတ်ပါ။
- ကျောက်ဖရုံသီးနူးလျှင် အပေါ့အငန်မြည်း ငရုတ်ကောင်းမှုန့်ခတ်ကာ ချနိုင်ပါပြီ။
- ပူပူလေးသုံးဆောင်လျှင် ခံတွင်းကို မြိန်စေပါတယ်။ ချက်ရလွယ်သလောက် ကျန်းမာရေးကို အထောက်အကူပြုသော စွပ်ပြုတ် ဟင်းရည်တစ်ခွက်ဖြစ်ပါတယ်။

ခရမ်းချဉ်သီးသုပ်
လိုအပ်သောပစ္စည်းများ
ခရမ်းချဉ်သီးမာမာ ခြောက်လုံး၊ ဂေါ်ဖီထုပ် အနည်းငယ်၊
 ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ နှစ်မွှာ၊
ကြက်သွန်နီဆီချက်၊ နံနံပင် အနည်းငယ်၊
ငရုတ်သီးစိမ်း ငါးတောင့်၊
ပုစွန်ငံပြာရည်၊ပဲမှုန့်၊ငရုတ်သီးမှုန့် အနည်းငယ်စီ

- ခရမ်းချဉ်သီးကို ခပ်ပါးပါးလှီးပြီး အစေ့စင်အောင်ရေဆေးပါ။
- ဂေါ်ဖီထုပ်အနည်းငယ်ကိုလည်း ပါးပါးလှီးထားပါ။
- ကြက်သွန်ဖြူ-နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို ပါးပါးလှီးထားပါ။
- အားလုံးရောပြီး ဆီချက်၊ငံပြာရည်၊ပဲမှုန့်၊ငရုတ်သီးမှုန့်တို့နဲ့ သမအောင်ရောနယ်ပါ။
- ပုစွန်ခြောက်မှုန့်ထည့်နိုင်ရင်လည်း ပိုကောင်းပါတယ်။

No comments: