Monday, August 15, 2011

ငါးဖယ်သုပ်၊ ကြက်ဥအစပ်မွှေကြော်နဲ့ ကြာရိုးဟင်းခါး

စတုတ္ထနေ့

ငါးဖယ်သုပ်၊ ကြက်ဥအစပ်မွှေကြော်နဲ့ ကြာရိုးဟင်းခါး

ကျွန်တော်ကများသောအားဖြင့် ရေထွက်ပစ္စည်းတွေကိုကြိုက်နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒါက ကျန်းမာရေးအတွက်လည်းအဆင်ပြေ တယ်မဟုတ်လား။ အခု မနေ့ညကကျော်ထားတဲ့ ငါးဖယ်ကြော်တွေကို သုပ်မယ်၊ ကြက်ဥမွှေကြော်ကိုစပ်အောင်ကြော်မယ်၊ပြီးတော့ ဈေးထဲမှာရောင်းတဲ့ ကြာရိုးလေးတွေကို ဟင်းချိုချက်သောက်မယ်လေ။

ငါးဖယ်သုပ် (ပါဝင်ပစ္စည်းများ)
ငါးဖယ်ခြစ် - နှစ်ဆယ်သား
ဆား၊သကြား၊နနွင်း - အနည်းငယ်စီ
ဂေါ်ဖီ - အနေတော်တစ်စိတ် (ခပ်ပါးပါးလှီးပြီးရေဆေးထားပါ)
နံနံပင် - အနည်းငယ် (ရေဆေးပြီး နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်း - ၇တောင့် (ရေဆေး၍ အကွင်းလိုက်ပါးပါးလှီးရန်)
ဆီ - ၁၀ကျပ်သား
သံပရာသီး - ၂လုံး

ငါးဖယ်ခြစ်ကို ငရုတ်ဆုံထဲထည့်ပြီး ဆား၊သကြား၊နနွင်းမှုန့် သင့်တင့်ရုံထည့်ပြီး ခပ်နာနာထောင်းပါ။ ငါးဖယ်များ စေးပိုင်လာအောင် ထောင်းပြီးလျှင် တစ်လက်မအရွယ် မထူမပါး အပိုင်းလေးများဖြစ်အောင် ပြုလုပ်ထားပါ။ ပြီးလျှင် ဆီပူအိုးထဲထည့်ကြော်ပြီး အအေးခံကာ ကတ်ကြေးဖြင့် ခပ်သေးသေးပြန်ညှပ်ထားပါ။ ပြီးလျှင် အ၀ကျယ်တဲ့ ပန်းကန်တစ်ခုထဲတွင် ညှပ်ထားတဲ့ ငါးဖယ်များ၊ ဂေါ်ဖီ၊နံနံပင်၊ငရုတ် သီးစိမ်း၊အချို၊အငန်အပြင် သံပရာသီးကို အရည်ညှစ်ထည့်ပါ။ သမအောင်နယ်ကာ အရသာမြည်းပြီးရင် အိမ်သားများစိတ်ကြိုက်ဆိုရင် တော့ ခံတွင်းမြိန်စေမယ့် ငါးဖယ်သုပ်ဟင်းတစ်ခွက် ပြင်ဆင်လို့ပြီးပါပြီ။

ကြက်ဥအစပ်မွှေကြော် (ပြင်ဆင်ပြုလုပ်ပုံ)
ကြက်ဥ - ၅လုံး(ပန်းကန်တစ်လုံးထဲ ဖောက်ထည့်၍ အချို၊အငန်ထည့်ပြီး ပွနေအောင်ခေါက်ထားပါ)
ကြက်သွန်နီ - ၄ဥ (ရေဆေးပြီး ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၁၅မြွှာ (မညက်တညက် ထောင်းထားပါ)
ငရုတ်သီးစိမ်း - အတောင့် ၂၀ (ရေဆေးပြီး မညက်တညက်ထောင်းပါ)
ဆား၊သကြား၊နနွင်း - အနည်းငယ်
ဆီ - ၅ကျပ်သား

ဆီပူဒယ်အိုးထဲတွင် နနွင်းမှုန့်၊ကြက်သွန်အနီ၊အဖြူ၊ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပါ။ ကြက်သွန်များ အနည်းငယ်နွမ်းသွားပြီဆိုရင် ခေါက်ထားတဲ့ ကြက်ဥများ ထည့်မွှေလိုက်ပါ။ ကြက်ဥများကောင်းကောင်းကျက်သွားပြီဆိုရင် ငရုတ်သီးစိမ်းနံ့လေး မွှေးနေတဲ့ ကြက်ဥအစပ်မွှေကြော်သုံးဆောင်လို့ရပါပြီ။


ကြာရိုးဟင်းခါး
ကြာရိုး - ၂ခွေ (လက်တစ်ဆစ်အရွယ်ပိုင်း၍ အမျှင်လေးများဖယ်ပြီး ရေဆေးထားရန်)
ကြက်သွန်ဖြူ - ၁၀မြွှာ (မညက်တညက်ထောင်းထားပါ)
ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်း ၂ဇွန်း
ဆား၊သကြား၊ငံပြာရည် - အနည်းငယ်
ငရုတ်ကောင်းမှုန့် - သင့်ရုံ

ဟင်းရည်ချက်မည့်အိုးထဲတွင် ကြာရိုးများ အပါအ၀င်ဟင်းရည်ချက်ရာတွင် ပါဝင်မယ့် အဆာပလာများအားလုံးနှင့် ရေကိုသင့်တင့်ရုံ ထည့် ပြီး ပွက်ပွက်ဆူလာတဲ့အထိ တည်ပါ။ ဟင်းရည်ဆူပွက်လာရင် အချို၊အပေါ့၊အငန်မြည်းကာ ကြာရိုးလည်းနူးသွားပြီဆိုရင် ဟင်းရည်ကျက် ပါပြီ။

No comments: