Saturday, August 13, 2011

မဟာစီးပွား နယ်ချဲ့ဝါဒ- ဒေါက်တာနေဇင်လတ်

တစ်ချိန်က  Imperialism ဆိုတဲ့ နယ်ချဲ့ဝါဒကို ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် ကျင့်သုံး ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းမှာ အဲဒီနယ်ချဲ့ဝါဒဟာ ရုပ်ပိုင်းဆိုင်ရာ စစ်ရေးနဲ့ ကျူးကျော်မှု ပုံသဏ္ဌာန် ကနေ၊ မျက်မှောက်ခေတ်မှာ စီးပွားရေးနဲ့ ကျူးကျော် နယ်ချဲ့တဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲ သွားခဲ့တယ်၊  Super Economic Imperialism လို့ ဆိုကြတယ်၊ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ အမေရိကန်တွေက စစ်ရေး၊ စီးပွားရေး တဟုန်ထိုး တိုးတက် လာခဲ့ကြပြီး၊ အခြား ရှေ့တန်း ရောက်ခဲ့တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေက အင်အား တစ်စုံတစ်ရာ ကျဆင်း ခဲ့ကြတယ်။ အင်အားရှိသူတွေရဲ့သဘာဝအရ အမေရိကန်တွေရဲ့ အဂ္ဂဗျူဟာမှာ စီးပွားရေး နယ်ချဲ့ဝါဒဆိုတဲ့ မဟာဗျူဟာကို ထည့်သွင်း အကောင်အထည် ဖော်လာတာ တွေ့ရပါတယ်။

ဘရက်တန်ဝုဒ်

အမေရိကန် Bretton Woods မှာ ပြုလုပ်ခဲ့တဲ့ သဘော တူညီချက်ဟာ အမေရိကန်တွေရဲ့ စီးပွားရေး မဟာဗျူဟာ ဒါမှမဟုတ် စီးပွားရေး နယ်ချဲ့ဝါဒရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒေါ်လာတန်ဖိုးကို ရွှေနဲ့ ချိတ်ဆက်ပြီး၊ ဒေါ်လာကို ကမ္ဘာ့အဓိက ငွေကြေးအဖြစ် ပုံသွင်းခဲ့တယ်။ အဲဒီနောက်ပိုင်း  IMF (International Monetary Fund)ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့၊ ကမ္ဘာ့ဘဏ်(World Bank)လို အဖွဲ့အစည်းတွေမှာ အမေရိကန်တွေက သြဇာ လွှမ်းမိုးထားတယ်။ ကမ္ဘာ့ကုလသမဂ္ဂကြီးမှာ ဗီတို သုံးနိုင်တဲ့ နိုင်ငံ(၅)နိုင်ငံ ရှိပေမယ့် ၊ IMF လို နေရာမျိုးမှာ ဗီတို သုံးနိုင်တဲ့ နိုင်ငံဟာ အမေရိကန် တစ်နိုင်ငံတည်းသာ ရှိပါတယ်။ တစ်လောက IMF ရဲ့အကြီးအကဲ အသစ်အဖြစ် လာဂါတ် ဖြစ်လာရတာဟာ အမေရိကန်တွေရဲ့ ထောက်ခံမှုကို ရလို့ပဲ ဖြစ်ပါတယ်။ IMF အကြီးအကဲတိုင်းဟာ အမေရိကန်တွေရဲ့ သြဇာ လွှမ်းမိုးမှုအောက်မှာ ရှင်သန်ကြရတယ်။ အမေရိကန်တွေနဲ့ သဘောထား တိုက်ဆိုင်တဲ့ နိုင်ငံတွေကို IMF ကနေ ငွေချေး ပေးပေမယ့် ၊ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံတွေကိုတော့ IMF က ချေးငွေ ထုတ်ပေးလေ့ မရှိပါဘူး။ ဒါကြောင့် IMF တို့၊ World Bank တို့ရဲ့ အကူအညီ လိုချင်တယ် ဆိုရင် အမေရိကန်တွေရဲ့ သြဇာ အနည်းအများကို ခံရလေ့ ရှိရတယ်။ ကမ္ဘာ့ကုလသမဂ္ဂကြီး ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ စစ်ရေးအရ နယ်ပယ်ချဲ့ထွင်မှုထက် နိုင်ငံ တစ်နိုင်ငံအပေါ် စီးပွားရေးအရ အပေးအယူတွေနဲ့ သြဇာချဲ့ထွင် ကြရာမှာ အမေရိကန်တွေ အင်အား အကောင်းဆုံး  ဖြစ်လာခဲ့တယ်။

ကမ္ဘာ့ရွှေ သုံးပုံနှစ်ပုံ

(၁၉၄၉)ခုနှစ် လောက်တုန်းက ကမ္ဘာ့ရွှေ ပမာဏရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်တွေ ပိုင်ဆိုင်ခဲ့ကြတယ်။ ရွှေတန်ဖိုးနဲ့ ဒေါ်လာတန်ဖိုးကို တိုက်ရိုက် ချိတ်ဆက် ထားနိုင်တာကြောင့် ဒေါ်လာရဲ့ သြဇာဟာလည်း ကမ
ာကြီးမှာ တစ်နေ့တခြား ကြီးမား လာခဲ့တယ်။ (၁၉၆၀)ပြည့်နှစ်မှာ အင်အားကြီးနိုင်ငံ(Super State) ဖြစ်လာပြီး ဥရောပနဲ့တကွ အခြားနိုင်ငံများအပေါ် သြဇာ တစ်စတစ်စ လွှမ်းမိုး လာခဲ့တယ်။ မျက်မှောက် အချိန်မှာတော့ အမေရိကန်တွေရဲ့ ဒေါ်လာတန်ဖိုးဟာ တအိအိ ကျဆင်းနေပြီး၊ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ ရွှေတွေဟာလည်း အရှေ့အလယ်ပိုင်း အပါအဝင် နိုင်ငံ အတော်များများဆီကို ပြန့်ကျဲ ရောက်ရှိသွားခဲ့တယ်။ တစ်ဖက်က တရုတ်ရဲ့ စီးပွားရေး အင်အားက တရိပ်ရိပ် တက်လာပြီး၊ ရက်ပိုင်း အတွင်းက သုံးသပ်ချက်မှာ တရုတ်တွေရဲ့ စီးပွားရေးအဆင့်ဟာ ထွန်းသစ်စ(Emergence)အဆင့် မဟုတ်တော့ဘဲ ပါဝါ အဆင့်ကို သည်နှစ် အောက်တိုဘာလမှာ ရောက်သွား လိမ့်မယ်လို့ အမေရိကန် ကျွမ်းကျင်သူတွေက လေ့လာ ဆန်းစစ်မှုတွေအရ ထုတ်ဖော် ပြောကြားခဲ့တယ်။

မဟာဗျူဟာ အပြောင်းအလဲ

တစ်ချိန်က မြီစား (Debtor) ဖြစ်ခဲ့တဲ့ အမေရိကန်ဟာ အခု အကြွေးတင်ခံရသူ မြီရှင် (Creditor) အဖြစ် ပြောင်းလဲလာခဲ့တယ်၊ အမေရိကန်ရဲ့ ငွေတိုက်စာချုပ် ဘီလီယံ များစွာကို တရုတ်တွေက ဝယ်ထားခဲ့တော့ အမေရိကန်တွေရဲ့ အကြွေးရှင်က တရုတ်တွေ ဖြစ်လာခဲ့ပါပြီ။ အမေရိကန်တွေရဲ့ စီးပွားရေး တစ်နှစ် တိုးတက်နှုန်းက (၃%)ရောက်အောင် အသည်းအသန် မောင်းနှင်ရပေမယ့် တရုတ်တွေက သာသာလေး တစ်နှစ်(၁၀%) ကျော်နဲ့ နှစ်ပေါင်း (၂၀) ကျော် တိုးတက်ခဲ့တာ တွေ့ရတယ်။ ကမ
ာကြီးကို စီးပွားရေးအရ သြဇာ ဆက်လက် လွှမ်းမိုးနိုင်အောင် အမေရိကန်တွေ ဆက်လုပ်ရတယ်။ အကြွေး ဒေါ်လာသန်းပေါင်း သန်းနဲ့ချီပြီး အတင်ခံနေရတဲ့ အမေရိကန်တွေဟာ မကြာသေးခင်ကမှ သူတို့ရဲ့မဟာဗျူဟာကို အသစ်ပြန်ပြီး မွမ်းမံခဲ့တယ်။ အမေရိကန်တွေရဲ့ အက်ဆက်ကို အခြားနိုင်ငံတွေအတွက် ပိုင်ဆိုင်ခွင့် ပေးထားပြီး ဩဇာရယူတဲ့ မဟာဗျူဟာ ဖြစ်တယ်။ Terrance Mc Carthy ဆိုတဲ့ သူပေးခဲ့တဲ့ မှတ်ချက်က.........

"သည်ရာစုနှစ်ထဲမှာ အလွန် အရေးကြီးတဲ့ ဆောင်ရွက်ချက်ပါ။ လီနင်ရဲ့ အရင်းရှင်ဝါဒ အကြောင်း ရေးခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်တွေရဲ့ အခုလို ဆောင်ရွက်မှုဟာ အရင်းရှင် စီးပွားရေးကို လိုနီနယ်ချဲ့ဝါဒအနေနဲ့ ကွဲပြား ခြားနားမှုနဲ့ နည်းလမ်း အသစ်ကို စုပေါင်းထားတဲ့ ပထမဦးဆုံးသော မဟာဗျူဟာ ဆောင်ရွက်ချက် ဖြစ်တယ်" ။ Michael Hud-son ဆိုသူက နိုင်ငံတကာ ငွေကြေးဆိုင်ရာ ဘောဂဗေဒ ပညာရပ်ကို သင်ကြားနေသူ ဖြစ်ပြီး၊ ဆောင်းပါးပေါင်း များစွာကို ရေးသား ခဲ့သူလည်း ဖြစ်တယ်။ ကမ
ာကျော် Chase Manhattan Bank ၊ Author Anderson နဲ့  Continental Oil တွေအတွက် အလုပ်လုပ်ပေးနေတဲ့ သူလည်း ဖြစ်ပြီး၊ အမေရိကန်ရဲ့ ခေတ်သစ် အရင်းရှင် နယ်ချဲ့ဝါဒ အကြောင်းကိုလည်း တက္ကသိုလ်တွေမှာ သင်ကြား ပေးနေပါတယ်။ အမေရိကန်တွေရဲ့ အကြွေးပင်လယ်ဝေ အခြေအနေကနေ စီးပွားရေး အရင်းရှင် နယ်ချဲ့ဝါဒ ဖြစ်စဉ်နဲ့ ဆောင်ရွက်မှု မဟာဗျူဟာကို ဝါရင်တန်မှာရှိတဲ့  Institute for Policy Studies မှာ သင်ကြားခဲ့ရာ ကျောင်းသားတွေရဲ့ ထောက်ခံ စိတ်ဝင်စားမှု များစွာကို ရရှိခဲ့တယ်။ Michael Hudson ရေးခဲ့တဲ့ "Super Imperia-lism" စာအုပ်ဟာ အမေရိကန်တွေရဲ့ စီးပွားရေး မဟာဗျူဟာကို ဖော်ထုတ်ထားတာ ဖြစ်ပြီး၊ အရောင်းရ အကောင်းဆုံး  "Best Seller" ထဲမှာ ပါဝင်ခဲ့တယ်။ သည်စာအုပ်ဖတ်ပြီး အကြွေး ပင်လယ်ဝေနေတဲ့ အမေရိကန်တွေကို မကြာခင်မှာ အကြွေးရှင်တွေ ဖြစ်တဲ့ တရုတ်တွေက ဇက်ကြိုးတပ်ပြီး လိုရာခိုင်းတော့မယ်လို့ သုံးသပ် နေကြတဲ့ သူတွေကို အတော်ကြီး အံ့သြ သွားစေခဲ့တယ်။ တချို့ကတည်း သံသယနဲ့ ဖြစ်တယ်။

ဘာကြောင့် အမေရိကန်တွေ အသက်ပြင်းတာလဲ

ပထမ
ကမ္ဘာစစ်အထိ အမေရိကန်တွေဟာ ကမ္ဘာမှာ ဦးဆောင်ကဏ္ဍက မရှိခဲ့သေးဘူး။ ဒုတိယ ကမာစစ်မှာ စစ်လက်နက် ပစ္စည်းရောင်းချရင်း ကြီးပွား လာတယ်။ General Motor,Ford,Chrysler တို့ရဲ့ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံပေါင်း များစွာဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက လက်နက်ပေါင်းစုံ ထုတ်တဲ့ စက်ရုံကြီး တွေပါ။ မော်တော်ကား စက်ရုံကနေ လိုအပ်တဲ့ အချိန်မှာ လက်နက် စက်ရုံအဖြစ် ချက်ချင်း ပြောင်းလဲ တီထွင် လိုက်နိုင်တဲ့ အတွေ့အကြုံက အမေရိကန်တွေရဲ့ ဝိညာဉ်တွေ ဖြစ်လာပါတယ်။ အဲဒီ အချိန်ကစပြီး အမေရိကန် လူမျိုးတွေဟာ တီထွင် ဆန်းသစ်မှုရဲ့ရလဒ်ကို ကောင်းကောင်းကြီး ခံစား အသုံးချ လာတတ်ကြတယ်။ သုတေသနတွေအရ အမေရိကန် လူမျိုးတွေ တစ်ရာမှာ တီထွင် ဆန်းသစ်နိုင်သူ (၁၂.၅%) လောက် ရှိကြပြီး၊ ဂျပန်လို  စက်မှု နိုင်ငံကြီးမှာတောင် လူတစ်ရာမှာ နှစ်ယောက်ကျော် လောက်ပဲ ရှိတာ တွေ့ရပါတယ်။

အမေရိကန် လူမျိုးတွေရဲ့ အသက်နဲ့ဝိညာဉ်ဟာ တီထွင် ဆန်းသစ်မှု ဖြစ်မှန်းမသိ ဖြစ်လာတယ်။ အဲဒီ တီထွင် ဆန်းသစ်နိုင်မှုကိုကပဲ အမေရိကန်တွေကို အသက်ပြင်းစေတဲ့ အဲဒီက မောင်းနှင်အား ဖြစ်စေခဲ့တယ်။ (၂၀၀၈)ခုနှစ် ကမ္ဘာ့စီးပွားရေး ပျက်ကပ် အတွင်းမှာ ပြန်ပြီး နာလန်ထဖို့ ငါးနှစ်၊ခြောက်နှစ် ကြာမယ်လို့ သုံးသပ်နေတဲ့ကြားက တစ်နှစ် အကြာလေးမှာပဲ အမေရိကန်တွေက နာလန်ထပြီလို့ ကြွေးကြော်နိုင်ခဲ့ ကြတာဟာ သူတို့ရဲ့ တီထွင် ဆန်းသစ်နိုင်မှုကြောင့် ဖြစ်တယ်။ သာမန်အားဖြင့် ကုမ္ပဏီ တစ်ခုက ကုန်ပစ္စည်း တစ်ခုကို ထုတ်လုပ်တယ်။ အခြား ကုမ္ပဏီတွေကလည်း အလားတူ လိုက်ပြီး ထုတ်လုပ်ကြတယ်။ ပြီးတော့ ဈေးကွက်ထဲမှာ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ပြီး ရောင်းချတတ်ကြတာ တွေ့ရလိမ့်မယ်။ ကြော်ငြာတွေ မတန်တဆ သုံးပြီး ကိုယ့်ပစ္စည်း များများ ရောင်းချရရေးအတွက် တွန်းတွန်းတိုက်တိုက် အပြိုင်ကြဲကြတဲ့ စနစ်ကို Push System လို့ သတ်မှတ် ကြပါတယ်။

အမေရိကန်တွေက Pull System ကို သုံးခဲ့ကြတယ်။ သူများ မထုတ်သေးတဲ့ ကုန်ပစ္စည်းတွေကို တီထွင် ဆန်းသစ်ပြီး ဦးဦးဖျားဖျား ထုတ်လုပ်ကြတယ်။ ဥပမာ သမားရိုးကျ ကုန်ပစ္စည်းတွေကြားက လုပ်ဆောင်ချက် များစွာနဲ့ ထွက်လာတဲ့  iPad,iPhone,iPod တွေလိုပေါ့။ ဆန်းသစ်မှုကို ကြိုဆိုကြတာ၊ အသုံးပြုချင်ကြတာ လူ့သဘာဝပါပဲ။ အမေရိကန်တွေက တီထွင်မှု အသာစီးနဲ့ ထုတ်ကုန် ပစ္စည်းအသစ်ကို ထုတ်လုပ်နိုင်တော့ ဝယ်ယူသူတွေက အဲဒီ ပစ္စည်းနောက်ကို လိုက်ကြတယ်။ ဝယ်ယူသူတွေကို ကုန်ပစ္စည်းက ဆွဲဆောင်သွားတဲ့ သဘောပေါ့။ ဒါကြောင့် Pull System လို့ ဆိုတာပါ။

ဘဏ္ဍာရေးနဲ့ ရှယ်ယာ ဈေးကွက်မှာလည်း အမေရိကန်တွေရဲ့ တီထွင် ဆောင်ရွက်မှုတွေက အများကြီးပါပဲ။ အခြားနိုင်ငံတွေက လိုက်ပြီး အတုခိုး ကြရတဲ့ အဆင့်ဖြစ်တယ်။ တီထွင်မှု ကောင်းမှာ ကိုင်တွယ်မှု လျော့ပေါ့ လွန်းတဲ့အတွက် (၂၀၀၈)ခုနှစ်မှာ Sub-prime ဈေးကွက်ကစပြီး ဘဏ္ဍာရေး ပြိုလဲမှု ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တီထွင်မှုကြောင့်ပဲ အမေရိကန်တွေ အစောကြီး နာလန် ပြန်ထူလာခဲ့ကြတယ်။ အခုလည်း အမေရိကန်တွေရဲ့ ခေတ်သစ် အရင်းရှင် ပုံစံဖြစ်တဲ့ မဟာစီးပွားရေး နယ်ချဲ့ဝါဒ  (Super Economic Imperialism) ကစပြီး အသက်ဝင် လာနေပါပြီ။ လက်သစ် အရင်းရှင် နယ်ချဲ့ဝါဒ ဘယ်လောက် အင်အားကောင်း လာမလဲ ဆိုတာ မဟာဗျူဟာ ဘယ်လောက် မှန်ကန်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ တရုတ်နဲ့ အမေရိကန်မှာ ကြွေးတင်တဲ့သူက အသားစီး ရမလား၊ အကြွေးတင်ခံရတဲ့ သူကပဲ အကျိုးအမြတ် ရှိမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။

ဒေါက်တာ နေဇင်လတ်
Credit < Opportunityjournal>

No comments: