Saturday, August 20, 2011

သင့်နှာခေါင်းနှင့် ပါးစပ်မှ အနံ့ဆိုးမထွက်စေရန်

သင့်ရှူထွက်လိုက်တဲ့လေပဲဖြစ်ဖြစ်၊ သင့်ပါးစပ်မှပဲဖြစ်ဖြစ် မကောင်းတဲ့အနံ့မျိုးတွေ ထွက်နေရင် ပျောက်ကင်းသွားစေမယ့် နည်းလမ်း များကို ဖော်ပြလိုပါတယ်။

(၁) ရေ
ဘယ်လိုလုပ်ပေးသလဲ = ခံတွင်းအနံ့ဆိုးထွက်ရခြင်းအကြောင်းရင်းက လျှာပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက အစားအစာနှင့် ချွဲ မြှေးထဲရှိ အသားဓာတ်တွေကို ခြေဖျက်ရာမှ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သကြားနှင့် နို့ထွက်အစားအစာများကို ခြေဖျက် တဲ့အခါ ဘက်တီးရီးယားပိုးက ဆဲလ်ဖာဓာတ်ငွေ့တွေ ထုတ်လွှတ်တတ်ပါတယ်။ ဒါကြောင့် အနံ့ဆိုးထွက်ရခြင်းဖြစ်တယ်။

ဒါပေမဲ့ ဘက်တီးရီးယားကို သတ်နိုင်တာကတော့ အောက်စီဂျင်ဓာတ်ငွေ့ပါပဲ။ တံတွေးထဲမှာရှိတဲ့ အောက်စီဂျင် ဘက်တီးရီးယားကို ဖယ် ရှားနိုင်ပါတယ်။ အောက်စီဂျင်ပါတဲ့ တံတွေးများ ထွက်လာစေရန် လုပ်ပေးရမှာကတော့ ရေများများသောက်ဖို့ပဲဖြစ်ပါတယ်။ ရေကိုယ်တိုင် ကလည်း အနံ့ဆိုးကို ပျက်ပြယ်စေနိုင်ပါသေးတယ်။

သိထားသင့်တဲ့အချက် = အချို့သောဆေးဝါးများ ဥပမာ သွေးတိုးကျဆေး စိတ်ကျရောဂါကုဆေးဖြစ်တယ်။ ဆန့်ကျင်ဆေး(ဘာမီတွန်လို ဆေးမျိုး) မှာ သောက်ပါက အာခေါင်ခြောက်တတ်သည် ဆိုတာသိထားသင့်ပါတယ်။ အဲဒီဆေးတွေ သောက်မယ်ဆိုရင် သင့်အနေနဲ့ တစ်နေ့လျှင် ရေ၈ဖန်ခွက်သောက်ရမည် ဆိုတာထက် ပိုပြီးသောက်ဖို့လိုပါတယ်။

(၂) ဟင်းသီးဟင်းရွက်များ
ဘယ်လိုလုပ်ပေးသလဲ = တရုတ်နံနံကြီးနှင့် သခွားသီးကဲ့သို့သော အမျှင်ပါသည့် ဟင်းသီးဟင်းရွက်များသည် တံတွေးကိုပို၍ထွက်စေပါ တယ်။ အနံ့ဆိုးထွက်စေတဲ့ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။ သခွားသီးတစ်စိတ်ကို လျှာနဲ့ အာခေါင် ပိုးကြားမှာ စက္ကန့်၉၀ လောက် ထားပေးလိုက်ရင် ခံတွင်းနံ့ဆိုးတွေ ပျောက်သွားနိုင်ပါတယ်။ (၀ါးလိုက်ရင်) ဂျိုးဂျိုးဂျွတ်ဂျွတ် အသံမြည်တဲ့ ဟင်းသီးဟင်းရွက် တွေကို ၀ါးပေးလျှင် ဘက်တီးရီးယား ပိုးပေါက်ပွားမှုကို အားပေးသည့် သွားနှင့် သွားဖုံးပေါ်က သွားချေးများကို ဖယ်ရှားပေးနိုင်ပါတယ်။

သိထားသင့်တဲ့အချက် = တရုတ်နံနံ အသေးသည်လည်း အနံ့ဆိုးသက်သာစေပါတယ်။ ဒါကြောင့် နောက်တစ်ခါ ညစာစားပွဲသွားတဲ့အခါ စားပြီးရင်း ၀ါးဖို့ တရုတ်နံနံပင်လေးဆောင်သွားပါ။

(၃) လက်ဖက်ရည်ကြမ်း Green tea
ဘယ်လိုလုပ်ပေးသလဲ = ၂၀၀၇ ခုနှစ်က လေ့လာချက်တစ်ခုအရ လက်ဖက်ရည်ကြမ်းထဲမှာပါတဲ့ polyphenols ဆိုတဲ့ ဓာတ်ပစ္စည်းများ က (ခံတွင်းနံ့ဆိုးစေတဲ့ ဆဲလ်ဖာဒြပ်ဟောင်း) များခြင်းကို ယာယီအားဖြင့် ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ဖက်ခြောက်ပဲ ခတ်ထားသော ရေနွေးကြမ်းကိုသာ သောက်ရမယ်ဆိုတာသိထားပါ။ နွားနို့နဲ့ သကြားထည့်ပြီး သောက်ရင် သင်ဖယ်ရှားဖို့ ကြိုးစားနေတဲ့ ဘက်တီးရီးယားပိုးတွေ ပိုပြီးတောင် များလာပါလိမ့်မယ်။

သိထားသင့်တဲ့အချက် = Mint လို့ခေါ်တဲ့ ပရုတ်အေးပါတဲ့ လက်ဖက်ရည်ကလည်း ခံတွင်းနံ့ဆိုးကို ပျောက်စေပါတယ်။ အထူးသဖြင့် ကြက်သွန်ဖြူနဲ့ ဆီအနံ့ကို ဖယ်ရှားရာမှာ ပိုပြီးကောင်းပါတယ်။

(၄) Tea-tree အဆီ
ဘယ်လိုလုပ်ပေးသလဲ = tea-tree အပင်မှ ထွက်သော ဒီအဆီက ဘက်တီးရီးယားပိုးများကို ဆန့်ကျင်ပေးသော အာနိသင်ရှိပါတယ်။ tea-tree အဆီ တစ်စက်နှစ်စက်လောက်ကို သွားပွတ်တံပေါ်လောင်းပြီး သွားဖုံးလိုင်းတွေနှင့် လျှာနောက်ပိုင်းကို တိုက်ပေးပါ။ ပြီးတော့ ပိုလျှံနေသော အဆီများကို ထွေးထုတ်လိုက်ပါ။ tea-tree အဆီက အနံ့ဆိုးထွက်စေသော ဘက်တီးရီးယားပိုးများကို ဖယ်ရှားပေးလိမ့် မှာဖြစ်ပါတယ်။

သိထားသင့်တဲ့အချက် = ပညာရှင်များအနေနှင့် ဤကဲ့သို့ essential oils များသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေနိုင်တယ်ဆိုတာ သေချာစွာ မသိရသေးပါဘူး။ ဒါကြောင့် နို့တိုက်မိခင်နှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများ သုံးစွဲဖို့ မတိုက်တွန်းပါဘူး။

(၅) သကြားမပါတဲ့ ပီကေ
ဘယ်လိုလုပ်ပေးသလဲ - ဒီမှာလည်း တံတွေးအကြောင်းပါပဲ။ ပီကေ (သို့မဟုတ်) ၀ါးရတဲ့ chewing gun များက တံတွေးထုတ်လုပ်မှုပွား စေတယ်။ သို့သော် ပီကေတိုင်းတော့ မဟုတ်ပါဘူး။ သကြားပါတဲ့ပီကေဆိုရင် ဆဲလ်ဖာထွက်စေတဲ့ ဘက်တီးရီးယားပေါက်ပွားအောင် ပိုမိုအားပေးပါလိမ့်ဦးမယ်။ sugar alwhal, xylitol, sorbitol တို့လို သဘာဝအချိုအရသာပေးပစ္စည်း (natural sweetener) ပါဝင်သော ပီကေများကို ၀ယ်ပြီး ၀ါးပေးရမှာဖြစ်ပါတယ်။ သကြားမပါသော ပရုတ်အေး ငုံဆေးပြားများကလည်း အနံ့ဆိုးကို ယာယီအားဖြင့် သက် သာစေနိုင်ပါတယ်။

သိထားသင့်တဲ့အချက် - သကြားမပါတဲ့ ပီကေနဲ့ အကျွမ်းတ၀င်မဖြစ်သေးရင် ပထမဦးစွာ ၀ါးကြည့်ပါ။ အချို့သူများက sugar alcohol နှင့် သဟဇာတမဖြစ်တတ်ကြပါ။ လေပွခြင်း၊ဗိုက်အောင့်ခြင်းများ ခံစားကြရတတ်ပါတယ်။

(၆) ပလုတ်ကျင်းပေးခြင်း
ဘယ်လိုလုပ်ပေးသလဲ - အမေရိကန် သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း အဆိုအရ ချိုသော ပလုတ်ကျင်းဆေးရည်များဟာ ခံတွင်းအနံ့ ကို ပရုပ်နံ့တွေ ဖြစ်သွားအောင် လုပ်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီပလုတ်ကျင်းဆေးရည်တွေထဲမှာ cetylpyridinium chloride လို့ခေါ် တဲ့ ပိုးသတ်ဆေးတွေ ပါဝင်ပြီး အဲဒီဆေးတွေက သွားဖုံးရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ခံတွင်းအနံ့ကိုလည်း ဖြစ်စေပါတယ်။ ပလုတ်ကျင်းဆေးရည်က သင့်ရဲ့လျှာနဲ့ပါးစောင်များကို လောင်ကျွမ်းစေခဲ့ရင် အယ်လ်ကိုဟော မပါသော အမျိုးအစားကို ၀ယ်ယူသုံးစွဲပါ။ ဒါမှမဟုတ် အဲဒီပလုတ်ကျင်းဆေးရည်ကို ရေအနည်းငယ်နဲ့ရောပြီး ပြင်းအားပျော့သွားအောင် လုပ်ပြီးမှ သုံးစွဲပါ။ ထိရောက်မှု အာနိသင် နည်းသွားနိုင်သော်လည်း အကျိုးကျေးဇူးတော့ ရနိုင်ပါသေးတယ်။

သိထားသင့်တဲ့အချက် - အိပ်ရာဝင်ချိန်မှာ သွားတိုက်ပြီးနောက် ပလုတ်ကျင်းဆေးရည်နဲ့ ပလုတ်ကျင်းပေးခြင်းသွားပွတ်ကြိုးဖြင့် ထိုးခြင်း ပြုလုပ်ပါက နောက်တစ်နေ့နံနက်တွင် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့လည်ချောင်းနှင့် လျှာ၏နောက် ဘက်တွင် ရှိသော ဘက်တီးရီုးယားပိုးများကို ဖယ်ရှားနိုင်ရန်အတွက် အနည်းဆုံး စက္ကန့်သုံးဆယ်ခန့်နဲ့အထက် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။

မောင်(ဆေးတက္ကသိုလ်)

No comments: