Tuesday, August 2, 2011

ပုစွန်ဘော့ချိတ်လှော်သုပ်၊ ငါးကလေးအကြွပ်ကြော်နှင့် ဒန့်သလွန်ရွက်ဟင်းချို

ချက်ပြုတ်တဲ့ကိစ္စဟာ အမျိုးသမီးတွေအတွက်ဖြစ်ပြီး အမျိုးသားတွေက အဆင်သင့်စားသောက်တဲ့အလေ့အကျင့်ဖြစ်နေတာဟာ နှစ် ကာလကြာညောင်းလှပါပြီ။

ဒါပေမဲ့အခုနောက်ပိုင်းခေတ်တွေမှာတော့ တစ်ကိုယ်တည်းနေကျင့်ရှိလာတဲ့အမျိုးသားများဟာလည်း ကိုယ်တိုင်ချက်ပြုတ်စားသောက်ရတာကို လက်တွေ့လာကြပါတယ်။ ဒါကြောင့် အခု ကျွန်တော်စဉ်းစားမိတာက တစ်လကို ရက်၃၀ ရှိတယ်။ အဲဒီအတွက် တစ်နေ့ဟင်းအတွဲအစပ်တစ်မျိုးများစဉ်းစားချက်ပြုတ်ရရင် အိုကေမလားလို့။ ကျွန်တော်ကတော့ သင့်တော်ရာ အတွဲအစပ်ကို Day 1, Day 2 ဆိုပြီးလုပ်ထားပေမဲ့ ကိုယ်သင့်တော်သလိုတွဲဖက်ချက်ပြုတ်စားသောက်နိုင်ပါတယ်လို့နော်။

ပထမရက် (၁)

ပုစွန်ဘော့ချိတ်လှော်သုပ်၊ ငါးကလေးအကြွပ်ကြော်နှင့် ဒန့်သလွန်ရွက်ဟင်းချို

ပုစွန်ဘော့ချိတ်လှော်သုပ် ပါဝင်ပစ္စည်းများ
ပုစွန်ဘော့ချိတ်လတ်လတ် - ၃၀ကျပ်သား
ခရမ်းချဉ်သီး အနေတော် - ၂ လုံး
ကြက်သွန်နီ - ၂ ဥ
သံပရာရည် - စတီးဇွန်းသေး ၂ ဇွန်း
ဆား၊သကြား၊နံနံပင် - အနည်းငယ်စီ
ငရုတ်သီးစိမ်း - ၅တောင့်

ပြင်ဆင်/ချက်ပြုတ်ပုံ
ပုစွန်ကို အကောင်လိုက် ရေအရင်ဆေးပါ။ ပြီးမှ ခေါင်းခြွေ၊ အခွံချွတ်၊ ကျောက ချေးကြောင်းထုတ်ကာ ရေပြန်ဆေးပြီး ဆား၊သကြားတို့ နဲ့နယ်ပါ။ ပြီးရင် ဒယ်နဲ့ခဏလှော်ထားပါ။ ခရမ်းချဉ်သီးကို ရေဆေးကာ ပါးပါးဘှီး၊ ကြက်သွန်ကိုလည်း အခွံနွှာ၊ ပါးပါးလှီး၊ ရေဆေး၊ ငရုတ်သီးစိမ်းကို အညှာခြွေ၊ရေဆေးကာ အကွင်းလေးတွေ ပါးပါးလှီးပါ။ နံနံပင်ကိုရေဆေးပြီး မထူမပါးလေး လှီးထားပါ။

အားလုံးပြင်ပြီးရင် ပန်းကန်ပြားတစ်ချပ်မှာ ပုစွန်လှော်နဲ့သုပ်မယ့်အစာတွေရယ်၊ သံပရာရည်၊ ဆား၊သကြား နည်းနည်းရယ် ထည့်ပြီး သမ အောင်မွှေနယ်ပါ။ သံပရာနံ့အပြင် လှော်ထားတဲ့ ပုစွန်ရဲ့အနံ့လေးမွှေးနေတဲ့ ပုစွန်လှော်သုပ်ရပါပြီ။

ငါးကလေးအကြွပ်ကြော် ပြင်ဆင်ချက်ပြုတ်ပုံ

ငါးသံချိတ် (သို့) ငါးသစ်တုံး (သို့) ငါးသလဲထိုး - ၂၀ဆယ်သား
ဆား၊သကြား၊နနွင်း - အနည်းငယ်စီ
ဆီ - ၁၅ ကျပ်သား

ပထမဆုံး ငါးကလေးများကို အရိအရွဲများစင်သွားအောင် ဆားနဲ့ပွတ်နယ်၍ ရေစင်အောင်ဆေးပစ်ပါ။ ပြီးရင် ဆား၊သကြား၊နနွင်းနဲ့သမ အောင်နယ်ပြီး ဆီပူအိုးထဲတွင် ရွှေဝါရောင်သန်းပြီး ကြွပ်ရွလာတဲ့အထိ ကြော်ပေးပြီးရင် ပန်းကန်တစ်ချပ်ထဲ ဆယ်ထည့်ထားပါ။ ငါး ကလေးအကြွပ်ကြော် စားသုံးလို့ရပါပြီ။ ဟင်းအမယ်နဲ့ လိုက်ဖက်မယ့် အရည်သောက်တစ်ခွက်လည်း ပြင်ဆင်ပေးထားပါတယ်။

ဒန်သလွန်ရွက်ဟင်းချို ပြင်ဆင်ချက်ပြုတ်ပုံ

ဒန့်သလွန်ရွက် အစည်းကြီး - ၁ စည်း (အရွက်များခြွေ၍ ရေဆေးထားပါ)
ပုစွန်ခြောက်အမှုန့် - စတီးဇွန်းကြီး ၁ဇွန်း
ကြက်သွန်ဖြူ - ၆ မြွှာ (ထုထောင်းထားပြီး)
ငံပြာရည် (အချိုစား) - စတီးဇွန်းသေး ၂ဇွန်း
ဆား (အချိုအရသာအတွက်) ကြက်သားမှုန့် - အနည်းငယ်စီ

အနေတော် ဒန်အိုးထဲမှာ ရေ နို့ဆီဘူး ၄ဘူးထည့်၍ ဆူပွက်တဲ့အထိ တည်ပါ။ ရေနွေးပွက်လာရင် အသင့်ပြင်ဆင်ထားတဲ့ ဒန့်သလွန် ရွက်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ အချို၊အငန် အားလုံးထည့်ပြီး အရွက်များ ဆူပွက်တဲ့အထိ ပြန်တည်ပါ။ ဟင်းရည်ပြန်ပွက်ပြီး အရ သာမြည်းပြီးရင် မီးဖိုပေါ်မှချလိုက်ပါ။ အရွက်စိမ်းစိမ်းလေးနဲ့ ပူပူလေး သုံးဆောင်ရင် ပိုပြီးအရသာရှိပါတယ်။

မှတ်ချက် - ငရုတ်ကောင်းမှုန့် နှစ်သက်ရင် ထည့်သုံးနိုင်ပါတယ်။

No comments: