Wednesday, January 26, 2011

HIV အတွက် ဘယဆေးပင် ကုထုံး

ရောဂါပိုးကူးစက်ခံထားရသော သူများသည် ဆေးဖက်ဝင် ဘယဆေးပင်များကိုအောက်ပါ အကျိုးအာနိသင်များ ရရှိစေ ရန် သုံးစွဲလေ့ရှိကြသည်။

(က) ကိုယ်ခံစွမ်းအားတိုးတက်စေရန်

ရောဂါကို ခုခံတိုက်ဖက်နိုင်သော ကိုယ်ခံစွမ်းအား တိုးတက်စေရန်အတွက် ခုခံအားကို လှုံ့ဆော်တိုးတက်စေသော ဆေးပင်များ။ ဥပမာ - ဂျင်စင်း၊ လင်ဇီးမှို အစရှိသည်တို့ကို မှီဝဲလေ့ရှိကြသည်။

သို့သော် ခန္ဓာကိုယ်၏ ရောဂါခုခံစနစ်ကို လှုံ့ဆော်တိုင်း ကောင်းသည်မဟုတ်ပါ။ ကိုယ်ခံအား အပိုင်းတွင် ကောင်း သောအပိုင်းနှင့် မကောင်းသောအပိုင်းဟူ၍ရှိသည်။ မကောင်းသောအပိုင်းကို လှုံ့ဆော်မိပါက ရောဂါကိုပိုမိုဆိုးရွား စေတတ်သောကြောင့် တချို့ဆေးပညာရှင်များက အန္တရာယ်ရှိသော ကုထုံးတစ်ခုအဖြစ် သတ်မှတ်ကြပါသည်။

(ခ) ပိုးသေးစေရန်

ကိုယ်ခံအား ကျဆင်း၍ ကူးစက်ရောဂါများကို ကာကွယ်ကုသရန် ပိုးသေစေသော အာနိသင်ရှိသည့်ဆေးပင်များ။ ဥပမာ - ကြက်သွန်ဖြူတို့ကိုလည်း မှီဝဲတတ်လေ့ရှိသည်။

(ဂ) HIV ပိုးသေစေရန်

ပိုးကိုသတ်ဖြတ်နိုင်သည်ဟု ယူဆသော ဆေးပင်များ၊ ဥပမာ - ရှားစောင်းလက်ပပ်၊ ကြက်သွန်ဖြူ၊ နွယ်ချို၊ သံလွင်ရွက် များကိုလည်း သုံးစွဲလေ့ရှိကြသည်။ သို့သော် ဆေးဝါးများလောက် ပိုးကိုနှိမ်နင်းသော အာနိသင်ရှိသည့် ဘယဆေးပင် များကို ယခုထက်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။

(ဃ) Antioxidant အာနိသင်ရစေရန်

HIV ရရှိသူများတွင် oxidant ခေါ် ခန္ဓာကိုယ်ကို အန္တရာယ်ပြုတတ်သည့် Antioxidant ဓာတ်တစ်မျိုးများစွာ ဖြစ်တတ် သည်။ ထိုဓာတ်ကို ထိန်းချုပ်နိုင်ရန် ဓာတ်များပါဝင်သည့် ချင်း၊နနွင်းပင်များကို သုံးစွဲတတ်ပါသည်။

(င) ARV ဆေးဝါးများ၏ မလိုလားအပ်သော ဆိုးကျိုးအာနိသင်များကို သက်သာစေရန်

ARV ဆေးဝါးများသောက်သုံးခြင်းကြောင့် ပျို့အန်ခြင်းအတွက် ချင်း၊ အသည်းရောင်ခြင်းအတွက် နွယ်ချိုနှင့် Milk Thistle၊ သွေးအဆီများခြင်းအတွက် ကြက်သွန်ဖြူ၊ ချင်း၊ဂျင်ဆင်းတို့ကို အသုံးပြုလေ့ရှိကြသည်။ ယနေ့အထိ HIV ပိုးကို ကုသရာတွင် အားထားရသော ဘယဆေးပင်များကို မတွေ့ရသေးပါ။

ARV ဆေးများကို သောက်သုံးနေသူများသည် ဘယဆေးပင်များကိုလည်း တွဲဖက်စားသုံးပါက အချင်းချင်း ဓာတ်တုံ့ ပြန်မှုဖြစ်ပြီး မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပွားတတ်သောကြောင့် သတိထားသင့်ပါသည်။

တရားထိုင်ခြင်း MEDITATION

သုတေသနပြုချက်များအရ HIV ကူးစက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများသည် ရောဂါကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူများနှင့်စာလျှင် စောစီးစွာ သေဆုံးကြသည်ကိုတွေ့ရသည်။ ထို့ကြောင့် စိတ်တည်ငြိမ်စွာဖြင့် ရောဂါကို ရင်ဆိုင်နိုင်စေရန် တရားထိုင်သင့်ပါသည်။ တည်ငြိမ်သောစိတ်သည် ခန္ဓာကိုယ်၏ရောဂါခုခံအားစနစ်ကို ကောင်းကျိုး များစွာပေးနိုင်ပါသည်။ တရားထိုင်ခြင်းကြောင့် ရောဂါမပျောက်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ သက်တမ်း ကို ရှည်စေနိုင်မည်ဟု ယူဆကြပါသည်။

စိတ်နှင့်ကိုယ်ဖြေလျော့နည်းများ RELAXATION

သုတေသနပြုချက်များအရ စိတ်အခြေအနေနှင့်ကိုယ်ခံအားစနစ် ဆက်စပ်နေကြောင်းတွေ့ရှိထားပါသည်။ စိတ်ညစ် ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်လိုခြင်း အစရှိသည့် စိတ်ဖိစီးမှုများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကျဆင်းစေပြီး စိတ် ကို အေးချမ်းပျော်ရွှင်အောင် ထားရှိခြင်းဖြင့် မိမိကိုယ်ခံအားစနစ်၏ လုပ်ငန်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုများ ပြေပျောက်စေရန် စိတ်နှင့်ကိုယ် ဖြေလျော့နည်းများကို တွဲဖက်အသုံးပြုကြပါသည်။

မိမိကိုယ်ကို ပြောဆိုအကြံပေးခြင်း AUTOSUGGESSION

စိတ်ပညာအရ မိမိလိုချင်၊ဖြစ်ချင်သည်များကို စိတ်ငြိမ်သက်နေစဉ်အတွင်း မိမိကိုယ်ကို ပြောဆို အကြံပေးပါက ရရှိ တတ်ပါသည်။

အိပ်ရာဝင်ခါနီး စိတ်ငြိမ်သက်နေသောအချိန်တွင် ငါ၏ကျန်းမာရေးသည် တစ်နေ့ထက်တစ်နေ့ ကောင်းလာပြီး၊ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်လာပြီဟု မိမိကိုယ်ကို ယုံကြည်လာသည်အထိ ပြောဆိုအကြံပေးခြင်းဖြင့် ရောဂါကို ကုသရာတွင် စိတ်ပိုင်းဆိုင်ရာ များစွာ အထောက်အကူပြုနိုင်ပါသည်။

စိတ်ကူးထင်မြင်မှု VISUAL IMAGING

စိတ်ထဲ၌ စိတ်ကူးထင်မြင်မှုများသည် အမှန်တကယ် ဖြစ်လာတတ်ပါသည်။ ထို့ကြောင့် မိမိ၏ ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ်က ရောဂါပိုးများကို ထိရောက်အောင်မြင်စွာ နှိမ်နင်းနေပုံကို နေ့စဉ် စိတ်ကူးထင်မြင်ကြည့်ခြင်းဖြင့် မိမိရောဂါ ခုခံ အားစနစ်၏ လုပ်ငန်းဆောင်ရွက်မှုကို ကူညီပေးနိုင်သည်ဟု ယူဆပြီး၊ အချို့ဆေးပညာရှင်များက စိတ်ကူးထင်မြင်မှု ကုထုံးကို တွဲဖက်အသုံးပြုကြပါသည်။

စိတ်ကုထုံးများ PSYCHO THERAPY

HIV ပိုးကူးစက်ခံရပြီးနောက် စိတ်ဖိစီးမှုဒဏ် အပြင်းအထန် ခံစားနေရသူများအား ဝေဒနာသက်သာစေရန် စိတ်ကု ပညာရှင်က တွေ့ဆုံပြီး လိုအပ်သော အရေးပေါ်အမူအကျင့် ပြုပြင်ကုသမှုများကို သင့်တော်သလို အသုံးချ ကုသ ပေးခြင်းဖြင့် ဝေဒနာရှင်သည် ရောဂါကို သတ္တိရှိရှိရင်ဆိုင်နိုင်လောက်အောင် ကူညီပေးနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာသော လူနာများသည် ရောဂါဒဏ်ကို သည်းခံနိုင်ခြင်း၊ မျှော်လင့်ချက်နှင့် တက်ကြွသောစိတ်ကြောင့် ARV ဆေးဝါးများကို ပုံမှန်မှီဝဲခြင်းတို့ကြောင့် သက်တမ်းလည်း ပိုရှည်လာပြီး လူ့ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်တတ် သောကြောင့် စိတ်ကုထုံးများသည် AIDS ရောဂါကုသရာတွင်အရေးပါသော တွဲဖက်ကုထုံးတစ်ခုဖြစ်ပါသည်။

တေးဂီတကုထုံး MUSIC THERAPY

လေ့လာချက်များအရ နေ့စဉ် စိတ်ကြည်လင်စေမည့် ဂီတများကို နားထောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါက HIV ကူးစက်ခံထားရသောသူများအတွက် အကျိုးရှိသည်ကိုတွေ့ရပါသည်။

စိတ်ဖိစီးမှုများသည် ကိုယ်ခံအားကို ပိုမိုကျဆင်းစေတတ်ပြီး ရောဂါကို တိုးစေတတ်သည်။ စိတ်ဖိစီးမှုကို လျော့ကျစေ သည့် သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂ၊ ထိုက်ချိကျင့်ခြင်း အစရှိသည်တို့ကို မည်သည့်နည်းနှင့်မဆို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျဆင်းမှုကို လျော့ကျစေပြီး စိတ်ဓာတ်တက်ကြွစေကာ တချို့တွင် ကိုယ်ခံအား စနစ်၏ လုပ်ငန်းဆောင်ရွက်မှုကိုပါ တိုးတက်ကောင်းမွန်လာကြောင်း မကြာမီက AIDS သုတေသန အစည်းအဝေး တစ်ခု၌ တင်ပြခဲ့ကြသည်။

ဒေါက်တာအောင်မိုး

အထွေထွေရောဂါအထူးကုဆရာဝန်ကြီး

Credit: Living Life Journal – Vol.1, No.5, 23-11-2010

No comments: