Tuesday, January 11, 2011

မြန်မာနိုင်ငံစစ်မှုထမ်းဥပဒေသစ်အပေါ် ယူဆချက်များ

မြန်မာနိုင်ငံသားတိုင်း အသက် (၁၈)နှစ်ပြည့်ပြီးသူ ကျား၊ မ မရွေး
စစ်မှုမထမ်းမနေရ အမိန့်တရပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၁၇) ရက်နေ့
ရက်စွဲနဲ့ စစ်အစိုးရက အစိုးရပြန်တမ်းတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ
မြန်မာစစ်တပ်မှာ ခြေလျင်နဲ့ ခြေမြန်တပ်ရင်းပေါင်း ငါးရာလောက်ရှိပြီး
အင်အားလေးသိန်းခန့်ရှိတယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။
စစ်အစိုးရရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်မခံတဲ့ တိုင်းရင်းသားလက်နက်
ကိုင် တော်လှန်ရေးတပ်တွေကို စဉ်ဆက်မပြတ်ရင်ဆိုင်နေရတဲ့အပြင်
တပ်သားသစ်ဝင်ရောက်မှုနည်းပါးနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိစစ်အစိုးရထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပတ်သက်ပြီး
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အလုပ်လုပ်နေတဲ့
မြန်မာနိုင်ငံသားကိုလင်းလင်းကတော့ ဘယ်လိုဘဲ့ ဥပဒေတွေ ထုတ်ပြန်ထားပေမယ့်
လူငယ် တွေကတော့ စစ်တပ်ထဲကို ဝင်မှာမဟုတ်ကြောင်း သူ့အမြင်ကို ပြောပါတယ်။

" ကျနော်ကတော့ ဘယ်လိုပြောရမယ်မှန်း မသိတော့ဘူး။ စစ်တပ်ထဲမှာ
လူမရှိတော့လို့ အဲလိုမျိုး ထုတ် ပြန်လိုက်တာလား မသိဘူး။ ဘယ်သူမှ
ဝင်မည့်လူ မရှိတော့လို့ နေမှာပေါ့။ ဒီလိုမျိုး ထုတ်ပြန်လိုက်ရင်တော့
အကုန်လုံး ပြည်ပကို ထွက်ပြေးကြမယ်လို့ ထင်တာဘဲ့။ ရှိလည်း အဲလိုမျိုး
စစ်တပ်ထဲကို ဝင်ပြီးတော့ ပြန်ပြန် ထွက်ပြေးလာတွေ အများကြီး ကျနော်
ရန်ကုန်မှာ တွေ့ဘူးတယ်။ အဲဒီတုန်းကတောင်မှ ထွက်ပြေးတယ်ဆိုလို့ရှိ ရင်
အခုလိုမျိုး ဒီလိုထုတ်လိုက်တယ်ဆိုတော့ ဘယ်သူမှလည်း ဝင်မှာ မဟုတ်ဘူး။"

မြန်မာစစ်တပ်ဟာ တပ်အင်အားဖြည့်ဆည်းဖို့အတွက်
အသက်အရွယ်မပြည့်သေးတဲ့ အသက် (၁၈)နှစ် အောက် ကလေးတွေကို အတင်းအဓမ္မစစ်တပ်ထဲ
ခေါ်သွင်းနေတာတွေရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ နိုင်ငံ
လူ့အခွင့်အရေးပညာပေးအဖွဲ့တာဝန်ခံ ဦးအောင်မျိုးမင်းက ပြောပါတယ်။

" ပြည်သူလူထုတွေဟာ တပ်မတော်ထဲမှာ မဖြစ်မနေ
စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေတွေဟာ တချို့နိုင်ငံ တွေမှာလည်း ရှိပါတယ်။
တချို့နိုင်ငံတွေမှာတော့ ဒါကို မကျင့်သုံးဘူး။ အဲတော့ ဒီလိုမျိုး
ဝင်ဘို့ဥပဒေတွေက ကောင်းလား၊ မကောင်းဘူးလားလို့ ပြောမယ်ဆိုရင်တော့
ဒီတပ်မတော်ရဲ့ အခန်းကဏ္ဍရယ်၊ တပ်မတော်အပေါ် မှာ ပြည်သူလူထုရဲ့
လေးစားယုံကြည်မှုတွေရယ်၊ အဲဒါတွေက အရမ်းအရေးကြီးပါတယ်။ တကယ်လို့သာ တပ်
မတော်ကို ပြည်သူလူထုတိုင်းက တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်မတော်အနေနဲ့
မြင်မယ်။ တချိန်တည်းမှာဘဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာတွေက လူတိုင်းက
ကြည်ညိုလေးစားပြီးတော့ ကိုယ့်ကို ကာကွယ်ပေးတဲ့တပ်မတော် အနေနဲ့ လူထုက
ချစ်ခင်တယ်ဆိုလို့ရှိရင်တော့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေက
ကျနော်တို့အတွက် ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့
စစ်တပ်အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တပ်မ တော်က
ဒီသူတို့ရဲ့တာဝန်မဟုတ်ဘဲနဲ့၊ တိုင်းပြည်ကာကွယ်ရေးမဟုတ်ဘဲနဲ့
အုပ်ချုပ်ရေးကို သူတို့ ယူထား တယ်။ တချိန်တည်းမှာတင် တပ်မတော်သားတွေက
ပြည်သူလူထုတွေအပေါ်မှာ အမြတ်ထုတ်ထားတာတွေ၊ အကြမ်းဖက်တာတွေ ဖြစ်နေတဲ့အတွက်
လက်ရှိအနေအထားအရ ဆိုလို့ရှိရင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ ဘယ်လိုမှ
မကောင်းပါဘူး။ အဲဒါကြောင့်မို့လို့ အခုလိုမျိုးသာ
အတင်းအကြပ်ဝင်ရမယ်ဆိုလို့ရှိရင်တော့ အခုနက တပ်မတော်ကို
မုန်းတီးထားတဲ့အနေအထားမျိုးတွေရယ်၊ ဂုဏ်သိက္ခာတွေအပေါ်မှာ
လေးစားမှုမရှိတဲ့အရာတွေ ရယ်၊ နောက်တပ်မတော်ဆိုတာ လက်နက်အားကိုးနဲ့
ပြည်သူလူထုကို အနိုင်ကျင့်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ ရှိတဲ့အတွက်
ဝင်ရတဲ့သူတွေအတွက် ဘယ်လိုမှ မကောင်းပါဘူး။"

တချိန်က မြန်မာ့တပ်မတော်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်မှာ
တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်တပ်အရာ ရှိဟောင်း ကိုမြတ်မင်းကလည်း
စစ်တပ်အတွင်းမှာ အရာရှိနဲ့ အောက်ခြေအဆင့်တွေအကြား ကွာဟမှုတွေက ရှိနေသလို
အရာရှိအချင်း ချင်းကြားထဲမှာတောင် အဆင့်အတန်းခွဲခြားနေကြောင်း RFA ကို
ပြောပါတယ်။

" ကျနော်တို့ တပ်ထဲမှာ အရာရှိတွေထဲမှာတောင် DSA နဲ့ OTS
ဆိုပြီး ကွဲသေးတယ်။ OTS က အနှိမ့်ခံ ရတယ်။ DSA က အပေါ်က ရှိတယ်ပေါ့နော်။
အဲလိုအနေအထားမျိုးမှာ အောက်ခြေက ဘာဖြစ်လဲဆိုတော့ ကျနော်တို့
အရာရှိအချင်းချင်းကတော့ ကိုကြီး၊ ညီလေးနဲ့ ဘာဘဲ့ဖြစ်ဖြစ် ပြီးသွားတာဘဲ့။
ဒါပေမယ့် အောက်ခြေ ကနေ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲကြောင့်
ရုံးကဖြေရှင်းရတဲ့အရာအပေါ်မှာမှ တပ်မတော်ရဲ့ဥပဒေ တွေ၊ ဘာတွေနဲ့ ပုဒ်မ ၆၅
တွေဘာတွေနဲ့ နည်းနည်းလေး ဆန့်ကျင်နေတာတောင် ခွင့်မလွှတ်ဘူး။ ဘာဖြစ်လဲ
ရဲဘော်က ဟန်းကောဘဲ့။ ကန်လည်း သေမှာဘဲ့ဆိုတဲ့သဘောနဲ့ လုပ်တဲ့ဟာတွေ
အများကြီး။"

လက်ရှိစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေဟာ
တပ်အင်အားတိုးချဲ့ဘို့ သက် သက်သာ ဖြစ်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ
ထိုးစစ်တွေ ပိုတိုးလာနိုင်သလို လူ့အခွင့်အရေးချိုးဖောက် မှုတွေလည်း
ပိုများလာနိုင်ကြောင်း၊ ကေအင်န်ယူ
ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှုးစောလှငွေက
ပြောပါတယ်။

"လောလောဆယ်မှာတော့ သူတို့က စစ်တပ်ကြီးကို
တိုးချဲ့ထားလိုက်ပြီးတော့ သူတို့စစ်တပ်ထဲမှာ အလိုအလျောက်
စစ်ထဲဝင်ချင်တဲ့လူတွေကလည်း မရှိသလောက်ဆိုတော့ သူတို့က ကလေးစစ်သားတွေ
အရမ်းဖမ်းတယ်။ ကလေးစစ်သားတွေ အရမ်းဖမ်းတဲ့အခါကျတော့ နိုင်ငံတကာကလည်း
အဲဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ ထောက်ပြလာတဲ့အပေါ်မှာ သူတို့လုပ်ချင်သလို
လုပ်ဘို့ကလည်း သိပ်ပြီးတော့ အလားအလာ မဟုတ်တော့ဘူး။ ဒါပေမယ့်
သူတို့စစ်တပ်ကိုလည်း မလျော့နိုင်တဲ့အပြင် ပြည်တွင်းစစ်ကိုလည်း
ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာဘို့ မစဉ်းစားတဲ့အခါကျတော့ ဒီစစ်တပ်ကို
ထိန်းထားဘို့နဲ့ ဒီစစ်ကို ချဲ့ဘို့အတွက် နည်းလမ်း တရပ်အနေနဲ့ ဒီကိစ္စကို
လုပ်တာဘဲ့။ ဒါဟာ ပြည်သူလူထုတရပ်လုံးကို စစ်ကျွန်အဖြစ်နဲ့
ပြည်တွင်းစစ်ထဲမှာ ဆွဲသွင်းလိုက်တဲ့ကိစ္စဘဲ့။"

စစ်အစိုးရထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေမှာ တကယ်လို့
အသက် (၁၈)နှစ်ပြည့်ပြီးသူတွေ ဟာ စစ်မှုထမ်းဘို့ ပျက်ကွက်ရင် အများဆုံး
ထောင်ဒဏ် (၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပါရှိကြောင်း
သိရပါတယ်ခင်ဗျား။

စစ်အစိုးရက အသက် (၁၈)နှစ်နဲ့ (၄၅)နှစ်အကြား နိုင်ငံသားအမျိုးသားတွေ၊ အသက်
(၁၈)နှစ်နဲ့ (၃၅) နှစ်အကြား အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဘို့
စီစဉ်နေပြီဖြစ်ပြီး ဒီအစီအစဉ်ဟာ တိုင်းပြည်အတွက် ကောင်း ကျိုးထက်
ဆိုးကျိုးတွေကိုဘဲ့ ပေါ်ပေါက်စေမှာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး၊
စစ်ရေးလေ့လာသူတွေက ဆိုကြပါ တယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက်၊ မြန်မာ့နိုင်ငံရေး၊
စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြည်သူတွေကို
အရေးပေါ်စစ်မှုထမ်းခိုင်းဖို့ မြန်မာနိုင်ငံမှာ ပြည်ပရန်မရှိတဲ့အပြင်၊
ဆင်းရဲတဲ့နိုင်ငံတခုအဖို့ ဘဏ္ဍာရေးအရရော၊ ပြည်သူတွေအတွက်ပါ
ဝန်ထုပ်ဝန်ပိုးပိုလာစေမှာ ဖြစ်တဲ့အပြင် အစိုးရဆန့်ကျင်ရေးတွေ
ပိုမိုပြင်းထန်လာစေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ကျနော်တို့ တိုင်းပြည်အတွက် မလိုအပ်ဘူးလေ။
စစ်မှုမထမ်းမနေရဆိုတာက လတ်တလော ကျနော်တို့ တိုင်းပြည်က ရန်သူလည်း မရှိဘူး။
စစ်မှုမထမ်းမနေရ ဥပဒေဆိုတဲ့ကိစ္စကတော့ ကျနော်နားလည်သဘောပေါက် ချက်အရကတော့
တိုင်းပြည်တပြည်ရဲ့ လိုအပ်ချက်ဖြစ်တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာအင်အားက
တောင့်တင်းပြီး နိုင်ငံကလည်း ငယ်၊ စစ်သားဦးရေကလည်း နည်းနေတယ်။
ရာခိုင်နှုန်းအချိုးအစားအရလည်း နည်းနေတယ်။ တခုခုပေါ့နော်။
ကျနော်တို့နိုင်ငံအတွက်ကတော့ မလိုအပ်ဘူး။ ကျနော်တို့မှာက လောလောဆယ်မှာ
နိုင်ငံခြား ရန်သူလည်း မရှိဘူး။ ကျနော်တို့နိုင်ငံအတွက် ငြိမ်းချမ်းမှုက
အသင့်အတင့်ဖြစ်နေတာ။ အဲတော့ ဒီဟာက သူ ကတော့ လောလောဆယ် သူစဉ်းစားတာက
တပ်သားသစ်စုဆောင်းမှုက လောလောဆယ် သူ့မှာ သိပ်ရှားနေ တယ်လေ။
တပ်သားသစ်ရှားတော့ အဲဒီပြဿနာကို လတ်တလောဖြေရှင်းဘို့အတွက် သူက
ကြံ့ဖွံ့ထဲက လူ အကုန်ဝင်ခိုင်းတဲ့သဘောမျိုးပေါ့ဗျာ။ အဲတော့ဗျာ။
ကြံ့ဖွံ့တော့ ရချင်ရမယ်။ ကြံ့ဖွံ့တောင်မှ သူ့လူအကုန်မဖြစ် ဘူးဗျာ့။
ကျနော်တို့ မြင်တာကတော့ ဒီဟာက လက်တွေ့သိပ်ကျတဲ့ကိစ္စ မဟုတ်ဘူး။ လူထုနဲ့သူ
ထိပ်တိုက်တွေ့ လာမှာဘဲ့။ ဘာလို့လဲဆိုတော့ ဗမာပြည်သူအများစုက စစ်တပ်နဲ့
သိပ်မပတ်သက်ချင်ကြဘူးလေ။ အဲတော့ သူ က ဖိအားပေးလုပ်မယ်ဆိုရင် ဒါက
လူထုရဲ့ဆန့်ကျင်တာကို ခံရမယ့်ကိစ္စတခု ဖြစ်လာမှာ။

ပြည်သူတွေ ဆင်းရဲကြပ်တည်းပြီး ဒုက္ခတွေ
အမျိုးမျိုးရောက်နေချိန်မှာ စစ်အစိုးရက ဘာရည်ရွယ်ချက် နဲ့ စစ်တပ်ကို
ကြီးထွားအောင် လုပ်ဆောင်နေတာပါလဲ။ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီး
အရွယ်ရောက် နိုင်ငံ သူ၊ နိုင်ငံသားတွေကို စစ်သားလုပ်ခိုင်းမယ့်အစီအစဉ်ရဲ့
နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနိုင်ပါသ လဲ။
မြန်မာ့စစ်ရေးလေ့လာသုံးသပ်သူ ဦးဌေးအောင်ကတော့ စစ်အစိုးရအနေနဲ့
ဖွဲ့စည်းပုံမပြည့်တဲ့ စစ်တပ်ကို တပ်အင်အားဖြည့်တင်းဘို့အပြင်
ပြည်တွင်းစစ်ကို အရှိန်မြှင့်ဘို့ ကြံစည်တာဖြစ်တယ်လို့ ယူဆပါတယ်။

ဒီကိစ္စရဲ့နောက်ကွယ်မှာ စစ်အစိုးရမှာ ရည်ရွယ်ချက်တွေ
ရှိနိုင်တယ်။ အခုဆိုရင် စစ်အစိုးရက ပြည် တွင်းစစ်ကို ပြန်ပြီးတော့
တိုက်ဘို့ ဆောင်ရွက်နေတာတွေ ရှိတယ်။ နောက်တခုက ဒီစစ်တပ်ထဲကို ကြည့်မယ်
ဆိုလို့ရှိရင်လည်းဘဲ့ စစ်တပ်ထဲမှာပေါ့နော်။ စစ်သားအသစ်စုဆောင်းရာမှာ
အခက်အခဲ အကြပ်အတည်းတွေ မျိုးစုံနဲ့ ကြုံတွေ့နေရတာ ရှိတယ်။
ဒီကလေးစစ်သားတွေ စုဆောင်းတဲ့ကိစ္စကိုလည်း အိုင်အယ်အိုကို တိုင်တန်း လို့
နောက်အိုင်အယ်အိုကနေ ဝင်ရောက်ဖြေရှင်းပေးနေရတဲ့ကိစ္စတွေက တိုင်းပြည်ထဲမှာ
ကျော်မကောင်း၊ ကြား မကောင်းဖြစ်နေရတဲ့ အဖြစ်တွေ ရှိတယ်။ နောက်တခုကလည်းဘဲ့
ဒီစစ်တပ်အတွင်းက အခုလက်ရှိတပ်မတော် သားတွေအနေနဲ့လည်းဘဲ့
ရှေ့တန်းတွေမှာရော၊ နောက်တန်းတွေမှာရော၊ စစ်သင်တန်းတွေမှာရော အစုလိုက်၊
အပြုံလိုက် ထွက်ပြေးနေတာတွေလည်း ရှိတယ်ဆိုတော့ အခုစစ်အစိုးရက အခုလို
ဗမာနိုင်ငံသားတိုင်း အသက် ပြည့်သူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို
ပြဌာန်းလိုက်တာက သူ့ရဲ့စစ်တပ်မှာ စစ်အင်အားလျော့နည်းနေ တာကို
ဖြည့်တင်းဘို့ ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်။ နောက်တခုက
ပြည်တွင်းစစ်ကိုပေါ့နော်။ ဒီစစ်အင်အား တွေ သုံးပြီးတော့ တိုက်ဘို့
ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်။

လောလောဆယ် အာရှတိုက်မှာ အရွယ်ရောက်သူတိုင်း
စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကို တွင်တွင် ကျယ်ကျယ် ကျင့်သုံးနေတဲ့
နိုင်ငံတခုကတော့ တောင်ကိုးရီးယားဖြစ်ပါတယ်။
မြောက်ကိုးရီးယားရဲ့အန္တရာယ်ကို အမြဲစိုးရိမ်နေရတဲ့ တောင်ကိုးရီးယားဟာ
အခုနောက်ပိုင်း နှစ်နိုင်ငံတင်းမာမှု ပြင်းထန်လာတာကြောင့် နိုင်ငံသား
တွေရဲ့ စစ်မှုထမ်းကာလကို (၂၁) လကနေ (၂၄) လအထိ တိုးသင့်၊ မတိုးသင့်
အစိုးရကနေ စဉ်းစားနေပါတယ်။ တောင်ကိုးရီးယားမှာ ဒီကနေ့ ကျင့်သုံးနေတဲ့
စစ်မှုမထမ်းမနေရဥပဒေအရ ပေါ်ပေါက်နေတဲ့အခြေအနေတွေကို
ဆိုးလ်မြို့တော်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူတဦးဖြစ်တဲ့
ကိုရန်နိုင်ထွန်းက ဒီလို ပြောပြပါတယ်။

ကိုးရီးယားမှာကတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့
ကိုးရီးယားလူငယ်တွေက သူတို့ရဲ့ ခံယူချက်တွေ ကိုက တိုင်းပြည်အတွက်၊
တိုင်းပြည်ရဲ့စနစ်တခုအတွက် သူတို့ဟာ ကျရာတာဝန်ကနေပြီးတော့ သူတို့လူငယ် ထု
ဘာသာဘာဝဖြစ်လာတဲ့အချိန်မှာ တိုင်းကျိုးပြည်ကျိုးအတွက်ကို
ထမ်းဆောင်တယ်လို့ ခံယူချက်နဲ့ သူတို့က အဲလိုမျိုး လုပ်တာပါ။
သို့သော်လည်းဘဲ အခုနောက်ပိုင်းခေတ်မှာ ကိုးရီးယားလူငယ်တော်တော်များများက
ဒီစနစ်ကြီးကို တော်တော်ကြီးကို မလိုလားတဲ့အခြေအနေတွေ ဖြစ်ပေါ်လာတယ်။
တချို့ဆိုလို့ရှိရင် စစ်မှုထမ်း ခြင်းကနေ စွန့်လွှတ်ရအောင်ဆိုပြီးတော့
အမျိုးမျိုးအကြောင်းပြချက်တွေ၊ နေထိုင်မကောင်းတာတွေ၊ ကျန်းမာ ရေးကိစ္စတွေ၊
အဲလိုမျိုး အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ တိမ်းရှောင်တာတွေကို
ပြုလုပ်လာကြတယ်။ အဲလို တိမ်းရှောင်တာတွေကို ပြုလုပ်လာကြတယ်။
တချို့တွေဆိုလို့ရှိရင် စစ်မှုထမ်းရမယ့် အသက်အရွယ်ပြည့်လာတဲ့
အချိန်အခါမှာ တခြားနိုင်ငံတခုခုကို ထွက်သွားတာတို့ အဲလိုမျိုး လူငယ်တွေက
တိမ်းရှောင်လာတာ ရှိတယ်ပေါ့ လေ။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာကော စစ်အစိုးရက
စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေပြဌာန်းပြီး ပြည်သူတွေကို စစ်တပ်ထဲ
သွတ်သွင်းနေမယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ကိုရန်နိုင်ထွန်းကတော့ အရွယ်ရောက်သူနိုင်ငံသားတွေ တိုင်းပြည်က
ထွက်ပြေးရမယ့်ကိန်းဘဲ့လို့ တွက်ဆပါတယ်။

ကျနော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ တိုင်းပြည်မှာရှိတဲ့
လူငယ်လူရွယ်တော်တော်များများကို ပြည်ပ ကို မောင်းထုတ်လိုက်တဲ့သဘောမျိုး
ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းထဲမှာ တချို့တွေဟာ
ဆိုလို့ရှိရင် ……… မှာနေထိုင်ကြတဲ့ သားယောက်ျားတွေဟာဆိုလို့ရှိရင်
သူတို့ကို အားကိုးပြီးတော့ အမေတွေ၊ အကိုတွေ၊ အဖိုးတွေ၊
အဖွားတွေကနေပြီးတော့ သူတို့အသက်အရွယ်ကြီးပြင်းတဲ့အချိန်မှာ အားကိုးနေရတဲ့
အချိန်မှာ ဒီသားလေးတွေ၊ ကလေးလေးတွေဟာ စစ်မှုထမ်းပြီးတော့ အဝေးတနေရာမှာ
သွားရမယ်ဆိုလို့ရှိရင် တော့ တော်တော်ကြီးကို ဆိုးရွားတဲ့
ဆင်းရဲဒုက္ခမှုတွေကို ကျနော်တို့ ဗမာပြည်သူ၊ ပြည်သားတွေအနေနဲ့ ကြုံ
တွေ့ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လူငယ်တော်တော်များများကလည်း
ဒီလိုစစ်မှုထမ်းကြမယ်ဆိုတဲ့ ဥပဒေ တွေကို အကုန်လုံးက လိုလားကြမှာ
မဟုတ်ပါဘူး။ အားလုံးက ကျနော်ထင်ပါတယ်။ ကျနော်အခုနက ပြော သလိုပေါ့။
ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြပြီးတော့ စစ်မှုထမ်းခြင်းကနေ
ကင်းလွတ်ရအောင် သူတို့ကြိုးစား ကြလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။

တောင်ကိုးရီးယားဟာ စစ်မှုထမ်းခွင့် ကာလသက်တမ်းကို
တဖြည်းဖြည်းလျော့ချဘို့ စီစဉ်နေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်အရောက်မှာ
(၁၈)လအထိ လျော့ဘို့ အစိုးရရဲ့ အမျိုးသားလုံခြုံရေးဌာနအရာရှိတွေ
ပြီးခဲ့တဲ့လကဘဲ့ ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျား။

Ref: RFA Jan 10, 2011

No comments: