Friday, January 28, 2011

ဝက်သားချဉ်ပေါင် နဲ့ပန်းထုပ်ကျော်

-->
အဟမ်း...အဟမ်း....အွန်လိုင်းပေါ်မှာ ဟင်းချက်မစားတာလည်းကြာပြီဖြစ်လို့ ဒီနေ့တော့ ချက်စားမယ်လို့စိတ်ကူးလိုက် ပါတယ်။
ဘယ်သူတွေမစားဘူးလည်း ဘယ်သူကစားလည်းမသိပေမဲ့ များသောအားဖြင့် ကျွန်တော်ကတော့ ၀က်သားကို အမျိုးမျိုး ချက်ပြုတ်ကြော်ချက်စားပါတယ်။ အသားမှာဝက်လို့ ဆိုတယ်မဟုတ်လား။ 

ဝက်သားကို သူ့ချည်းပဲ အီမနေအောင် ချဉ်ပေါင်ရွက်နှင့်ရောချက်စားမယ်။ သူနှင့်လိုက်ဖက်အောင်တော့ ပန်းမုန်လာကို ကြက်ဥနှင့်ကြော်မယ်၊ ဟင်းရည်အဖြစ် အာလူးကို ပဲနီလေးနဲ့ဟင်းချိုချက်မယ်လေ။
ထမင်းဖြူဖြူ ဟင်းပူပူနဲ့ဆိုရင် ငရုတ်သီးထောင်းလေးပါပါရင်ကောင်းမယ်ထင်တယ်နော်။

ဝက်ချဉ်ပေါင်ချက်
ပါဝင်ပစ္စည်းများ
ဝက်သား  ၅၀ကျပ်သား
ချဉ်ပေါင် - ၂စည်း
ကြက်သွန်နီ - ၅လုံး
ကြက်သွန်ဖြူ -၂လုံး
ဆီ - ၅ကျပ်သား
ဟင်းခတ်မှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ကြဖို့
ဝက်သားများကို ရေစင်အောင် ဆေးပြီးအနေတော်တုံး၍ ဆား၊နနွင်း၊ဟင်းခတ်မှုန့်တို့ဖြင့် နယ်ထားပါ။ ချဉ်ပေါင်ရွက်များကို သင်ပါ။ ကြက်သွန်ဖြူ၊ကြက်သွန်နီကို ကြိတ်ထားပါ။
ပထမဆုံး ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် နနွင်းထည့်၍ ကြိတ်ထားသော ကြက်သွန်များကို ဆီသတ် ပါ။ အနံ့မွှေးလာလျှင် အရောင်တင် အနည်းငယ်ထည့်ပါ။ ပြီးလျှင် ဆား၊ နနွင်းနယ်ထားသော ၀က်သားကိုထည့်၍ ဆီသတ် ပါ။ အသားကို ကျစ်နေအောင် မွှေမွှေပေးရပါမယ်။ ဆီပြန်၍ အစိမ်းနံ့ပျောက်သွားလျှင် ၀က်သားကို ရေမြှုပ်အောင်ထည့်ပါ။ အသားများနူးလာသည်အထိ ထားရပါမယ်။ အသားများ နူးသွားလျှင် သင်ထားသော ချဉ်ပေါင်များကို ထည့်ပေးပါ။ အသား ထဲသို့ အချဉ်ဓာတ်ဝင်သွားပြီဆိုလျှင် အပေါ့အငန်မြည်း၍ သုံးဆောင်နိုင်ပါပြီ။ အရန်ဟင်းများဖြစ်တဲ့ ပန်းမုန်လာကြော်၊ အာလူးဟင်းချိုတို့နဲ့လည်း တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။

ပန်းမုန်လာ ခေါ် ပန်းဂေါ်ဖီကြော်
ပန်းမုန်လာထုပ်ကြီးကြီး   တစ်ထုပ်
ဆီ   နှစ်ကျပ်ခွဲသား
ကြက်သွန်ဖြူ  ငါးတက်
ကြက်သွန်နီ တစ်ဥ
ဆား၊ အချိုမှုန့်  အနေတော်
ကြက်ဥထည့်မည်ဆိုလျှင် ၁လုံး သို့မဟုတ် ၂လုံး

ကြော်ကြစို့

ပန်းမုန်လာကို အဖဲ့လေးတွေ ဖဲ့ပြီး ရေခဏစိမ်၊ ပြီး အနေတော်လေး လှီး၊ ရေစစ်ထား။
ကြော်တော့မယ်ဆိုရင်တော့ ဆီနှစ်ကျပ်ခွဲသား အိုးထဲထည့်၊
ကြက်သွန်ဖြူ ငါးတက် ဓားပြားရိုက်၊ ကြက်သွန်နီတစ်ဥ လှီးထားတာထည့်။ နည်းနည်းနွမ်းသွားရင် ပန်းမုန်လာထည့်ပြီး မွှေ ပေး၊
ဆား၊အချိုမှုန့် အနေတော်လေးထည့်ပြီး ပန်းမုန်လာကျက်လောက်ရင်တော့ အိုးချလို့ရပါပြီ။ (ဒီအချိန်မှာတော့ ကြက်ဥ ထည့်မည်ဆိုလျှင် မွှအောင်ခေါက်ထားသော ကြက်ဥရည်ကို ဇွန်းကြီးကြီးဖြင့် ခပ်ပြီးဖြန်းလိုက် မွှေလိုက် ဖြန်းလိုက်လုပ် ပေးရပါမယ်)
အသီးအရွက်ဆိုတော့ စားခါနီးမှကြော်ရင် အကောင်းဆုံးပါပဲ။

No comments: