Tuesday, January 11, 2011

ဥုံဆိုသည်မှာ

'ကိုလင်းတစ်ယောက် စာရွက်ကြီးကိုင်ပြီး နှုတ်ကလည်းတရွရွနဲ့ ဘာတွေများ
ကျက်မှတ်နေတာတုံးဗျ'
'သြော်....မိတ်ဆွေတစ်ယောက် ပေးထားတဲ့ ပုတီးစိတ်ဂါထာလေးပါ ကိုဝင်းရာ၊
အသက်အရွယ်လေး ရလာပြီဆိုတော့ အားလပ်ချိန်မှာ ဘုရားအလုပ်၊
တရားအလုပ်ကလေးများ လုပ်မလားလို့လေ'
'ဟာ....တရားဘာဝနာပွားများတယ်ဆိုတာ ဒေသ၊ ကာလအသက်အရွယ်မရွေး
လုပ်သင့်တဲ့အလုပ်ပဲ၊ ကောင်းတာပေါ့။ ဒါ့ထက် ခင်ဗျားရဲ့ ပုတီးစိပ်ဂါထာလေး
ကျွန်တော့်လည်း ပြစမ်းပါဦးဗျာ'
'ပုတီးစိပ်ဖို့ဂါထာဆိုတော့ သိပ်မရှည်လှပါဘူး၊ ကျွန်တော်ဖတ်ပြပါ့မယ်၊ ဥုံ သိဒ္ဓိ....'
'ဟိုးဟိုး......နေပါဦး ကိုလင်းရဲ့၊ ခင်ဗျာ့ပုတီးစိပ်ဂါထာက
ဗုဒ္ဓဘာသာဂါထာမှ ဟုတ်ရဲ့လား'
'ဟာ...ကိုဝင်းကလဲ၊ ကျွန်တော့်ကို ဒီဂါထာပေးသွားတဲ့ မိတ်ဆွေက ဗုဒ္ဓဘာသာမှ
ဗုဒ္ဓဘာသာအစစ်ပါဗျ၊ အားရင် ပုတီးကိုလက်ကမချ အောင်
ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်ပါဗျာ၊ သူပေးတဲ့ဂါထာက
ဗုဒ္ဓဘာသာဂါထာမဟုတ်လို့ ဘယ်ကဘာသာခြား ဂါထာ များဖြစ်ဦးမလဲ'
"ခင်ဗျာ့မိတ်ဆွေ ဗုဒ္ဓဘာသာဝင် စစ်မစစ်ဆိုတာတော့ ကျွန်တော်မသိဘူး၊
ဂါထာရဲ့ရှေ့ဆုံးမှာ 'ဥုံ'ခံထားတာကြီးကတော့ ဘုရားဟော ဂါထာပါလို့ပြောဖို့ရာ
ဘ၀င်မကျလှဘူးဗျာ"
"ကိုဝင်းနှယ် မြန်မာမှုဗဟုသုတနည်းရန်ကောဗျာ၊ 'ဥုံမပါရင် ဂါထာမဖြစ်'
ဆိုတဲ့စကားကို ခင်ဗျားမကြားဖူးဘူးလား၊ ဘယ်ဂါထာမန္တန်မဆို 'ဥုံ'ဆိုတဲ့
ရှေးဦးစကားလုံးလေးခံလိုက်မှ အစွမ်းထက်တယ်၊ လိုရာပြီးမြောက်တယ်ဆိုတဲ့
ရှေးလူကြီးသူမတွေရဲ့ အဆိုအဆုံးအမကို မနာခံခဲ့ရဖူးဘူးထင်ပါ့"
"ကြားဖူးနာဖူးပြီလား ကိုလင်းရယ်၊ ကြားနာဖူးလွန်းလို့ ဒီ
'ဥုံ'ရဲ့အနက်အဓိပ္ပာယ်ကို သိချင်စိတ်ပေါ်လာပြီး လေ့လာလိုက်တော့ လားလား
....ဒီ 'ဥုံ'ဟာ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်ဘူးဆိုတာ
တွေ့ရတယ်ဗျ"
"ဟုတ်ပါ့မလားဗျာ၊ အလွန်အစွမ်းထက်ပါတယ်ဆိုပြီး နာမည်ကြီးနေတဲ့
ဂါထာတချို့ရဲ့ ရှေ့ဆုံးမှာတောင် 'ဥုံ'ခံထားတာတွေ့နေရတာပဲ"
"ဒါကတော့ ဗြာဟ္မဏ၀ါဒလောင်းရိပ်မကင်းတဲ့ အပယ်ခံဗုဒ္ဓဘာသာဝင်တချို့ရဲ့
လောကီအစီအရင်ဆိုင်ရာ ဂါထာမန္တန်တွေပါဗျာ။ အဲဒီလို
'ဥုံ'ခံပြီးဖွဲ့ဆိုစီရင်ထားတဲ့ဂါထာတွေကို သေသေချာချာလေ့လာကြည့်ရင်
ဘယ်ဟာမှ ဘုရားဟောဂါထာတွေ မဟုတ်ဘူးဆိုတာ တွေ့ရ လိမ့်မယ်"
"ဒါဖြင့် ဒီ 'ဥုံ'ဆိုတာဟာ ကျွန်တော်တို့
ထေရ၀ါဒဗုဒ္ဓဘာသာပိဋကတ်သုံးပုံထဲမှာ လုံးဝမပါဝင်ဘူးပေါ့"
"မှန်ပါ့ဗျာ၊ 'ဥုံ'ဆိုတာ ဗုဒ္ဓဘာသာ
ပိဋကတ်ကျမ်းစာတွေနဲ့လားလားမှမသက်ဆိုင်ဘဲ ဟိန္ဒူဗြာဟ္မဏဘာသာဝင်တို့ရဲ့
ဝေဒလေးပုံက ထွက်လာတဲ့ အက္ခရာစကားလုံးသက်သက်ပဲ ကိုလင်းရဲ့၊
ဟိန္ဒူဗြာဟ္မဏဘာသာဝင်တွေအတွက်တော့ 'ဥုံ'ဟာ တကယ့်ကိုအလေးအမြတ် ထားရာ
အထွတ်အထိပ် အက္ခရာတစ်ခုပါပဲ'
"ကျွန်တော် ဗုဒ္ဓဘာသာစာစောတစ်ခုမှာ ဖတ်ဖူးတာဖြင့် 'ဥုံ'ဆိုတာ
ကမ္ဘာဦးနတ်မင်းကြီးသုံးပါးကို ရှိခိုးတဲ့အက္ခရာဖြစ်ကြောင်း၊ ဒါကြောင့်
အလွန်မြင့်မြတ်တဲ့အကျိုးထူးကို ခံစားရရှိနိုင်ကြောင်း၊ အမွှမ်းတင်
ဖော်ပြထားတာတွေ့ရပါတယ်ဗျ"
'ဒီလိုဆို အဲဒီကမ္ဘာဦး နတ်မင်းကြီးသုံးဦးရဲ့ အမည်နာမကိုကော ဖော်ပြမထားဘူးလားဗျာ'
'ဖော်ပြထားပါတယ်၊ ကမ္ဘာဦးနတ်မင်းကြီးသုံးဦးကတော့ မဟာဗြဟ္မာ၊ ဗိဿနိုး နဲ့
ပရမေသွာ နတ်မင်းကြီးတွေလို့ဆိုပဲ၊ ဒီအမည်တွေကို
ဗုဒ္ဓဘာသာစာအုပ်စာတမ်းတချို့မှာလည်း တွေ့ရတတ်တာမို့
သူတို့အမှန်တကယ်ရှိကြောင်း ဗုဒ္ဓမြတ်စွာကိုယ်တိုင်ဟောခဲ့တယ်လို့
ထင်မိတာပဲ'
'ကိုလင်းပြောတဲ့ ကမ္ဘာဦးနတ်မင်းကြီးသုံးဦးအကြောင်း ဖော်ပြထားတယ်ဆိုတဲ့
စာအုပ်စာတမ်းတွေဟာ တကယ်တော့ ဗုဒ္ဓုမြတ်စွာရဲ့ စစ်မှန်တဲ့
ဒေသနာတော်တွေနဲ့အညီ ရေးသားထားတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ စာပေတွေ မဟုတ်ဘူးဗျ၊
ဗုဒ္ဓမြတ်စွာရဲ့အလိုအရဆိုရင် လောကမှာအဲဒီ နတ်မင်းကြီးသုံးပါးဆိုတာ
မရှိတဲ့အပြင် ဒီအယူအဆကို လုံးဝပစ်ပယ်သင့်ကြောင်း
အကြိမ်ကြိမ်ဟောကြားခဲ့ဖူးတယ်ဗျ'
'ဒါဖြင့် တချို့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေနေထိုင်ကြတဲ့ အရပ်ဒေသတွေမှာ
ဗိဿနိုးနတ်မင်းကို နတ်ကွန်းကြီးတွေဆောက်ပြီး ကိုးကွယ်နေကြတာကရောဗျာ၊
တလောကဆို မဂ္ဂဇင်းတစ်အုပ်ထဲမှာ အညာကမြို့တစ်မြို့မှာရှိတဲ့ ဗိဿနိုးနတ်မင်း
ရုပ်တုကြီးရဲ့ မျက်နှာဟာ အခုနိုင်ငံကျော်ရုပ်ရှင်မင်းသား
ရန်အောင့်မျက်နှာနဲ့အတော်တူကြောင်း ဓာတ်ပုံတွေဘာတွေနဲ့ ဖော်ပြထားတာတောင်
ဖတ်လိုက်ရပါသေးဗျာ'
'ဒါကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ထေရ၀ါဒ ဗုဒ္ဓသာသနာ
မထွန်းကားခင်ကတည်ရှိခဲ့တဲ့ ဟိန္ဒူဗြာဟ္မဏ၀ါဒနဲ့ မြောက်ပိုင်း
ဗုဒ္ဓဘာသာအမည်ခံ တန္တရ၊ မန္တရ၀ါဒတွေရဲ့ အကြွင်းအကျန်
ယုံကြည်ကိုးကွယ်မှုတွေလို့ ဆိုရမှာပေါ့ဗျာ၊ ပျူခေတ်မှာ မြန်မာနိုင်ငံကို
ဗုဒ္ဓ ဘာသာရောက်ခဲ့ပေမယ့် သီးသီးသန့်သန့် မထွန်းကားခဲ့ဘဲ နတ်နဂါးနဲ့
ဟိန္ဒူဗြာဟ္မဏနတ်တွေကသာ အကိုးကွယ်ခံဘ၀မှာ ကြီးစိုး နေရာယူခဲ့တယ် ဆိုတာ
ခင်ဗျားလည်း ရာဇ၀င်မှာဖတ်ဖူးမှာပေါ့။ ပျူတွေဟာ သူတို့ရဲ့မြို့ကိုတောင်
ဗိဿနိုးမြို့လို့ မှည့်ခေါ်ခဲ့ကြသေး တာပဲ မဟုတ်လား'
'ဒီလိုဆိုရင်ဗျာ၊ အဲဒီဗိဿနိုးနတ်မင်းဆိုတာ ဗုဒ္ဓဘာသာနဲ့ ဘယ်လိုမှ မပတ်သက်တော့ဘူးလား'
'လုံးဝလုံးဝ မပတ်သက်ပါဘူးဗျာ၊ မပတ်သက်လို့သာ ပုဂံပြည်မှာ စစ်မှန်တဲ့
ထေရ၀ါဒဗုဒ္ဓသာသနာတော် ထွန်းကားရေးအတွက် ကြိုးပမ်း ခဲ့ကြတုန်းက
ပုဂံသားတွေကိုးကွယ်ခဲ့တဲ့ ဟိန္ဒူဗြာဟ္မဏနတ်ရုပ်တွေ အားလုံးကိုစုပြီး
ဗိဿနိုးနတ်ကွန်းကြီးတစ်ခုထဲကိုထည့်၊ သော့ခတ်၊ ပိတ်လှောင်ပစ်ခဲ့တာပေါ့။
အဲဒီနတ်ရုပ်တွေ လှောင်ခဲ့တာကို အစွဲပြုပြီး အဲဒီဗိဿနိုး နတ်ကွန်းကြီးကို
နတ်လှောင်ကျောင်းလို့ အမည်တွင် စေခဲ့တာဖြစ်တယ်လို့တောင် သုတေသီတချို့က
ကောက်ချက်ချခဲ့သေးတာပဲ၊ အဲ...ဗုဒ္ဓသာသနာအတွက် အရေးမပါပေမဲ့ ဟိန္ဒူဗြာဟ္မဏ
တွေအဖို့တော့ ဗိဿနိုးနတ်မင်းကြီးဟာ သူတို့ရဲ့အထွတ်အမြတ်
ရတနာမြတ်သုံးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်နေတာကို တွေ့ရတယ်ဗျ'
'ဗြာဟ္မဏ၀ါဒမှာလည်း ရတနာမြတ်သုံးပါး ရှိသေးလို့လား ကိုဝင်းရဲ့'
'ရှိပြီလား ကိုလင်းရယ်၊ ဘာသာအယူဝါဒ အတော်များများမှာ
ရတနာမြတ်သုံးပါးအယူအဆတွေ ရှိကြတယ်ဗျ၊ ကျွန်တော်သိသလောက် ပြောရရင်
မဟာဗြဟ္မာ၊ဗိဿနိုးနဲ့ သီဝ (မြန်မာအခေါ် ပရမေသွာ) တို့ဟာ တြိမူရ်တိ (ခေါ်)
ဟိန္ဒူဗြာဟ္မဏဘာသာဝင်တို့ရဲ့ ရတနာမြတ် သုံးပါးဖြစ်သဗျ၊
သန့်ရှင်းသောဝိညာဉ်တော်၊အဖဘုရားသခင်နဲ့ သားတော်သခင်ယေရှုတို့ဟာ
တြိနတိ(ခေါ်) ခရစ်ယာန်တို့ရဲ့ ရတနာ မြတ်သုံးပါးပဲဗျ၊ အဲ...
ရှေးဟောင်းယုံကြည်ကိုးကွယ်မှုတွေမှာ ကြည့်မယ်ဆိုရင် ဘေဘီလုံတွေက
အေနူး(လေ)၊ အဲန်နံလ်(ရေ) ၊အီအာ (မြေကြီး)၊အီဂျစ်တို့က ဟိုရပ်စ်ဘေ့
(သိမ်းငှက်ခေါင်းပုံ)၊ ပျူတိုအကိုရီ (မြွေသဏ္ဌာန်)၊ ဟာသောရိ(ဖားခေါင်းပုံ)
တို့ကို သုံးဆူတွဲဘုရား တွေအဖြစ် ကိုးကွယ်ခဲ့ကြတယ်ဗျ'
'ဗုဒ္ဓသာသနာတော်လာ ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးနဲ့ကော
သဘောချင်းအတူတူပဲလားဗျ'
'မတူဘူးဗျ၊ သုံးပါး ဆိုတဲ့အရေအတွက်ချင်းတူပေမယ့် အနှစ်သာရမှာတော့
လုံးလုံးလျားလျား ကွဲပြားခြားနားတာကိုတွေ့ရတယ်၊ ဗုဒ္ဓ သာသနာတော်လာ
ရတနာမြတ်သုံးပါးရဲ့သဘောကိုတော့ သိပြီးသားမို့ ထပ်ရှင်းစရာ
လိုမယ်မထင်ပါဘူး၊ အဲ...ကျန်တဲ့ ဘာသာတရား တချို့ရဲ့ ရတနာမြတ်သုံးပါး
အယူအဆတွေကတော့ အတော်လေးနီးနီးစပ်စပ်ရှိကြပါတယ်။ ခရစ်ယာန်မှာ သန့်ရှင်းသော
ဝိညာဉ်တော်၊ အဖဘုရားသခင်နဲ့ သားတော်သခင်ယေရှုတို့ သုံးပါးပေါင်းကိုမှ
တစ်ဆူတည်းသော ထာဝရဘုရားလို့ ယူဆကြသလိုပဲ၊ ဟိန္ဒူဗြာဟ္မဏ ၀ါဒီတွေကလည်း
မဟာဗြဟ္မာ၊ ဗိဿနိုးနဲ့၊ သီဝတို့သုံးပါးပေါင်းကိုမှ အတ္တ (၀ါ) အတမန်
လို့ခေါ်တဲ့ တစ်ဆူတည်းသောထာဝရဘုရားလို့ ယုံကြည်ကြတယ်လေ'
'သြ....ဟိန္ဒူဗြာဟ္မဏ၀ါဒကလည်း ဖန်ဆင်းရှင်ထာဝရဘုရားကို ယုံကြည်တာပဲနော်၊
အစက ဟိန္ဒူဗြာဟ္မဏ၀ါဒနဲ့ဗုဒ္ဓဘာသာဟာ သိပ် မကွာလှဘူးလို့ထင်ခဲ့တာ'
'ကွာပြီလား ကိုလင်းရယ်၊ ဟိန္ဒူဗြာဟ္မဏ၀ါဒက လောကမှာကိုယ့်ကိုယ်ကို
အစဉ်အစိုးရပြီး ဘယ်တော့မှမဖောက်မပြန် ထာဝရတည်မြဲနေ တဲ့
အမာခံအနှစ်သာရ(အတ္တ)ရှိတယ်လို့ယူဆတဲ့ အတ္တ၀ါဒ၊ တစ်နည်းထပ်ပြောရရင်
အဲဒီအတ္တကပဲ လောကကိုဖန်ဆင်းတဲ့ ထာဝရ ဘုရားသခင်ဖြစ်တယ်လို့ ယုံကြည်တဲ့
ဣဿရ၀ါဒ ပဲဗျ'
'ဒါဆို ဗုဒ္ဓ၀ါဒကရောဗျာ'
'ဗုဒ္ဓ၀ါဒက လောကမှာကိုယ့်ကိုယ်ကို အစဉ်အစိုးရနေပြီး ဘယ်တော့မှမဖောက်မပြန်
ထာဝရတည်မြဲနေတဲ့ အမာခံအနှစ်သာရဆိုတာ မရှိ ဘူး၊ အတ္တဆိုတာမရှိဘူးလို့
အတ္တကိုငြင်းပယ်တဲ့ အနတ္တ၀ါဒပဲ။ ဒါကြောင့် အတ္တဆိုတာမရှိတဲ့အတွက်
ဖန်ဆင်းရှင်ထာဝရဘုရားသခင်ဆို တာလည်းမရှိလို့ အနိဿရ၀ါဒ လို့ဆိုနိုင်တယ်'
'အေးဗျာ၊ ဒီလောက်ကွဲပြားခြားနားနေတာကိုတောင်
အနောက်တိုင်းသားအတော်များများနဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တချို့က ဗုဒ္ဓ၀ါဒနဲ့
ဟိန္ဒူဗြာဟ္မဏ၀ါဒကို ရောရောထွေးထွေးယူဆခဲ့ကြတယ်ဗျာ'
'ဘာသာရေး၊ ဗဟုသုတခေါင်းပါးမှုရဲ့ အကျိုးဆက်ပေါ့ဗျာ၊ ၀မ်းနည်းစရာကောင်းတာက
အခုဗုဒ္ဓဘာသာမြန်မာလူငယ်တချို့ဟာ လျှာမှာ အပ်ကြီးတွေထိုး၊
တစ်ကိုယ်လုံးဝါထိန်အောင် နနွင်းလူးပြီး၊ လင်ပန်းတစ်ချပ်နဲ့
အလှူခံထွက်နေကြတဲ့ မြင်ကွင်းပဲဗျ၊ တခြားမပြောပါနဲ့ဗျာ၊ အခု
ခင်ဗျားကိုယ်တိုင်တောင် ဟိန္ဒူဗြာဟ္မဏ၀ါဒကလာတဲ့ ဥုံဆိုတဲ့ အက္ခရာကိုပဲ
ဗုဒ္ဓဘာသာပုတီးစိပ်ဂါထာရှေ့မှာထားပြီး ရွတ်ဖတ်တော့ မလို့ မဟုတ်လား'
"ဒါဖြင့် ဟိန္ဒူဗြာဟ္မဏ၀ါဒကနေလာတယ်ဆိုတဲ့ 'ဥုံ'ရဲ့သဘောအဓိပ္ပာယ်လေးလည်း
ရှင်းစမ်းပါဦးဗျာ"
"ရှင်းရမှာပေါ့ ကိုလင်းရာ၊ 'ဥုံ' အကြောင်းမပြောခင် သိထားရမှာက ဗုဒ္ဓ၊
ခရစ်ယာန်၊ဟိန္ဒူနဲ့ အစ္စလာမ်ဆိုတဲ့ ကမ္ဘာ့ဘာသာကြီး လေးခုထဲ မှာ
ဗုဒ္ဓဘာသာကလွဲရင် ကျန်ဘာသာကြီးသုံးခုစလုံးဟာ လောကကို ဖန်ဆင်းသူ
ထာဝရဘုရားသခင်ရှိတယ်လို့ ယုံကြည်ထားကြတာ ချည်းပဲဗျ၊ ထာဝရဘုရားအပေါ်
အဓိပ္ပာယ်ဖွင့်ဆိုပုံချင်းတော့ အနည်းနဲ့အများခြားနားကြတာပေါ့လေ၊
ဒီဘာသာကြီးသုံးခုထဲမှာပဲ ပြန်ကြည့် မယ်ဆိုရင် ဟိန္ဒူဗြာဟ္မဏတွေဟာ
ဖန်ဆင်းရှင်ထာဝရဘုရားကို ရှေးဦးအကျဆုံး ကိုးကွယ်သူတွေလို့ဆိုရမှာပဲ"
'နတ်မင်းကြီး သုံးပါးပေါင်းတစ်ဆူ ထာဝရဘုရားဖြစ်လာတာကရောဗျာ'
'ဒီလိုဗျ၊ အတိုချုံ့ပြောရရင် ဟိန္ဒူဗြာဟ္မဏတို့ရဲ့ အယူအဆအရ
လောကရဲ့ဖန်ဆင်းရှင်ဟာ ရဂျစ်(ရဇဂုဏ်)၊ ဆက်တွ(သတွဂုဏ်)၊ တမတ်ခ်(တမဂုဏ်)
ဆိုတဲ့ ဂုဏ်သတ္တိသုံးပါးနဲ့ ပြီးပြည့်စုံတဲ့အတ္တကြီးပဲ၊ တစ်နည်းပြောရရင်
ဖန်ဆင်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖျက်ဆီးခြင်းဆိုတဲ့
အစွမ်းသတ္တိ (Shakti) တွေနဲ့ပြည့်စုံပြီး
အစဉ်မဖောက်မပြန်တည်မြဲနေတဲ့ထာဝရဘုရားသခင်ပေါ့ဗျာ၊အဲဒီ ထာဝရ ဘုရားသခင်ရဲ့
ဂုဏ်သုံးပါးအနက် တစ်ပါးစီကိုကိုယ်စားပြုထားတဲ့ ကိုယ်ပွားတော်
ဘုရားသုံးဆူကတော့ အခုနပြောခဲ့တဲ့ တြိမူရ်တိပေါ့ဗျာ၊ မဟာဗြဟ္မာက
ရဇဂုဏ်ကိုကိုယ်စားပြုပြီး လောကကိုဖန်ဆင်းတယ်၊ ဗိဿနိုးက
သတွဂုဏ်ကိုကိုယ်စားပြုပြီး လောကကိုထိန်းသိမ်းစောင့် ရှောက်တယ်၊
ကျွန်တော်တို့မြန်မာတွေက ပရမေသွာလို့ ခေါ်တဲ့ သီဝကတော့
တမဂုဏ်ကိုကိုယ်စားပြုပြီး ထာဝရဘုရားအလိုကျ တစ်နေ့မှာ လောက ကိုဖျက်ဆီးဖို့
ထာဝန်ယူထားရတယ်လေ၊ အဲဒီလိုနတ်မင်းကြီးသုံးပါးရယ်လို့ ကွဲပြားနေပေမဲ့
တကယ်တော့ ဖန်ဆင်းရှင်ထာဝရဘုရားလို့ ခေါ်ဆိုနိုင်တဲ့ မဟာအတ္တကြီးရဲ့
ဂုဏ်အင်္ဂါသုံးရပ်သာဖြစ်တယ်၊ အဲဒီမဟာအတ္တကြီးကိုပဲ ပရမအတ္တ လို့ ခေါ်တယ်'
'ဒါဆိုရင် မဟာဗြဟ္မာကိုကိုးကွယ်သူဟာ မဟာအတ္တကြီးရဲ့ သတွဂုဏ်၊ သီဝကို
ကိုးကွယ်သူဟာ မဟာအတ္တကြီးရဲ့ တမဂုဏ်တို့ကို ပွား များပူဇော်ရာ
ရောက်တာပေါ့နော်'
'ဒါပေါ့ဗျာ၊ ဒီလိုမဟာအတ္တကြီးရဲ့ ဂုဏ်တော်သုံးပါးစလုံးကို တစ်ချိန်တည်းမှာ
ရွတ်ဖတ်သရဇ္ဈာယ် ပွားများပူဇော်ဝတ်ပြုကြမယ်ဆိုရင်တော့ အ-ဥ-မ ဆိုတဲ့
အက္ခရာသုံးလုံးထဲနဲ့ ပြီးပြည့်စုံနိုင်တယ်လို့ ဟိန္ဒူတို့ရဲ့
ဥပနိသျှဒ်ကျမ်း (Upanishad) တွေမှာဆိုထားတယ် ကိုလင်းရဲ့'
'အ-ဥ-မ ရဲ့ အဓိပ္ပာယ်ကရောဘယ်လိုများတုံး ကိုဝင်းရ'
'အ-ဆိုတာက ဂုဏ်အင်္ဂါအားဖြင့် အတ္တရဲ့ ရဇဂုဏ်၊ အသွင်သဏ္ဌာန်အားဖြင့်
မဟာဗြဟ္မာကြီးရဲ့ အထိမ်းအမှန်၊ ဥ-ဆိုတာက ဂုဏ်အင်္ဂါအား ဖြင့် အတ္တရဲ့သတွဂုဏ်၊
အသွင်သဏ္ဌာန်အားဖြင့် ဗိဿနိုးနတ်မင်းကြီးရဲ့ အထိမ်းအမှတ်၊ မ-ဆိုတာကတော့
ဂုဏ်အင်္ဂါအားဖြင့် အတ္တရဲ့ တမဂုဏ်၊ အသွင်သဏ္ဌာန်အားဖြင့်
သီဝနတ်မင်းကြီးရဲ့အထိမ်းအမှတ်ပဲ'
"ထာဝရဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းရွတ်ဆိုမယ်ဆိုရင် 'အ၊ဥ၊မ'
'အ၊ဥ၊မ' လို့ရွတ်ဆိုရုံနဲ့ ပြည့်စုံတာပေါ့နော်"
" 'အ၊ဥ၊မ' 'အ၊ဥ၊မ' နဲ့တော့ ရွတ်နေစရာမလိုပါဘူး ကိုလင်းရယ်၊ ခင်ဗျား
အခုနကရွတ်ပြတဲ့ ပုတီးစိတ်ဂါထာလေးရဲ့အစ စကားလုံးဖြစ်တဲ့ 'ဥုံ' ဆိုတဲ့
အက္ခရာလေးကို ရွတ်ဆိုရုံနဲ့ 'အ' ရယ်၊ 'ဥ' ရယ်၊ 'မ' ရယ်တို့ရဲ့
တစ်ဆက်တစ်စပ်တည်း အသံထွက်သွားပြီး 'ဂုဏ်တော်သုံးပါး နှင့်
ပြည့်စုံတော်မူထသော ထာဝရဘုရားသခင် (ခေါ်) မဟာအတ္တကြီး'
ကိုရှိခိုးပူဇော်ပြီးသား ဖြစ်သွားတာပေါ့ဗျာ"
'အို့ဟိုး...လတ်စသတ်တော့ ဥုံဆိုတာ ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေရဲ့ အထွတ်အမြတ်
ထာဝရဘုရားသခင်ကို ရှိခိုးပူဇော်တဲ့ အက္ခရာတစ်ခုပဲ ကိုး ကိုဝင်းရဲ့'
"သိတ်ဟုတ်တာပေါ့ဗျာ၊ ဟိန္ဒူဗြာဟ္မဏ၀ါဒီတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့
ဥပနိသျှဒ်ကျမ်းတွေမှာ ဒီ 'ဥုံ 'ဆိုတဲ့ အက္ခရာရဲ့ဂုဏ်ကျေးဇူးကို
အမျိုးမျိုးအဖုံဖုံ အမွှမ်းတင်ဖွင့်ဆိုထားတာကို တွေ့ရတယ်ဗျ၊
မဏ္ဍကဥပနိသျှဒ်မှာဆိုရင် ဥုံသည်လေးနှင့်တူ၏၊ ဇီဝအတ္တသည်မြားနှင့်တူ၏၊
ဗြဟ္မာသည် ပစ်ကွင်းနှင့်တူ၏ လို့မိန့်ဆိုထားတာတွေ့ရတယ်ဗျ၊
သဘောကတော့ဗျာ...လူတစ်ဦးဟာ ဥုံကို အကြိမ်ကြိမ်အဖန်ဖန် ရွတ်
ဆိုပွားများခြင်းအားဖြင့် ဇီဝအတ္တလို့ခေါ်တဲ့ မိမိရဲ့အသက်ဝိညာဉ်ဟာ
အပြစ်ကြေးညှော်တွေ ကင်းစင်သန့်ရှင်းသွားပြီး အတိုင်းမသိစင် ကြယ်တဲ့
ဗြဟ္မာ(ခေါ်) မရမအတ္တ(ခေါ်) ထာဝရဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ကြီးနဲ့
ပေါင်းစပ်သွားမယ်၊ သံသရာဝဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်စေမယ်လို့
ဆိုလိုတာပေါ့"
"ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေအတွက်တော့ 'ဥုံ'ကိုရွတ်ဖတ်ခြင်းဟာ
ထာဝရဘုရားသခင်ဆီသွားရာလမ်းလို့ ဆိုရမှာပဲနော်"
"ဒါပေါ့ဗျာ၊ ပြဿနဥပနိသျှဒ်ကျမ်းမှာဆိုရင်
ဗြဟ္မာနှင့်တွေ့ဆုံပေါင်းစပ်လိုပါက ဥုံအက္ခရာကို ရွတ်ဆိုပွားများရမည်၊
ဗြဟ္မာကို အာရုံပြု ရမည်၊ ဗြဟ္မာကိုသိသူသည် ဗြဟ္မာအဖြစ်ကိုရရှိ၏၊ဥုံဟူသော
အက္ခရာကို ရွတ်ဆိုပွားများလျှင် ဗြဟ္မာ့ဥာဏ်ကိုရရှိ၏ လို့တောင် ဆိုထား
သေးတာပဲ၊ ဗြဟ္မာဆိုတာ ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေအဖို့ ထာဝရဘုရားသခင်ရဲ့
မဟာအတ္တကြီး၊ တစ်နည်းပြောရရင် ပရမအတ္တကို ရည်ညွှန်း တာပဲဗျ"
"အင်း....အနတ္တလက္ခဏသုတ် ကိုဟောပြီး လောကမှာအစဉ်မဖောက်မပြန်ဘဲ
မိမိကိုယ်ကိုအစိုးရနေတဲ့ အတ္တဆိုတာမရှိပါဘူးလို့ မြွက်ကြားခဲ့တဲ့
ဗုဒ္ဓဒေသနာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲလားဗျာ၊ 'ဥုံ'
ဆိုတာတကယ်တော့ အတ္တကိုအာရုံပြု လက်ခံယုံကြည်သူတွေ ရွတ်ဆိုရမယ့်အက္ခရာပဲဗျ"
"ဒါကြောင့် ဗုဒ္ဓဟောကြားခဲ့တဲ့ ဘယ်ဂါထာတော်မှာမဆို 'ဥုံ'ဆိုတဲ့
အက္ခရာကိုထည့်ပြီး မရွတ်ဖတ်သင့်ဘူးဗျ၊ အရှေ့နဲ့အနောက်လို
ဆန့်ကျင်နေတဲ့အယူအဆနှစ်ခုကို ပေါင်းစပ်လက်ခံပြီး ရွတ်ဖတ်ကြမယ်ဆိုရင်ဖြင့်
ဘာမှအဓိပ္မာယ်ရှိတော့မှာ မဟုတ်ဘူးဗျ"
"အေးဗျာ၊ အစကတော့ 'ဥုံမပါရင်ဂါထာမဖြစ'် ဆိုတဲ့ဆိုရိုးကို
အဟုတ်မှတ်နေမိတာ၊ တကယ်တော့ ဒါဟာဟိန္ဒူဗြာဟ္မဏ၀ါဒီတွေအတွက် သာ
အလွန်မှန်တဲ့စကားဖြစ်တာပဲကိုး၊ အဲ...အတ္တရဲ့တည်ရှိမှုကို
အကြွင်းမဲ့ငြင်းပယ်ပြီး အနတ္တ၀ါဒကိုထူထောင်သူ ဗုဒ္ဓဘုရားရှင်ကိုမှ
ယုံကြည်ကိုးကွယ်လိုပါတယ်ဆိုတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ အဖို့တော့
အဲဒီဆိုရိုးကို အခုလိုသာပြင်လိုက်ချင်တော့တယ် ကိုဝင်းရေ့"
'လင်းစမ်းပါဦး ကိုလင်းရယ်'
'ဥုံပါလျှင် ဂါထာပျက်လိမ့်မည်လို့ပေါ့ဗျာ'
ဝင်းသိန်းဦး
(၂၅-၁၂-၉၁)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ် မတ်လနှင့် ဧပြီလ။















































No comments: