Saturday, January 15, 2011

လုံးဝရှောင်တာ အကောင်းဆုံးပါ

အရက်သောက်ခြင်းသည် အလွန်လျှောသော ဆင်ခြေလျှော၌ လမ်းလျှောက်ရသည်နှင့်တူသည်။ အချိန်မရွေး လဲချော်သွားနိုင်သည်။ တစ်နည်းအားဖြင့် အန္တရာယ်ရှိနေသည်ဟု ဆိုလိုပါသည်။ သင့်တင့်မျှတရုံသောက်ပါက ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းရနိုင်သော်လည်း လွန်ကဲပါက ကျန်းမာရေးကို အဘက်ဘက်မှ ယိုယွင်းသွားနိုင်သည်။ အရက်အလွန်အကျွံသောက်ခြင်းသည် ဆိုးရွားသောရောဂါဝေဒနာများကို ဖြစ်စေနိုင်သည်။

အရက်နှင့်ပတ်သက်သော သတင်းစကားများကို နားထောင်ကြည့်လျှင် အကောင်းအဆိုးတို့ ရောပြွမ်းလျက်ရှိကြောင်း ကြားသိရမည်ဖြစ်သည်။ အရက်ကို သင့်တင့်မျှတရုံသောက်လျှင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးရုတ်တရက် ပျက်ယွင်းခြင်း(Heart Attack) နှင့် လေဖြတ်ခြင်း(Stroke)မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အခြားတစ်ဖက်၌ကြည့်လျှင် အရက်အလွန်အကျွံသောက်ပါက ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့ရနိုင်ပြီး နှလုံးကို ပျက်ယွင်းစေနိုင်သည်။

အရက်သောက်သူများအဖို့ အရက်ကိုမျှတအောင်သောက်သုံးတတ်ဖို့ လိုအပ်သည်။ အကယ်၍သင်သည် အရက်သောက်တတ်သူ မဟုတ်ပါက အဆိုပါအခြေအနေကို ဆက်လက်ထိန်းသိမ်းသင့်ပါသည်။ ဆေးပညာရှင်များအနေဖြင့် အရက်သောက်ခြင်းဖြင့် ကျန်းမာရေးရလဒ်ကောင်း ရယူဖို့အတွက် အကြံပေးလမ်းညွှန်မှု မပြုသင့်ပါ။ အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးမှာ အရက်ကို လုံးဝမသောက်ရန်ပင် ဖြစ်ပါသည်။

အရက်ကို သင့်တင့်မျှတရုံ သောက်ပါက အောက်ဖော်ပြပါ ကျန်းမာရေးရလဒ်ကောင်းများ ရရှိနိုင်ပါသည်။

- နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်မှ လျော့နည်းစေနိုင်သည်။

- နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းမှု(Heart Attack)ကြောင့် သေဆုံးမှုကိုလည်း လျော့နည်းသွားစေမည် ဖြစ်ပါသည်။

- ဦးနှောက်တစ်သျှူး ပျက်ယွင်းမှု Stroke (လေဖြတ်ခြင်း) အန္တရာယ်ဘေးမှလည်း လျော့နည်းသွားစေမည်ဖြစ်သည်။

- သည်းခြေ ကျောက်တည်ခြင်းအတွက်လည်း အန္တရာယ် ကျဆင်းသွားစေပါသည်။

- သွေးချို၊ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါသည်။

အထက်တွင်ဖော်ပြထားသော အကျိုးရလဒ်များမှာလည်း တိကျသေချာမှုမရှိသေးပေ။ အရက်၏ အကျိုးရလဒ်များမှာ အသက်အရွယ်ကြီးသူများအတွက် ပိုမိုကောင်းမွန်သည်ဟုဆိုပါသည်။ အသက်ငယ်ရွယ်သူများနှင့် လူလတ်ပိုင်းအရွယ် များအဖို့ သင့်တင့်မျှတရုံ သောက်ခြင်းသည်ပင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု လက်ခံသူများရှိကြသည်။ အကောင်းထက် အဆိုးကို ပိုမိုဖြစ်စေသည်ဟု လက်ခံခဲ့ကြခြင်း ဖြစ်ပါသည်။

သင့်တင့်မျှတရုံသောက်ခြင်းနှင့် ပတ်သက်သော လမ်းညွှန်ချက်အချို့ကို ဖော်ပြပေးလိုက်ပါသည်။

- အသက် ၆၆နှစ်နှင့်အထက် ကျန်းမာသော အမျိုးသားများ

တစ်ခါတစ်ရံသောက်လျှင် အများဆုံး သုံးခွက် သို့မဟုတ် တစ်ပတ်လျှင် ခုနှစ်ခွက်ထိသာ သောက်သင့်သည်။

- အသက် ၆၅နှစ်နှင့်အောက် အမျိုးသား

တစ်ခါတစ်ရံသောက်လျှင် အများဆုံး လေးခွက် သို့မဟုတ် တစ်ပတ်လျှင် ၁၄ခွက်ထိသာ သောက်သင့်သည်။

- အမျိုးသမီးများ

အမျိုးသမီးများအတွက်မူ တစ်ခါတစ်ရံအတွက် သုံးခွက် တစ်ပတ်အတွက် ခုနှစ်ခွက်ထိသာ အများဆုံး သောက်သင့်ပါသည်။

ဤနေရာတွင် တစ်ခွက်ဟု သုံးနှုန်းထားခြင်းကို ဆက်လက်ရှင်းပြပေးပါမည်။

တစ်ခွက်သည် အောက်ပါအတိုင်းအတာများနှင့် တူညီပါသည်။

(က) ဘီယာ ၁၂အောင်စ သို့မဟုတ် ၃၅၅မီလီလီတာ

(ခ) ၀ိုင် ၅အောင်စ သို့မဟုတ် ၁၄၈ မီလီလီတာ

(ဂ) ၈၀ ရာခိုင်နှုန်းပြင်းအားရှိသော အရက် ၁ဒဿမ ၅အောင်စ သို့မဟုတ် ၄၄ မီလီလီတာ ဖြစ်ပါသည်။

အရက်သောက်ခြင်းမှ လုံးဝရှောင်ကြဉ်သင့်သော အခြေအနေများကို ဆက်လက်တင်ပြပေးလိုပါသည်။

- ကိုယ်ဝန်ရယူရန် ကြိုးပမ်းချိန်/ရည်ရွယ်ချိန်

- ကိုယ်ဝန်ရှိနေသောအချိန်

- ဦးနှောက်သွေးကြောပေါက်၍ သွေးယိုစီးမှုဖြစ်ကာ လေဖြတ်ခဲ့ဖူးသူ

- အရက်စွဲသူတစ်ယောက် ဖြစ်နေခြင်း

- အသည်းရောဂါရှိသူ

- ပန်ကရိယ Pancreas ရောဂါရှိသူ

- ယာဉ်မောင်းနှင်မည့်သူ

- အသက် ၂၁နှစ်အောက်ငယ်ရွယ်သူများ

အရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်သော်လည်း အခြေအနေအရ သောက်နိုင်သူများ အခြေအနေကိုလည်း ဖော်ပြပေး လိုက်ပါသည်။

- မိသားစု ရာဇ၀င်၌ အရက်စွဲသူရှိခြင်း

- ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးမှီဝဲနေရသူများ

- ကိုယ်အပူချိန်ကျဆေး(အဖျားကျဆေး) နှင့် နာကျင်မှု သက်သာစေသော ဆေးများမှီဝဲသုံးစွဲနေသူ

- ရင်သားကင်ဆာရောဂါ မိသားစုရာဇ၀င်ရှိသူ

- အစာရေမျို၊လည်ချောင်း၊အသံအိုး၊ပါးစပ်တို့၌ ကင်ဆာဖြစ်ရန် အခြေအနေရှိသူ

အထက်တွင် ဖော်ပြသောအခြေအနေမျိုး၌ အရက်ကိုရှောင်နိုင်ပါက ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါသည်။ အရက်သောက်သုံးပါက ဆိုးကျိုးအန္တရာယ်မလွဲမသွေ ကြုံတွေ့ရနိုင်ပါသည်။

အရက်ကို သ င့်တင့်မျှတရုံသောက်၍ ကျန်းမာရေးအတွက် ရလဒ်ကောင်းများဖြစ်စေနိုင်သည်ဟု ဆိုထားသော်လည်း အရက်ကို ပိုမိုသောက်သုံးမိသည်နှင့် ရောဂါဝေဒနာပေါင်း မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်သည်ကို သတိချပ်သင့်သည်။ အရက်ကြောင့်ဖြစ်နိုင်သော ရောဂါအန္တရာယ်များကို အောက်တွင် ဖော်ပြပေးထားပါသည်။

(က) ကင်ဆာရောဂါများ( ရင်သားကင်ဆာ၊ ပါးစပ်နှင့်ခံတွင်းကင်ဆာ၊ အစာရေမျို၊ လည်ချောင်း၊ အသံအိုးနှင့် အသည်းကင်ဆာများ)

(ခ) ပန်ကရိယရောင်ရမ်းခြင်း Pancreatitis

(ဂ) နှလုံးသွေးကြောရောဂါကြောင့် ရုတ်တရက်သေဆုံးခြင်း၊

(ဃ) နှလုံးကြွက်သား ပျက်စီးခြင်းနှင့် နှလုံးလုပ်ငန်းပျက်စီးခြင်း၊

(င) လေဖြတ်ခြင်း(လေသင်တုန်း)

(စ) သွေးတိုးရောဂါ

(ဆ) အသည်းမာ အသည်းခြောက်ခြင်း

(ဇ) သေကြောင်းကြံစည်မှု

(ဈ) မတော်တဆမှုနှင့် သေဆုံးမှု

(ည) ကိုယ်ဝန်ပျက်ခြင်း

(ဋ) သန္ဓေသားတွင် အရက်ကြောင့်ဖြစ်သော လက္ခဏာစု

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အနည်းငယ်မျှသော ကောင်းကျိုးရလဒ်ကိုမျှော်ကိုး၍ အရက်မသောက်သင့်ပါ။ အရက် ကို လုံးဝမသောက်ခြင်းသည်သာ သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။ သင်၏ တစ်ဘ၀တိုးတက်အောင်မြင်စေဖို့ အတွက် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါဟု အကြံပေးတိုက်တွန်းလိုက်ရပေသည်။

ဒေါက်တာ အေးကျော်

Resource: The Chic Magazine – January 2011


No comments: