Sunday, January 23, 2011

ရောဂါနှင့် ဓာတ်စာ

ပါကင်ဆန်ရောဂါ (Parkinson's Disease)

ဓာတ်စာ

တရုတ်ဆီးသီး၊ သရက်သီး၊ ကန်စွန်းဥ၊ ဆန်၊ဗာဒံစေ့၊ဂျုံ၊ပန်းသီး၊ကော်ဖီ၊ အမျှင်ဓာတ်များသော နှံစားသီးနှံ၊ သံလွင်ဆီ။

ရှောင်ရန်

အသားဓာတ်၊ ပရိုတင်းများသော အစားအစာများ (အနီရောင် အသား၊ချိစ်၊ဥအမျိုးမျိုး)

ပါကင်ဆန်ရောဂါ ခံစားရတဲ့ ထင်ရှားကျော်ကြားသူများထဲမှာ သရုပ်ဆောင် မိုက်ကယ်ဂျေဖောက်စ်၊ လက်ဝှေ့အကျော် အမော် မိုဟာမက်အလီနဲ့ တရားဟောဆရာ ဘီလီဂရေဟမ်တို့ ပါဝင်ပါတယ်။

ပါကင်ဆန်ရောဂါ(Parkinson's disease) ကို အတိုကောက် PD လို့လည်းခေါ်ဝေါ်ပြီး ဗဟိုအာရုံကြောစနစ်ချို့ယွင်းမှု ကြောင့် ခန္ဓာကိုယ်ကြွက်သားများကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ တုန်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ရာတွင် ထိန်းချုပ်ရန် ခက်ခဲ ခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ ရောဂါဖြစ်ပါတယ်။ ကျွမ်းကျင်သူများဟာ ယခုထက်ထိ ဘာ့ကြောင့် ဒီလိုကြွက်သားတွေ အားနည်းတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာရသလဲဆိုတဲ့ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို သေသေချာချာ မသိရသေး ပါဘူး။

PD ဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ အစပိုင်းမှာ ဂနာမငြိမ် စိုးရိမ်ပူပန်ခြင်းနဲ့ စတင်ပြီး စကားပြောရာမှာ ထစ်ငေါ့ပြီး မပီမသနဲ့ စကားပြောရလည်း ခက်ခဲပါမယ်။ နောက်ပိုင်းမှာ လက်တွေတုန်မယ်၊ ကြွက်သားတွေတောင့်တင်းမယ်၊ လှုပ်ရှားမှု နှေးကွေးလာတာတွေ ဖြစ်လာမယ်။

လမ်းလျှောက်တဲ့အခါ ခြေထောက်တွေကို မကြွနိုင်ဘဲ ဒရွတ်ဆွဲနေပြီး သင့်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးတဲ့အခြေအနေတွေ စတင်လာပါမယ်။

ဒါပေမယ့်လည်း ပါကင်ဆန်ရောဂါရှိတဲ့သူတွေ အများစုဟာ လုပ်နိုင်ကိုင်နိုင်တဲ့ လူတစ်ယောက်အဖြစ် ဆက်လက် လှုပ်ရှား နေထိုင်သွားကြပါတယ်။ သဘောကတော့ ရောဂါသည်ပဲဆိုပြီး အိပ်ရာထဲမှာနေတာမျိုး၊ ဆေးရုံတက်ပြီးပဲ နေတာမျိုးမဟုတ်ဘဲ လုပ်စရာ၊ ကိုင်စရာရှိတာများကို ပုံမှန်ဆက်လက်လုပ်ဆောင်သွားကြပါတယ်။ ပါကင်ဆန်ရောဂါ သည်ဦးရေရဲ့ ၉၀ရာခိုင်နှုန်းကျော်ဟာ မိသားစုဝင်တွေနဲ့အတူ အိမ်မှာပဲနေထိုင်ပါတယ်။ PD ဟာအများအားဖြင့် အသက် ၅၀ကျော်မှ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် အချို့လူတွေမှာ ဒီ့ထက်ငယ်တဲ့အရွယ် (ဥပမာ - ဖောက်စ်ဟာဆိုရင် သူ့အသက် ၃၀အရွယ်) မှာ ခံစားရတတ်ပြီး၊ အချို့အသက် ၂၀ ၀န်းကျင်တွေမှာတောင်မှ ဖြစ်တတ်ပါတယ်။

၎င်းရောဂါဟာ အခုအချိန်အထိပျောက်ကင်းအောင် ကုသမှုမရှိသေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို ထိ ရောက်စွာ ထိန်းချုပ်နိုင်တဲ့ ဆေးဝါးကုသမှုတွေ ရှိပါတယ်။ ဒါ့အပြင် အစားအသောက်တွေဟာလည်း အဲဒီ ဆေးဝါး တွေ ပိုပြီး အာနိသင်ပေးအောင် ပံ့ပိုးကူညီပေးနိုင်ပါတယ်။ ပိုပြီး အရေးကြီးတဲ့အချက်ကတော့ သင်စားလိုက်တဲ့ အစား အစာတွေဟာ သင့်ကို ပါကင်ဆန်ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်မှုပေးနိုင်တယ်ဆိုတာပါပဲ။

ပါကင်ဆန်ရောဂါကို တိုက်ထုတ်ပေးမယ့် အဟာရဓာတ်များ

(၁) ဗီတာမင် E

ဗီတာမင် E ပါဝင်တဲ့ အစားအစာများကို အမြောက်အမြားစားသုံးပါ။ ပါကင်ဆန်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါလိမ့် မယ်။ ၄င်းဟာ နယ်သာလန်နိုင်ငံမှာ အသက်ကြီးသူ ၅၀၀၀ ကျော်ကိုပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်ဖြစ် ပါတယ်။

ဗီတာမင် E ဟာ ပါကင်ဆန်ရောဂါကို ဘယ်လိုနည်းနဲ့ ကာကွယ်မှုပေးတယ်ဆိုတာ ယခုထိ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ ကျွမ်းကျင်သူများ ထင်မြင်တာကတော့ ၄င်းရဲ့ အင်တီအောက်စီးဒင့်ဂုဏ်သတ္တိကြောင့် လှုပ်ရှားမှုနဲ့ဆိုင် သော အာရုံကြောကလာပ်စည်းများရဲ့ ပျက်စီးမှုကိုကာကွယ်ပေးနိုင်ခြင်းကြောင့်ဖြစ်ဟန်တူပါတယ်။

ဗီတာမင် E ကို လတ်ဆတ်တဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ (တရုတ်ဆီးသီး၊ ထောပတ်သီး၊ သရက်သီး၊ မုန်လာထုပ်အမျိုးမျိုးနဲ့ ကန်စွန်းဥများ) မှ ရရှိနိုင်ပါတယ်။ ၄င်းအပြင် သင်စားမယ့် အစားအစာထဲမှာ နှံစားသီးနှံများရဲ့ အမြှေး ပါးများ (ဥပမာ- ဖွဲနု) ဆန်၊ဂျုံ၊ဗာဒံစေ့၊မြေပဲ၊ထောပတ်၊နေကြာစေ့ စသည်တို့ကိုလည်း ထည့်သွင်း စားသောက် ပါ။

ဗီတာမင် Eကို အသား၊ငါးများထံမှ ရရှိခြင်းထက် အပင်မှရရှိခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်ဆီတွေဟာ PD ဖြစ်နိုင်မယ့်အခွင့်အလမ်းကိုများစေလို့ပါပဲ။ အသားစားမယ့်အစား ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များကို အစားထိုး စားသုံးပါ။ အသားစားကိုစားမယ်ဆိုတဲ့အခါမျိုးမှာတော့ အဆီမပါအသားချည်း သက်သက်သာရွေးချယ်ဝယ်ယူစားသုံးပါ။

သံလွင်ဆီနဲ့ ကင်နိုလာဆီဟာ ဗီတာမင် E ကြွယ်ဝတဲ့ဆီ ၂မျိုးဖြစ်ပါတယ်။ အသုပ်များထဲမှာ ဒီအတိုင်းထည့်ပြီး စားသုံးပါ။ အပူပေးလိုက်ခြင်းကြောင့် ဆီထဲမှာပါဝင်တဲ့ ဗီတာမင် E ဓာတ် ဆုံးရှုံးနိုင်တာမို့ ဆီကိုအစိမ်းအတိုင်း ထည့်သုပ်စေခြင်းပါ။ ဒါပေမယ့် ဒီဆီ ၂မျိုးကို ကြော်တဲ့၊ ချက်တဲ့အခါ သုံးရင်လည်းတိရစ္ဆာန်ဆီတွေ၊ ထောပတ်တွေ၊ မာဂျရင်းတွေထက် ပိုကောင်းမွန်ပါတယ်။

(၂) ကဖင်း

သင့်ရဲ့ နံနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်လိုက်ပါက ပါကင်ဆန်ရောဂါမှ ကာကွယ်မှုပြုနိုင်ပါလိမ့်မယ်။ Journal of the American Medical Association မှာပုံနှိပ် ဖော်ပြခဲ့တဲ့ မကြာသေးခင်ကလေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်အရ ကော်ဖီလုံးဝမသောက်တဲ့သူတွေဟာ တစ်နေ့ကို ကော်ဖီပုံမှန်အရွယ်အစားခွက်နဲ့ ၄-၅ခွက်သောက်တဲ့သူတွေထက် ပါကင်ဆန်ရောဂါ ဖြစ်နိုင်တဲ့နှုန်း ပိုများတယ်ဆို တာပါပဲ။ အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့တဲ့ သုတေသီများက ကော်ဖီထဲမှာ ပါဝင်တဲ့ အခြားပါဝင်ပစ္စည်းများကြောင့် မဟုတ် ဘဲ ကဖင်းဓာတ်ကြောင့် ဒီအကျိုးကျေးဇူးရခြင်းဖြစ်တယ်လို့ ယုံကြည် ကြတယ်။ ဒါပေမယ့် သင်ဟာ လက်ရှိမှာ ကော်ဖီ သောက်တတ်တဲ့သူမဟုတ်ရင် ကော်ဖီ စသောက်ဖို့၊ ကော်ဖီသောက် တတ်တဲ့သူဖြစ်ရင်လည်း ယခုသောက်နေတဲ့ ပမာဏထက်တိုးသောက်ဖို့ကိုတော့ သင့်အနေနဲ့ နောက်ထပ် သုတေသနများကိုစောင့်ကြည့်ကောင်း စောင့်ကြည့်ချင်ပါလိမ့်မယ်။

(၃) အမျှင်ဓာတ်

ဝမ်းချုပ်ခြင်းဟာ ပါကင်ဆန်ရောဂါရှိတဲ့သူတွေ ခံစားရလေ့ရှိတဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင်အရွက်ဖားဖားဟင်းသီးဟင်းရွက်တွေ၊ ပဲတောင့်ရှည်များ၊ ပန်းသီးနှင့် အခြားအမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များဟာ ၀မ်းသွားရ လွယ်ကူစေပါလိမ့်မယ်။ Fiber ဆိုတာဟာ ဟင်းသီး ဟင်းရွက်တွေက ရရှိတဲ့၊ ရေမှာမပျော်ဝင်နိုင်တဲ့၊ ၀မ်းသွားရင် ပါသွားတဲ့ သဘာဝအမျှင်ဓာတ်တစ်မျိုးဖြစ်တယ်။ Fiber ကြောင့် ၀မ်းပမာဏကို များစေပြီး အူလမ်းကြောင်းကနေ မစင်များဆင်းသွားတဲ့ လမ်းတစ်လျှောက်ကို ရွေ့လျားမှု လွယ်ကူစေတယ်။ ၀မ်းပမာဏကို များစေလို့ အူနံရံကို တင်းကာလှုံ့ဆော်မှုပေးပြီး ၀မ်းသွားချင်တဲ့ ဆန္ဒကိုဖြစ်ပေါ်စေ ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများအပြင် အမျှင်ဓာတ်ရရှိဖို့ ပေါင်မုန့်ကြမ်းများ၊ အစေ့အနှံများမှ ထုတ်လုပ် ထားတဲ့ စီရီယယ်များ(ဥပမာ - ကွေကာအုတ်)၊ အစေ့အနှံများရဲ့ အပေါ်ယံအမြှေးပါးအခွံကနေပြုလုပ်ထားတဲ့ စားစရာ များကို စားပေးနိုင်ပါတယ်။ အစာခြေခြင်းကို အားပေးဖို့ ရေများများသောက်ပေးရန် မမေ့မလျော့ဖို့လည်း လိုအပ်ပါ တယ်။

သတိပြုရန်

ပါကင်ဆန်ရောဂါရှိသူများဟာ Levodopa ဆိုတဲ့ဆေးကို သောက်ရလေ့ရှိပါတယ်။ အစားအစာထဲက ပရိုတင်းဓာတ် ဟာ Levodopa ဆေးရဲ့အာနိသင်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ပါကင်ဆန်ရောဂါဖြစ်ပြီး Levodopa သုံးစွဲ နေရတဲ့ သူ တွေဟာ အသား၊ဥများနှင့် အခြားသော အသားဓာတ်များတဲ့အစားအစာများကို ရှောင်ရပါတယ်။ ဒါပေမယ့် ကိုယ် အလေးချိန်ကျမသွားဖို့ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ပိုပြီးစားပေးရပါမယ်။ ဒါ့အပြင် ပရိုတင်းကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများကို ရှောင်ရှားရတဲ့အခါ ကယ်လ်စီယမ်ဓာတ်မချို့တဲ့ဖို့ ကယ်လ်စီယမ်ဖြည့်စွက်အားဆေးများ သောက်ပေးရပါမယ်။

Credit: Health Digest Journal – Vol.8, No.13, 19-1-2011

No comments: