Friday, January 21, 2011

ရေချိုးသန့်စင်...ကိုယ်နေဟန်ထား

ရေချိုးသန့်စင်မှုနဲ့ပတ်သက်၍ သိသင့်သည်များ (Bath Time)

သက်သောင့်သက်သာနဲ့ ရေချိုးခြင်းဟာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုပါ စစ်မှန်တဲ့ ပြုစုနည်းပဲဖြစ်ပါတယ်။ ဒါနဲ့အတူ ရေချိုးတာနဲ့ ပတ်သက်တဲ့ အထက်ဖော်ပြပါအချက်များကိုလည်း သိထားသင့်ပါတယ်။

- ရေနွေးနဲ့ ချိုးတာဟာ ချွေးပေါက်တွေကို ပွင့်ထွက်စေသလို ပိတ်ဆို့မှု ပြည့်ကျပ်မှုတွေကိုလည်း လျော့နည်းစေနိုင်ပါ တယ်။ သတိထားဖို့ကတော့ မိမိရဲ့အသားအရေမှာ အတွန့်အရေးအကြောင်းတွေရှိမယ်၊ ဆံခြည်မျှင်သွေးကြောလေးတွေ ပြတ်တာမျိုး ဖြစ်စေ၊ မျက်နှာသွေးရောင် အလွယ်တကူဖြန်းတာမျိုးဖြစ်စေ ဖြစ်လာခဲ့ရင် ရေပူပူချိုးတာ၊ ရေနွေးကန်ထဲ စိမ်တာ (jacuzzis) မျိုးကို ရှောင်သင့်ပါတယ်။

- ရေချိုးကန်ထဲကို မွှေးရနံ့ဆီ (essential oil) အစက်အနည်းငယ်ထည့်ပါ။ ဒီလိုထည့်တဲ့ နေရာမှာ ကိုယ်လိုအပ်တဲ့ ပုံစံ အပေါ်ကြည့်ပြီး ထည့်ရပါမယ်။ လန်းဆန်းတက်ကြွမှု ဖြစ်စေချင်တာလား (Invigorating) ၊ သက်သောင့်သက်သာ ရှိစေ၊ သောက ဖိစီးမှု လျော့ပါး (relaxing) စေလိုတာလား၊ အေးငြိမ်းချမ်းမြေ့ (soothing) စေလိုတာလား စသဖြင့် စဉ်းစားပြီး မွှေးရနံ့ ထုံသင်းတဲ့ ရေချိုးရင်း အပန်းဖြေပါ။

- ရေမချိုးခင် အရင်ဆုံး အကြောအခြင်တွေကို ဖြေလျှော့ပါ။ ဦးဆုံး လည်ပင်းကြွက်သားပြီးရင် ပခုံး၊ လက်မောင်း၊ ရင်ဘတ်၊ ကျောပိုင်း၊၀မ်းဗိုက်၊ တင်ပါး၊ပေါင်၊ဒူးနဲ့ ခြေထောက်ပိုင်းကို ဖြေလျှော့ ပေးရပါမယ်။

- ဒီလိုဖြေလျှော့နေစဉ်မှာ လေရှူရှိုက်မှုအပေါ် အာရုံစူးစိုက်ထားပါ။ လေကို နှာခေါင်းကနေ ၁ ကနေ ၄ရေတွက်ချိန် ကြာတဲ့ အထိ ပြင်းစွာ ရှူသွင်းပါ။ နှာခေါင်းကနေ ရင်ဘတ်၊ ရင်ဘတ်ကနေ ၀မ်းဗိုက်ပိုင်း ပြည့်သွားတဲ့အထိ ရှူသွင်းချိန်ကို ၁ ကနေ ၈အထိ ရေတွက်ချိန် ကြာတဲ့အထိနေပြီးမှ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ ဒီနည်းအတိုင်း အကြိမ်အနည်းငယ် ရှူသွင်းရှူထုတ်လုပ်ပါ။

- ရေစိမ်ချိုးတာဖြစ်စေ၊ ရေချိုးတာဖြစ်စေ တစ်ကိုယ်လုံး ရေစိုသွားပြီဆိုရင် ၁၅မိနစ်လောက်အကြာမှာ ( ၁၅မိနစ်ထက် ပိုသွားရင် အရေပြား ပွရောင်းရောင်း ဖြစ်လာတတ်ပါတယ်) နှလုံးသားဘက်ကို အချိန်ယူပြီး ပွတ်သပ်ပေးပါ။

- ရေချိုးပြီးသွားရင် ရေခြောက်အောင် သုတ်ပြီးတဲ့နောက် အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်နဲ့ လိုးရှင်း တစ်မျိုးမျိုးကို လိမ်း ပေးပါ။ ဒါမှမဟုတ် မွှေးရနံ့ဆီကို အရေပြားစိုထိုင်းထိုင်း ဖြစ်နေစဉ်မှာ လိမ်းပေးနိုင်ပါတယ်။ မွှေးလည်းမွှေး အစိုဓာတ်လည်း ရပြီးသား ဖြစ်သွားစေနိုင်တာပါ။


ကိုယ်နေဟန်ထား အချိုးကျလှပစေရန် ကိုယ်ခန္ဓာအားပြုပြင်ခြင်း (Straighten Up)

မိမိရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပုံပန်းသဏ္ဌာန်ဘယ်လိုပဲ ဖြစ်နေပါစေ။ ကိုယ်ကို မတ်ထားမယ်ဆိုရင် ကြည့်လို့ကောင်း သွားမှာပါ။ မတ်မတ်လေးနေမယ်၊ လမ်းကိုလည်း မှန်မှန်ကန်ကန် လျှောက်မယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန် ၅ပေါင် လောက်လျော့သွားသလို ထင်ရမှာဖြစ်တယ်။

တကယ်တော့ ကောင်းမွန်မှန်ကန်တဲ့ ပုံစံနဲ့ နေထိုင်သွားမယ်ဆိုရင် အရပ်အမောင်း မြင့်လာပြီး သန်စွမ်းတဲ့ ပုံမျိုးနဲ့ ကြော့ ကြော့ မော့မော့ မြင်တွေ့နိုင်ရုံ မကပါဘူး။ ကျောရိုး၊ လည်ပင်းနဲ့ လည်ကုပ် နာကျင် ကိုက်ခဲတာတွေကို လျော့ပါးစေနိုင်၊ ၀မ်းဗိုက်ကြွက်သားတွေကို သန်မာစေပြီး မောပန်းနွမ်းနယ်မှုနဲ့ သွေးလည်ပတ်မှုတွေကိုပါ ကောင်းမွန်စေနိုင်တာမို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မိမိရဲ့ ကိုယ်နေဟန်ထားက ကောင်းတယ်လို့ထင်ရင် ခါတိုင်းပုံမှန်ရပ်သလို ရပ်ပြီး ခြေဖနောင့်ကိုနံရံမှာ ထိထားပါ။ ပြီးတော့ ပခုံး၊ ကျောကုန်း၊ တင်ပါးနဲ့ ခေါင်းအနောက်ဘက်ကိုလည်း နံရံနဲ့ထိထားပြီး လက်ကို ကျောကုန်းနဲ့ နံရံကြားမှာ လျှိုသွင်း ကြည့်ပါ။

ဒီလို စစ်ဆေးကြည့်တဲ့ အခါမှာ မိမိရဲ့ ကိုယ်ဟန် အနေအထားက ထင်သလို မဟုတ်ဘဲရှိနေတာကို တွေ့ရပါလိမ့်မယ်။

ကိုယ်ဟန် အနေအထား ကောင်းမွန်စေရန် နည်းလမ်းများ

- ထိုင်တဲ့အခါမှာ ချက် (navel) ကို ကျောရိုး(spine) ဘက်ကိုသွင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်း(torso) တည့်မတ်နေစေဖို့ ဆန့်တန်းထားပါ။

- အကြာကြီး မတ်တပ်ရပ်တဲ့အခါမှာ ၀မ်းဗိုက်ကြွက်သား(abdominal muscles) တွေ ကျောရိုးဘက်ဆွဲသွင်းထားပြီး တင်ပါးကိုရှေ့ဘက်အနည်း ငယ် ယိမ်းထားကာ ဒူးကိုလည်းဖျော့ထားပါ။

- လေ့ကျင့်ခန်း မှန်မှန်လုပ်တာက ကိုယ်နေဟန်ထားကို ပိုမို အချိုးကျစေနိုင်ပါတယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန်နဲ့ စနစ် တကျ ဖြစ်ဖို့တော့လိုပါတယ်။ အထူးသဖြင့် အားကစား ပစ္စည်းများနဲ့ အားကစားရုံမှာ ကစားတဲ့အခါမှာ ဖြစ်ပါတယ်။

- ထိုင်ခုံနဲ့ ထိုင်တဲ့အခါ နောက်ကျောကို အထောက်အကူဖြစ်စေတဲ့ ကျောမှီထားပြီး ခြေထောက်ကိုလည်း ကြမ်းပြင်ပေါ် အပြားလိုက်ချထားဖို့ လိုပါတယ်။

- နောက်ကျောဘက် အားကောင်း လာစေဖို့ လက်ပြင်ရိုး(shoulder blades)နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ၁၀ စက္ကန့်လောက် ကြာအောင်ညှစ်ထားပါ။ ၁၀ကြိမ်ပြုလုပ်ပေးပါ။ နေ့စဉ် မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။

Credit: Tharapu Magazine Jan 2011

No comments: