Monday, January 10, 2011

ကြက်ရိုးဘူးသီးဟင်းရည်၊ လယ်ငါးခူကြော်နှင့် ရှမ်းပဲပုပ်ချက်

ကြက်သားဆို တစ်ကောင်လုံးကြိုက်တတ်တဲ့ လူမှာအမျိုး
ကြက်မှာအရိုးဆိုတဲ့အတိုင်း ဟဲ...ဟဲ ကြက်ရိုးနဲ့ ဘူးသီးဟင်း
ချက်စားကြရအောင်။ ပြီးတော့ လယ်ငါးခူပေါက်လေးတွေကို ကြော်စားမယ်၊
နောက်တစ်ခါ ရှမ်းပဲပုပ်ချက်လေးနဲ့ တွဲစားရင်
ထမင်းတော်တော်မြိန်မယ်ထင်ပါရဲ့။

ကဲ....ကြက်ရိုးဘူးသီးဟင်းရည်၊ လယ်ငါးခူကြော်နှင့် ရှမ်းပဲပုပ်ချက်လေး...ရှလွတ်...။

ကြက်ရိုးနဲ့ဘူးသီးဟင်းအတွက်
ကြက်ရိုး သုံးဆယ်သား
ဆား၊နနွင်း၊ငံပြာရည် သင့်ရုံ
ကြက်သွန်နီ၊ဖြူ နှစ်ဥ
စပါးလင် တစ်ချောင်း
ခရမ်းချဉ်သီး သုံးလုံး
ဆီ နှစ်ကျပ်ခွဲသား
ရေနို့ဆီဘူး အနေတော်
ဘူးသီး နှစ်စိတ်ကြီးကြီး

ချက်ကြည့်မယ်
ကြက်ရိုးသုံးဆယ်သား (ကြက်တောင်ပံတို့ ကြက်ခြေထောက်တို့
အသားကပ်နေတဲ့အရိုးတို့) လောက်ဝယ်၊ အမွှေးပြောင် အောင်နုတ် ၊
ကြက်ခြေထောက်ကို အရေခွံနွှာ၊ အရိုးကြေမွသွားအောင် ဓားပြားနဲ့ရိုက်၊
ကြက်ရိုးအားလုံးကို အိုးထဲထည့်၊ ဆား၊နနွင်း၊ငံပြာရည်သင့်ရုံနဲ့
ကြက်သွန်နီနှစ်ဥ၊ ကြက်သွန်ဖြူနှစ်ဥ၊ စပါးလင်တစ်ချောင်းရောထောင်းထားတဲ့
အဆာနဲ့ ခရမ်းချဉ်သီးသုံးလုံးကို ကြက်ရိုးအိုးထဲထည့်ပြီး ခပ်နာနာလေး
နယ်ပေး၊ ဆီနှစ်ကျပ်ခွဲသားထည့်၊ မီးဖိုပေါ်တင်၊ ဆီပြန်လာ အောင် လုံးရမယ်၊
အနံ့မွှေးပြီး အရည်ခမ်းရင် ရေနို့ဆီဘူး တစ်လုံးစာလောက်ထည့်မယ်၊
အရိုးနူးအောင်တည်ရမယ်၊ အရိုး နူးလောက်ရင် အခွံသင်ပြီး စိတ်ထားတဲ့
ဘူးသီးကိုထည့် ၊ ဘူးသီးကျက်ရင် နံနံပင် ဒါမှမဟုတ် ဆူးပုပ်ရွက် တစ်စည်း
လောက်ခပ်၊ အပေါ့အငံမြည်း၊ ရေအနေတော် ထည့်ပြီးရင် အိုးချလို့ရပြီ။
ကြက်ရိုးနဲ့ ဘူးသီးဟင်းရပြီပေါ့။

လယ်ငါးခူကြော်အတွက်
လယ်ငါးခူ နှစ်ဆယ့်ငါးကျပ်သား
ဆား၊နနွင်း သင့်ရုံ
ဆီ တစ်ဆယ်သား

ကြော်ကြည့်မယ်
လယ်ငါးခူပေါက် နှစ်ဆယ့်ငါးကျပ်သားဝယ်ထားတာကို အရိအရွဲတွေပြောင်အောင်ဆေး၊
ခပ်စောင်းစောင်းလေး ဓားနဲ့မွှန်း၊ ဆား၊နနွင်း နယ်ထား၊ ဆီတစ်ဆယ်သားလောက်
အိုးထဲထည့်မယ်၊ ဆီပူလာရင် ငါးခူ အကောင်လိုက် ထည့်ကြော်လိုက်၊
လယ်ငါးခူပေါက်ကြော် ကြွပ်ကြွပ်ရရော။

ရှမ်းပဲပုတ်ချက်အတွက်
ပဲပုပ်စေ့ တစ်ဆယ်သား
ခရမ်းချဉ်သီး ငါးလုံး
ကြက်သွန်နီ၊ဖြူ တစ်ဥ

ချက်ကြည့်မယ်
ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူတစ်ဥကိုထောင်း၊ အစပ်ပါအောင်
ငရုတ်သီးနည်းနည်းထည့်ထောင်း၊ ဆီ နှစ်ကျပ်ခွဲသားကို ဒယ်အိုးထဲထည့်၊
ထုံးစံအတိုင်း အနံ့မွှေးလာရင် ဆီသတ်။ ခရမ်းချဉ်သီး လှီးထားတာကို ထည့်၊
ခရမ်းချဉ်သီးကြေရင် ပဲပုပ် စေ့တွေထည့်၊ ဆီပြန်လာရင် ငရုတ်သီးစိမ်းကို
ဓားပြားရိုက်ထည့်၊
အပေါ့အငန်မြည်းပြီးချရင် ရှမ်းပဲပုပ်ချက်ရပြီပေါ့။ ပဲပုပ်ချက်နဲ့
တို့စားလို့ရတာကတော့ ခရမ်းကျွတ်သီး၊ ပဲစောင်းလျားသီး အနုလေးတွေ၊
ဂေါ်ဖီရွက်အစိမ်း၊ ကြက်သွန်မြိတ်။









No comments: