Friday, January 21, 2011

အထင်ကရ ဒီဇိုင်နာ Calvin Klein

၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ New York မြို့ Bronze ရပ်ကွက်တွင် ဟန်ဂေရီနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ Leo နှင့် Flo Stern တို့က ကယ်လ်ဗင် (Calvin) ကို မွေးဖွားသန့်စင်ခဲ့သည်။ (ကယ်လ်ဗင်ကလိန်း) Calvin Klein ၏ နာမည် အပြည့်အစုံမှာ ကယ်လ်ဗင်ရစ်ချက်ကလိန်း(Calvin Richard Klein) ဖြစ်သည်။


ရပ်ကွက်သည် အာဖရိက လူမည်းအမေရိကန်များ နေထိုင်သော ရပ်ကွက်ဖြစ်ပြီး လူဆိုးလူမိုက်များ ပေါများကာ မှုခင်း အများဆုံး ရပ်ကွက်ကြီးတစ်ခု ဖြစ်သည်။


ထိုရပ်ကွက်တွင် မွေးဖွားသော ကယ်လ်ဗင်သည် လူဆိုးလူမိုက် တစ်ယောက်မဖြစ်ဘဲ ကမ္ဘာကျော် ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်လာသည်။ ကယ်လဗင်သည် အေးဆေးတည်ငြိမ်ပြီး လုံ့လ၀ီရိယ ရှိသူဖြစ်သည်။


လူတို့သည် မိမိအတွေ့အကြုံအသိအမြင်ဖြင့် လောကတွင် လှုပ်ရှားရုန်းကန်၍ မိမိဘ၀ကို ပြဋ္ဌာန်းခဲ့ကြသည်။ ငယ်စဉ် က တည်းက ဇာတိပြသည်ဟုခေါ်ဆိုရမည်လားမသိ။ အသက် ငါးနှစ်အရွယ်ကပင် ကစားစရာ အရုပ်များကို အင်္ကျီချုပ်ပေး သည်။ နောက် သူ့မိခင်၏ အင်္ကျီကို လက်ဖြင့်ချုပ်ပေးသည်။ ကယ်လ်ဗင်၏ မိခင်မှာ သားသမီး သုံးယောက်ရှိပြီး အိမ်မှုကိစ္စ ထိန်းသိမ်းရေး ကောင်းမွန်သူဖြစ်သည်။ ဒုတိယမြောက်သား ကယ်လ်ဗင်က အမေတူသားပါ။ သူ့အမေက အနုပညာနှင့် ဖက်ရှင်ကိုစိတ်ဝင်စားသည်။ ကယ်လ်ဗင်က တစ်ခုပို၍ အားကစားပါ ၀ါသနာပါသည်။


အထက်တန်းကျောင်းတွင် Art and Design ကိုလေ့လာသင်ယူခဲ့သည်။ အားကစားလုပ်လိုက် အင်္ကျီချုပ်လိုက်နှင့် ကယ်လ်ဗင် အရွယ်ရောက်လာတော့ New York Fashion Institute of Technology မှ ၁၉၆၄တွင် ဘွဲ့ရခဲ့သည်။


ဖက်ရှင်ဒီဇိုင်းများ ရေးဆွဲခြင်း၊ အ၀တ်အထည်များချုပ်လုပ်ခြင်း အလုပ်များလုပ်ကိုင်ပြီး ၁၉၆၈တွင် သူငယ်ချင်း Berry Schwartz နှင့်နှစ်ယောက်ပေါင်းကာ အင်္ကျီချုပ်ဆိုင် ဖွင့်ခဲ့ကြသည်။ အမေရိကန်၌ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်နေသော အချိန်လည်းဖြစ်သည်။


ကယ်လ်ဗင်၏ ကုတ်အင်္ကျီ ဒီဇိုင်းများမှာ သေသပ်လှပသည်။ ဆိုင်ဖွင့်ပြီး များမကြာမီ ထိုစဉ်က နယူးယောက်မြို့၏ အကြီးဆုံး အ၀တ်အထည်ရောင်းချသည့် စတိုးဆိုင်ကြီး တစ်ခုဖြစ်သော Bonwit Teller မှ ဒေါ်လာ ငါးသောင်းဖိုး ကုတ် (Coat) အင်္ကျီများ မှာယူခြင်း ခံရသည်။ ထိုအချိန်က အလွန်ကြီးမားသော ငွေပမာဏဖြစ်သည်။ Apperal Industrial ထဲကို ထိန်းသိုလိုက်သော အင်အားများ ရရှိခဲ့သည်။


ထို့နောက် ကယ်လ်ဗင်သည် Fashionable custom လိုင်းဘက်ပြောင်းပြီး CK အားကစားဝတ်စုံများ၊ CK Jeans များ၊ အမျိုးသားအမျိုးသမီးဝတ် အတွင်းခံ အ၀တ်အထည်များကို ဒီဇိုင်းထုတ်၍ ထုတ်လုပ် ရောင်းချတော့သည်။


သူ့ရဲ့အင်္ကျီတွေ ထုတ်လုပ်တဲ့အခါ အမျိုးသမီးတွေအတွက်ဆိုရင် မိန်းမဆန်တဲ့ ပုံစံမျိုး ကြိုက်သူတွေအတွက် ဦးတည် ထုတ်လုပ်ပါတယ်။ အလုပ်လုပ်သူတွေအတွက် ရုံးထဲ၊ အလုပ်ရုံထဲ အစည်းအဝေးခန်းထဲ ၀တ်နိုင်တဲ့ အ၀တ်အထည်တွေ၊ အိမ်ထောင်ရှင်မတွေ၊ ခေတ်မီတဲ့ မိန်းကလေးတွေအတွက် ဦးတည် ထုတ်လုပ်တာကြောင့် ကယ်လ်ဗင်ရဲ့ စီးပွားရေးဟာ လွန်စွာ အောင်မြင် ကြီးပွားလာပါတယ်။ သူ့ရဲ့အခြေခံ အတွေးအခေါ်ကို အကောင်အထည် ဖော်ခဲ့လို့ ယနေ့တိုင် သူ့ရဲ့ နာမည်ဟာ အထင်ကရဖြစ်ခဲ့ရတယ် မဟုတ်ပါလား။ ဆယ်စုနှစ် လေးခုလောက် တည်တံ့အောင်ထိန်းနိုင်ခဲ့တဲ့ ကယ်လ်ဗင် ဟာ ခရီးလမ်းကြောင်းရှည်ကြီး ဖြတ်သွားချင်သူ အဖို့ ၁။ ရည်မှန်းချက်ရှိရမယ်။ ၂။ စွမ်းဆောင်နိုင်တဲ့ အင်အားတွေရှိရမယ် လို့ သတိပေးခဲ့သည်။ သူ့အ၀တ်အထည်တွေဟာ ကြယ်လေးပွင့် စားသောက်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသမီးတွေအတွက် မဟုတ်ဘူးလို့ သူ့ရဲ့ဈေးကွက်ကို အတိအလင်းကြေငြာခဲ့သည်။


ကယ်လ်ဗင်၏ အမျိုးသမီး အ၀တ်အထည်တွင်သာ အောင်မြင်သည် မဟုတ်။ ယောက်ျားအတွင်းခံ ဘောင်းဘီများမှာလည်း လွန်စွာနာမည်ကြီးလာပြီး အမြတ်အစွန်းများစွာရခဲ့သည်။ ၁၉၇၀နောက်ပိုင်း နှစ်များတွင် ဂျင်းန် (Jeans) ဘောင်းဘီများပါ ထုတ်လုပ်ပြီး စီးပွားရေးကို တိုးချဲ့ထိုးဖောက် အောင်မြင်ခဲ့သည်။


Brooke Shields နှင့် ကြော်ငြာသော ဂျင်းန်ဘောင်းဘီ ကြော်ငြာတို့တွင် Nothing Comes Between Me and My Calvins ဟု စာတန်းထိုးကြော်ငြာခဲ့သည်။

၁၉၉၇ တစ်နှစ်တည်းပင် Calvin Klein Jeans's ရောင်းရငွေသည် ဒေါ်လာ သန်း ၅၀၀ စံချိန်တင်ခဲ့သည်။

အစပိုင်း ကြော်ငြာတို့တွင် ချောမောလှပသော မော်ဒယ်လ်များဖြင့် သူ၏ ကုန်ပစ္စည်းများကို ကြော်ငြာခဲ့သော်လည်း ၁၉၉၀ လောက်မှစ၍ ကယ်လ်ဗင်က ပြောစရာဖြစ်သော ကြော်ငြာပုံစံတစ်မျိုးကို ပြောင်းလဲပြစ်ခဲ့သည်။ အငြင်းပွားစရာ ဒွိဟဖြစ် စရာ ဖြစ်အောင် ကြော်ငြာလောကကို လှုပ်ခတ်သွားစေသည်။ လူတို့၏ အပြစ်တင်ခြင်းကိုလည်း ခံရသည်။ ဂရုစိုက်မှု ကိုလည်း ရခဲ့သည်။

သာမန်အားဖြင့် အ၀တ်အစားကြော်ငြာတို့တွင် ချောမောလှပသော အမျိုးသမီး အမျိုးသားများတိုသာ ရွေးချယ်အသုံးပြု ခြင်းအား ရဲရင့်စွာဆန့်ကျင်၍ အရုပ်ဆိုးသော မော်ဒယ်လ်များကိုရွေးချယ်၍ ပိုစတာကြီးများထောင်ခဲ့သည်။ ထို့ထက်ဆိုး သည်က သန့်ရှင်းလှပရမည့် အ၀တ်အစားကြော်ငြာအစား ညစ်ပတ်ပေရေ၍ လမ်းပေါ် လမ်းဘေး ဖြစ်သလို နေသောပုံ များဖြင့် သူ၏အ၀တ်အထည်ကို လူတွေ စိတ်ဝင်စားစေရန် ကြော်ငြာသည်။


တောက်ပ သစ်လွင် အရောင်အသွေးစုံအလှအပ မျိုးစုံကြော်ငြာများကြားထဲ အဖြူအမည်းဓာတ်ပုံပေါ်တွင် အနီရောင် စုတ် ချက် မညီမညာများသာ ပါသော ဒီဇိုင်းကို အသုံးပြု၍ ကြော်ငြာတစ်ခေတ်ကို ကယ်လ်ဗင်က ဆန်းသစ်ပေးခဲ့သည်။


ကယ်လ်ဗင်ရဲ့ ကြော်ငြာမော်ဒယ်လ်များသည် ကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ သန်မာတဲ့ အရိုးတွေပေါ်နေရမည်။ သန်မာတဲ့ ပခုံး လက်မောင်းတွေရှိရမည်။ ချစ်ချစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ ချွေးတွေ သံတွေ တလုံးလုံးနဲ့ အမျိုးသမီး မော်ဒယ်လ်ကို အမျိုးသားမော်ဒယ်လ်များကနောက်ခံပြုပြီး သူ့ရဲ့ကုန်ပစ္စည်းကို ကြော်ငြာခဲ့သည်။


Calvin Klein ကြော်ငြာများကြောင့် ကြော်ငြာကုမ္ပဏီမှာလည်း ကြီးပွားချမ်းသာလာခဲ့သည်။ ၁၉၈၂ခုနှစ်တွင် Conical of Fashion မှပေးအပ်သော Designer of American Award ဆုကိုရရှိခဲ့သည်။ ကမ္ဘာတွင် ဂုဏ်သရေရှိသော ဆုတံဆိပ် တစ်ခုဖြစ်သည်။ Coty Award ကို ၁၉၇၃၊၁၉၇၄၊၁၉၇၅ သုံးနှစ်ဆက်တိုက် ရရှိခဲ့သည်။


အပ်နှင်းခံရသော ပုဂ္ဂိုလ်များထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်။ ထိုနှစ်များတွင် ကယ်လ်ဗင်၏ ကြိုးစားမှု၊ အားထုတ်မှု အတက်ကြွဆုံးနှစ်များဖြစ်ခဲ့သည်။


၁၉၉၃ တွင် Best Designer of 1993 ဆုတံဆိပ် အပ်နှင်းခြင်း ခံရသည်။ အသက်အရွယ်ရလာသောက်လည်း သူဖြတ် သန်းခဲ့သော နှစ်ကာလအရှည်ကြီးအထိ အောင်မြင်မှုသရဖူကို ထိန်းထားနိုင်ခဲ့သည်။


၁၉၆၄တွင် ကယ်လ်ဗင်သည် Jayne Centre နှင့်လက်ထပ်ခဲ့ပြီး ၁၉၇၄တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။ သူ၏ ဒီဇိုင်း လက် ထောက်များထဲမှ Kelly Rector နှင့် ၁၉၈၆တွင် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ကြသည်။


ကယ်လ်ဗင်က သူ၏ကြီးမားလှသော ကုမ္ပဏီကြီးကို သူ၏မိခင်နှင့် သမီးက ကူညီပေးခဲ့သောကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ် ကြောင်း ပြောဆိုခဲ့သည်။


သမီး မာစီ(Marci) က ခေတ်မီတိုးတက်တဲ့ ဖက်ရှင်ဒီဇိုင်းများဖြစ်အောင် ကြီုးစားထုတ်လုပ်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ ကယ်လ်ဗင်ကတော့ သူ၏ ဒဿနနှင့် ဆက်လက် ရှင်သန်နေခဲ့သည်။ သူ့ရဲ့ အ၀တ်အထည် ဒီဇိုင်းတွေ အကြာကြီး ပေါ်ပြူလာဖြစ်နေတာကို မလိုလားဘူး မုန်းတယ်ဟု ဆိုခဲ့ဖူးသည်။ ခေတ်ဖက်ရှင်ဆိုတာ လျှောက်လမ်းပေါ်က လူတွေ လမ်းလျှောက်လာတာကို ထိုင်ကြည့်သလိုပဲ။ တစ်ယောက်ထွက်လာတယ်၊ ဖြတ်ကျော်လာပြီး ဝေးသွားတယ်၊ ပြောင်းလဲခြင်း နိယာမ၊ မတည်မြဲခြင်း နိယာမဟာ ဖက်ရှင် ဒဿန ကယ်လ်ဗင်ရဲ့ ဒဿနပါပဲ။


၂၀၀၂ ခုနှစ်တွင် ကယ်လ်ဗင်သည် ဖက်ရှင်မာရသွန်ပြေးလမ်းပေါ်မှ ပွဲကြည့် ပရိတ်သတ်ဘ၀ကို ခံယူခဲ့သည်။ သူ၏ Calvin Klein ကုမ္ပကြီးကို ဒေါ်လာသန်းပေါင်း ၇၃၀ဖြင့် Philip Van Heusen ကိုရောင်းချခဲ့သည်။ သူပြောခဲ့သလို တီရှပ်ကလေး ၀တ်၍ လမ်းပေါ်မှာ စိတ်ကူးဖက်ရှင် ဒီဇိုင်းတွေ ဆွဲနေသည်။ လမ်းဘေး အအေးဆိုင်ကလေးထဲမှ လမ်းမပေါ်ကို ထိုင်၍ ငေးကြည့်နေသည်။ သူ ၀ါသနာပါသော အားကစားပွဲများကြည့်သည်။

ဟေတီနိုင်ငံအတွက် အလှူပွဲများတွင် တွေ့ရသည်။

Credit: Tharapu Magazine Jan 2011

http://www.calvinklein.com

စာကြွင်း ။ ။ CK ရေမွှေးများကို ကျွန်တော် အကြိုက်နှစ်သက်ဆုံးဖြစ်ပါတယ်။ ကျွန်တော့်အကြိုက်က Calvin Klein ရဲ့ CK Free For men ဖြစ်ပါတယ်။ ဒါပေမဲ့လောလောဆယ် သူငယ်ချင်းတစ်ယောက်ဆွတ်သော ပုလင်းအမဲရောင်လေးနှင့် CK be perfume ကိုသဘောကျ နေပါပြီ။

No comments: