Tuesday, January 11, 2011

မျက်စိထဲ တစ်စုံတစ်ခု ၀င်တဲ့အခါ

လူတစ်ယောက်ရဲ့ စက္ခုအာရုံကို ခံစားသိရှိနိုင်အောင် ပြုလုပ်ပေးသော
မျက်စိအတွင်းသို့ ပြင်ပမှ ပစ္စည်းများ (Foreign bodies) ၀င်ရောက်ခြင်း
ခံရခဲ့ရင် အချို့အခြေအနေတွေမှာ ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ
ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကုသပေးနိုင်ပါတယ်။

ဖုန်၊ သဲအမှုန် အစရှိတဲ့ အမှိုက်များ မျက်လုံးအတွင်းသို့ ၀င်သွားခဲ့လျှင်
သဘာဝအရ ခန္ဓာကိုယ်က မျက်ရည်ထွက်စေခြင်း ဖြင့် တုံ့ပြန်ပေးပါလိမ့်မယ်။

မျက်လုံးထဲ တစ်စုံတစ်ခုဝင်တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ဝေဒနာများကို ဖော်ပြရလျှင် -
(၁) မျက်ရည်ထွက်ခြင်း
(၂) မျက်လုံးမဖွင့်ချင်ဘဲ ဖြစ်နေခြင်း
(၃) မျက်လုံးအတွင်းမှ နာဖြင်း သို့မဟုတ် ယားယံခြင်း သို့မဟုတ်
ခိုးလုခိုးလုဖြစ်နေခြင်း
(၄) မျက်လုံးထဲတွင် တစ်စုံတစ်ခုဝင်နေသည်ကို မြင်တွေ့နိုင်ခြင်း တို့ဖြစ်နိုင်ပါတယ်။

တကယ်လို့များ မျက်စိထဲဝင်နေတဲ့ တစ်စုံတစ်ခု သို့မဟုတ် အမှိုက်တစ်ခုဟာ
မျက်လုံးရဲ့ အဖြူသားပေါ်မှာလည်းဖြစ်မယ်၊
ရွေ့လျားလှုပ်ရှားမှုလည်းရှိနေမယ်ဆိုရင် အဲဒီပစ္စည်းကို အလွယ်တကူ
ဖယ်ရှားပစ်နိုင်ပါတယ်။

သို့သော် အဲဒီအမှိုက် သို့မဟုတ် ပစ္စည်းဟာ မျက်စိ (Eye ball) အတွင်း
နစ်မြုပ်နေမယ် Iris သို့မဟုတ် လို့ခေါ်တဲ့ မျက်လုံးရဲ့ အရောင်ရှိ
သောအပိုင်း မျက်ဝန်းထဲမှာရောက်နေတယ်ဆိုရင်တော့ လုံးဝမတို့ထိလိုက်ပါနှင့်။

ပုံမှန်အားဖြင့် ဖုန်၊အမှုန်၊သဲ၊ကျောက်မှုန့်စတဲ့ အမှိုက်ငယ်လေးတွေဟာ
ခန္ဓာကိုယ်ကသဘာဝအလျောက် တုံ့ပြန်ပေးပြီး ထွက်လာခြင်းဖြစ်သော
မျက်ရည်များနှင့်အတူ ပါသွားနိုင်ပါတယ်။ ဒါပေမယ့် မျက်သားကို
ပွန်းရှသွားမယ်၊ မျက်လုံးနံရံ ထဲကို ဖောက်ဝင်သွားမယ်၊ မျက်ခွံနှင့်
မျက်စိကို ပြတ်ရှဒဏ်ရာများဖြစ်စေမယ်ဆိုရင်တော့ ဒါဟာ အရေးပေါ် မျက်စိဒဏ်ရာ
ဖြစ်တဲ့အတွက် အရေးပေါ်မျက်စိကုသပြုစုခံရမယ့် အခြေအနေဖြစ်ပါတယ်။ သက်ဆိုင်ရာ
မျက်စိ အထူးကုဆရာဝန်နှင့် ချက်ခြင်းပြသရမှာဖြစ်ပါတယ်။

စောစောပိုင်းက ပြောခဲ့သလို မျက်စိရဲ့အဖြူသားပေါ်မှာရှိနေသော
ရွေ့လျားနိုင်တဲ့ ပြင်ပပစ္စည်း သို့မဟုတ် အမှိုက်ဆိုရင် တော့ မျက်စိကို
ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီး မျက်တောင်ခတ်ပေးလိုက်ပါ။
မျက်ရည်များလည်းထွက်လာပြီး မျက်စိထဲဝင်နေ တဲ့ ပြင်ပပစ္စည်း
ထွက်သွားနိုင်ပါတယ်။

တကယ်လို့ မျက်စိထဲဝင်သွားတဲ့ ပြင်ပပစ္စည်းဟာ မျက်စိအသားထဲမှာ
နစ်မြုပ်နေမယ်ဆိုရင် ရှေးဦးပြုစုမှုတွေလုပ်ဖို့ မကြိုးစားပါနှင့်။
အဲဒီမျက်လုံးမှိတ်ထားပြီး Eye Padသို့မဟုတ် သန့်ရှင်းသော
လက်ကိုင်ပ၀ါဖြင့်အုပ်ထားပါ။ အနီးဆုံးရှိ ဆေးရုံ၊ ဆေးခန်းသို့
ချက်ချင်းသွားရမှာ ဖြစ်ပါတယ်။

မျက်စိထဲကို ပြင်ပပစ္စည်းဝင်ရောက်ပါက အောက်ပါနည်းလမ်းများကို ပြုလုပ်ကြည့်ပါ -

(၁) လူနာအား အပေါ်သို့မော့ကြည့်စေပြီး မျက်ခွံကို လှန်၍ကြည့်ရှုစစ်ဆေးပါ။
ထို့နောက် သန့်ရှင်းသော လက်ကိုင်ပ၀ါ ထောင့်စွန်း သို့မဟုတ်
ဂွမ်းစတပ်ထားတဲ့အတံဖြင့်တို့၍ မျက်စိထဲဝင်နေသည့် အမှိုက် သို့မဟုတ်
ပစ္စည်းအား ဖယ်ရှားပါ။

(၂) ဂွမ်းစတပ်ထားတဲ့ အတံလေးဖြင့် အပေါ်မျက်ခွံကို မတင်ထားပါ။ ထို့နောက်
အဆင့်(၁)တွင် ဖော်ပြထားသည့်အတိုင်း အမှိုက်ကို ဖယ်ရှားပါ။

(၃) အကယ်၍ လူနာသည် ကလေးဖြစ်နေလျှင် ဦးခေါင်းကို ငြိမ်ငြိမ်ထားနိုင်ရန်
ဘေးမှလူများကို အကူအညီတောင်းပါ။

(၄) အထက်ပါနည်းများဖြင့် မရပါက မျက်လုံးအတွင်းသို့ သန့်စင်သော
ရေကိုဖန်ခွက်ဖြင့် လောင်းချပေးခြင်းအားဖြင့် ကြိုးစားကြည့်နိုင်ပါတယ်။

(၅) အထက်ပါနည်းများနှင့်မှ မရဘူးဆိုရင်တော့ မျက်စိအထူးကုဆရာဝန်ထံသို့
အမြန်ဆုံးသွားရောက် ပြသရမှာဖြစ်ပါတယ်။

(၆) အိမ်မှာတင် မိမိဘာသာ ဖယ်ရှားပေးပြီးနောက် ၂နာရီလောက်ကြာသည်အထိ
မျက်စိအတွင်းမှ အောင့်နေ၊ နာနေသေး တယ်ဆိုပါက မျက်စိအထူးကုဆရာဝန်နှင့်
ပြသရန် လိုနေသေးတဲ့ အခြေအနေဖြစ်ပါတယ်။

(၇) မျက်စိအထူးကုဆရာဝန်က မျက်စိအသားထဲ နစ်မြုပ်နေသော ပစ္စည်းကို
ဖယ်ရှားရန် ထုံဆေးပါသော မျက်စဉ်းခတ်ပြီး ဖယ်ရှားပေးနိုင်ပါတယ်။

(၈) တကယ်လို့ မျက်စိအတွင်းသားကို ထိခိုက်တဲ့ ဒဏ်ရာရှိပါက ပဋိဇီဝဆေးပါသော
မျက်စဉ်းများကိုခတ်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

မောင် (ဆေးတက္ကသိုလ်)
Resource: Health Digest Journal Vol. (8), No.12, 12-1-2011

No comments: