Saturday, January 15, 2011

ကမ္ဘာ့နာမည်အကြီးဆုံး ဖက်ရှင်တံဆိပ်များ

(1)              GUCCI

နာမည်အပြည့်အစုံက The House Gucci ပါ။ ဂူချီလို့ အလွယ်ခေါ်နေတဲ့ ကုမ္ပဏီရဲ့ တရားဝင်အင်္ဂလိပ်အက္ခရာ ဂျီ G နှစ်လုံးကို ဟိုဘက်လှည့် ဒီဘက်လှည့် 'အဟ' ချင်းချိတ်ထားတဲ့ လိုဂိုတံဆိပ်ရှင် ဂူဂျီဘရင်းဟာ အီတလီဖက်ရှင်နဲ့ သားရေ ထည်ပစ္စည်း (ပိုက်ဆံအိတ်၊ လက်ဆွဲအိတ်၊ ဖိနပ် စတာတွေ) တွေရဲ့ ထင်ရှားတဲ့ တံဆိပ်အမှတ်အသားတစ်ခုဖြစ်ပါ တယ်။ 'ဂူချီ အုပ်စု' (Gucci Groups) ကိုပြင်သစ်ကုမ္ပဏီ Pinault-Printemps-Redonte ကပိုင်ပါတယ်။ ၁၉၂၁ ခုနှစ်က 'အူချီယိုဂူချီ' က ဂူချီကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ ဂူချီရဲ့ သမိုင်းကြောင်းကို ပြောရရင် ရှည်လျားလွန်းလှပါ တယ်။ အခက်အခဲအများကြီးကို ဖြတ်ကျော်အတားအဆီးတွေ ကျော်လွှား၊ စိန်ခေါ်မှုတွေကို ဖြတ်သန်းလာခဲ့တဲ့ 'ဂူချီ'ဟာ အခုတော့ ခိုင်မာတဲ့ ၀င်ငွေ ပေါင် သန်း ၂၂၀၀ ရရှိနေတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခု ဖြစ်နေပါပြီ။ ဂူချီကထုတ်တဲ့ ပစ္စည်းတွေကတော့ အ၀တ်အစားတွေ၊ နာရီတွေ၊ ကျောက်မျက်ရတနာထည်တွေ၊ ရှူးဖိနပ်တွေနဲ့ သားရေထည်ပစ္စည်း တွေပဲဖြစ်ပါတယ်။ ဘာပဲပြောပြော ကမ္ဘာပေါ်မှာ အကြီးဆုံးဖက်ရှင် ပစ္စည်းများကုန်အမှတ်တံဆိပ် (brand) တွေထဲမှာတော့ ဂူချီဟာ ထိပ်ဆုံးက ပါပဲ။ သူ့ရဲ့ brand value က ဒေါ်လာ ၉၃၄ ဘီလျံရှိပါတယ်။

www.gucci.com

(2)  LOUIS VUITTON

ကမ္ဘာမှာ တန်ဖိုးအထိုက်ဆုံး Brand တွေထဲမှာပါဝင်ပြီး အတိုကောက်သင်္ကေတအနေနဲ့ အင်္ဂလိပ်စာလုံး L နဲ့ V ကို နှစ်ခု ထပ်ပြီးပြထားတဲ့ ကုန်အမှတ်တံဆိပ်နဲ့ ကုမ္ပဏီဟာ ပြင်သစ်ဖက်ရှင်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၁၈၅၄ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီကုမ္ပဏီကလည်း သားရေထည်ပစ္စည်းတွေနဲ့ ရှူးဖိနပ်တွေ၊ နာရီတွေ၊ နေကာမျက်မှန်တွေ၊ ကျောက်မျက်ရတနာထည်တွေ၊ စာအုပ်တွေ ထုတ်လုပ်ဖြန့်ချိရောင်းချနေတဲ့ ကမ္ထာ့ရှေ့ဆောင် ဖက်ရှင်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေ ရောင်းချနေတာကြောင့် ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ သန်း ၂၇၀၀ရှိပါတယ်။ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၉.၇၈၁ ဘီလျံရှိတယ်ဆိုပါတယ်။ www.louisvuitton.com

(3)              BURBERRY

ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အ၀တ်အစားများ၊ အမွှေးအကြိုင်ပစ္စည်းများထုတ်လုပ်တဲ့ ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။ ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေက ဒေါ်လာသန်းတစ်ထောင်ဖြစ်ပါတယ်။

သောမတ်စ်ဘားဘယ်ရီ အသက် ၂၁နှစ်အရွယ် ၁၈၅၆ကတည်းက ထူထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ခုလောလောဆယ် ကမ္ဘာတစ်ဝန်းမှာ ဆိုင်ပေါင်း ၇၀ ရှိနေပါတယ်။ www.burberry.com

(4)              Christian Dior

Christian Dior ဟာ အကြီးအကျယ် သြဇာညောင်းတဲ့ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး Christian Dior ကုမ္ပဏီ ကို စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၄၆ခုနှစ်ကစပြီး တာထွက်ခဲ့တဲ့ ကုမ္ပဏီဟာ သားရေထည်ပစ္စည်း များနဲ့ အ၀တ် အစားလှလှလေးတွေကို ယနေ့ထက်တိုင် ထုတ်လုပ်နေဆဲပါ။ ကမ္ဘာတစ်ဝန်းလုံးမှာ လက်လီစတိုးဆိုင်ကြီး ပေါင်း ၁၆၀ရှိပါ တယ်။ ဒါကြောင့် ဖက်ရှင်တိုက်ကြီးအနေနဲ့ နှစ်စဉ်ဒေါ်လာ သန်း ၁၈၀၀၀လောက်ခိုင်မာတဲ့ ၀င်ငွေရရှိနေ တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

တည်ထောင်ခဲ့သူ Christian Dior က ၁၉၅၇ခုနှစ်အောက်တိုဘာ ၂၃ရက်နေ့က နှလုံးရောဂါနဲ့ဆိုလား ဆုံးသွားရှာပါပြီ။ ဒါပေမဲ့ နှောင်းလူတွေက ကုမ္ပကြီးကို ဟန်ချက်မပျက်အောင် ဆက်လက် ထိန်းသိမ်းလည်ပတ်ခဲ့တာ ယနေ့ထိပါပဲ။ www.dior.com/

(5)              CHANEL

www.chanel.com/

Parisian ဖက်ရှင်နှင့် Chanel ရေမွေးကုမ္ပဏီကို ကွယ်လွန်သူ ဖက်ရှင်ဒီဇိုင်းပညာရှင် ဂါဘရီယယ် ကိုကို ( Gabrielle ' Co Co') က ၁၉၀၉ - ၁၀မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ရုံးချုပ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိပါတယ်။

ကမ္ဘာမှာရှိတဲ့ ဖက်ရှင်ဒီဇိုင်းအမှတ်တံဆိပ်တွေအနက် အသိအမှတ်ပြုခံရဆုံးတံဆိပ်ဟာ Chanel ဖြစ်တယ်ဆိုတာ ပုံကြီးချဲ့ ကားတာ မဟုတ်ပါဘူး။

Chanel ဟာ ရေမွှေးနဲ့ လူသိများပေမယ့် အသင့်ဝတ် အ၀တ်အစားများ၊ လက်ကိုင်အိတ်များ၊ မျက်နှာအလှပြင်ပစ္စည်းများ၊ မိန်းကလေးသုံးအလှပြင်ပစ္စည်းများကိုလည်း ထုတ်လုပ်ပါတယ်။

Chanel ဟာ နာမည်ကြီး မော်ဒယ်လ်တွေကို အစဉ်တစိုက် သုံးစွဲလာခဲ့ပါတယ်။ Vanessa Paradis ကို CoCo ရေမွှေး ကြော်ငြာမှာ သုံးပါတယ်။ လက်ရှိ Chanel 5 ကို Audrey Tanton နဲ့ ကြော်ငြာနေပြီး Keira Knightley ကို Coco Mademoiselle မှာ ကြော်ငြာထားပါတယ်။ တစ်ခေတ်တစ်ခါက ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးလည်း Chanel 5 ရဲ့ မော်ဒယ်လ်ဖြစ်ခဲ့ဖူးပါတယ်။

(6)              Christian Louboutin

ဟော်လိဝုဒ်ရုပ်ရှင်မင်းသမီး ဂျင်နီဖာလိုပက်စ်က Louboutinsဆိုတဲ့ နာမည်နဲ့ ဖိနပ်တွေအကြောင်း သီချင်းတစ်ပုဒ်ဆိုဖူး ပါတယ်။ သူမရဲ့ Love ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် တေးသီချင်းစီးရီးခွေထဲမှာပါ။ ကမ္ဘာကျော် ဗျူးဆရာမကြီး အော်ပရာဝင်းဖရေးကလည်း Louboutin က ထုတ်တဲ့ သူရဲ့ဖိနပ်တွေကို စုဆောင်းပြီး ပြပွဲလေးတစ်ခု လုပ်ဖူးပါသတဲ့။ နာမည်ကျော်ပါရှန်ရက်ပ်တေးဂီတအဖွဲ့ ZedBazi ကလည်း သူတို့ရဲ့ နောက်ဆုံးထုတ်သီချင်း Messe Man ထဲမှာ Christian Louboutin အကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါရိုက်တာ 'ဒေးဗစ်လင့်ခ်ျ' (David Lynch) ကလည်း Louboutinရဲ့ရှားပါးတဲ့ဖိနပ်တွေကို Fetish ဆိုတဲ့ ပြပွဲတစ်ခုမှာ ပြသ ခဲ့ပါတယ်။ ဒီလောက်ဆို ခေတ်ကာလလူတွေ Louboutin အပေါ်ဘယ်လောက် ခရေစီဖြစ်သလဲဆိုတာ သိသာပါပြီ။ ၁၉၉၁ ခုနှစ်က ပြင်သစ်မှာစခဲ့တဲ့ Louboutin ဟာ အချိန်တိုအတွင်းမှာ အောင်မြင်ခဲ့တာ ကမ္ဘာတစ်လွှားပါပဲ။ www.christianlouboutin.com

(7)              HERMES

၁၈၃၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။ 'သီအီရီဟာမေး' Thierry Herme'sက တည်ထောင်ခဲ့ တာဖြစ်ပြီး၊ ပြင်သစ်နိုင်ငံပါရီမြို့မှာ အခြေစိုက်ပါတယ်။ သားရေထည်ပစ္စည်းတွေဖြစ်တဲ့ သားရေအိတ်တို့ ခါးပတ်တို့ ထုတ်လုပ်ပါတယ်။

ဟာမေးဆိုတဲ့ နာမည်ဟာ တကယ်တော့ ဂရိဒဏ္ဍာရီပုံပြင်တွေထဲမှာ အိုလံပီယာနတ်မင်းတစ်ပါးရဲ့ နာမည်ပါပဲ။

ဟာမေးကုမ္ပဏီက ဖက်ရှင်ပစ္စည်းတွေရောင်းရငွေဟာ တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ရှိပါတယ်။ www.hermes.com

(8)              FENDI

ဘာဂက် (baguette) လို့ခေါ်တဲ့ ပြင်သစ် ပေါင်မုန့်အရှည်တစ်မျိုးနဲ့တူတဲ့ မိန်းမကိုင်ပိုက်ဆံအိတ်တွေကိုလည်း ထုတ် လုပ်ပါတယ်။ ၁၉၉၇ခုနှစ်က ဖင်ဒီဖက်ရှင်ပြပွဲတစ်ခုမှာ ဗြိတိသျှမော်ဒယ်လ်ဂဲလ် နာအိုးမီကမ်ဘဲလ်က တိရစ္ဆာန်သားမွှေး ထည်ဝတ်လာမိလို့ ဖင်ဒီရဲ့ ကုန်ပစ္စည်းမော်ဒယ်အဖြစ်ကနေ ထုတ်ပစ်ခဲ့ဖူးပါတယ်။

Fendi ကုမ္ပဏီဟာ ၁၉၈၅ ခုနှစ်မှာ Fendi for Women ဆိုပြီး အမျိုးသမီးများအတွက် ရေမွှေးတစ်မျိုးကို စတင်ထုတ်လုပ် ခဲ့ပါတယ်။ အဲဒီကနေ ယောက်ျားသုံးရေမွှေးလည်းထုတ်ပါတယ်။ ၂၀၁၀ပြည့်နှစ် သြဂုတ်လမှာ Fan di Fendi ဆိုတဲ့ နောက်ဆုံးထုတ်ရေမွှေးတစ်မျိုး ထုတ်လုပ်နေပြီး ဈေးကွက်ထဲပို့နေပါပြီ။ Fendi ဟာ နှစ်စဉ်ဒေါ်လာ ၃၃၈ သန်းခွဲဖိုး ရောင်းချနေရပါတယ်။ www.fendi.com/

(9)              PRADA

www.prada.com

အီတလီဖက်ရှင်ပစ္စည်းတံဆိပ်တစ်ခုဖြစ်ပြီး ကျား-မ မရွေးဝတ်နိုင်တဲ့ အသင့်ချုပ်ပြီး အ၀တ်အစားများ သားရေထည် ပစ္စည်းများ၊ ရှူးဖိနပ်များ၊ သားရေသေတ္တာများ၊ သားရေဦးထုပ်တွေကို တွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ချိရောင်းချနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တယ်။ တစ်နှစ်ကို ဒေါ်လာသန်း၁၇၀၀ ဖိုးရောင်းချနေရတာကိုကြည့်ရင် ပရာဒါရဲ့ ရောင်းအားကို ခန့်မှန်းနိုင်ပါတယ်။

ပရာဒါကုမ္ပဏီကို ၁၉၁၃ ခုနှစ်ကတည်းက မာရီယိုပရာဒါနဲ့ သူ့အစ်ကို မာတီနိုပရာဒါတို့က တည်ထောင်ခဲ့ကြတာပါ။ အီတလီနိုင်ငံ မီလန်မြို့မှာ အခြေစိုက်ထားတဲ့ ဒီကုမ္ပဏီဟာ အခုလက်ရှိ ဖက်ရှင်ကုမ္ပဏီတွေထဲမှာ နာမည်အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

(10)          VERSAGE

Versace ကုမ္ပဏီကို ၁၉၇၈ခုနှစ်က အီတလီနိုင်ငံ မီလန်မြို့မှာ စတင်တည်ထောင်ခဲ့ပြီး၊ ပထမဆုံး ဈေးရောင်းပွဲတော်ကို အဲဒီနှစ်မှာပဲ Spiga ဆိုတဲ့ မီလန်နားက နေရာတစ်ခုမှာ လုပ်ခဲ့ကာ အချိန်တိုအတွင်း အောင်မြင်မှုရခဲ့ပါတယ်။ သူ့ကုမ္ပဏီ က အိမ်ထောင်ပရိဘောဂတွေနဲ့ မိတ်ကပ်တွေပါ ထုတ်လုပ်တယ်။ ရေမွှေး၊ အ၀တ်အစားနဲ့ accessories လည်းထုတ် လုပ်တယ်။ ကမ္ဘာ့အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး brand လည်းတစ်ခုအပါအ၀င် ဖြစ်နေပါတယ်။ မက်ဒေါနားရဲ့ ဗာဆေး သားရေဂျာကင် နဲ့ပုံဟာ ကမ္ဘာမှာအတော်ကျော်ကြားထင်ရှား ခဲ့ပါတယ်။ www.versace.com

ရဲဇေယျ

Resource: The Chic Magazine – January 2011

No comments: