Tuesday, May 22, 2012

HIV ဘာလို့ အဖြစ်များလဲ (၂)


အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ မည်သူမဆို ထိုရောဂါကို အလွယ်တကူ ကူးစက် နိုင်သည့်အတွက် အထူးသတိထား ရှောင်ရှားသင့်သည့် အချက်မှာ မည်သူကိုမှ အယုံမလွယ်ရန်နှင့် အိမ်ထောင်ဖက်ကို သစ္စာရှိကြစေချင်ပါသည်။ အထူးသဖြင့် မိမိတို့၏ ဇနီးမယားနှင့် တင်းတိမ်ကျေနပ်ခြင်း မရှိသည့် အခါ၌ ဖြစ်စေ၊ အိမ်ထောင်ဘက် နှင့် ခွဲခွါနေရသည့် အခါများ၌ အပျော်ရှာလေ့ ရှိကြသည့် အမျိုးသားများ အထူး မှာကြား လိုသည်မှာ အကယ်၍များ မလုံခြုံသော ဆက်ဆံမှု လုပ်မိပြီ ဆိုလျှင် ပြန်လည်၍ သွေးစစ်သင့်ပါသည်။ ထိုသို့ စစ်ဆေးရာ၌လည်း ပထမ အကြိမ် စစ်ဆေးပြီးသည် နောက် ( ၆ ) လွန်မြောက်လျှင် ထပ်မံ စစ်ဆေးသင့်ပါသည်။ သင့်၌ အကယ်၍ ရောဂါ စွဲကပ်နေသည် ဆိုပါက မိမိတို့၏ အပြစ်မဲ့သော အိမ်ထောင်ဘက်နှင့် မိမိတို့၏ မျိုးဆက်ရင်သွေးငယ်ကို ထိုရောဂါပိုးများ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးသည့် လုပ်ရပ် များကို အထူး ရှောင်ရှားနိုင်ရန် ပွင့်လင်းစွာ ဖွင့်ပြော၍ ကျန်ရှိသေးသည့်ဘ၀ ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းသင့်ပါသည်။

အချို့သော မိန်းကလေးများသည် သူတို့၏ ဘ၀ကို ယောက်ျား၏ အချစ်ကို ယုံစား၍ ရောဂါပိုးရှိသူကို ပုံအပ်ထားရာက စလို့ ရောဂါပိုးကူးစက် ခံရသည်ကို သိသည့်အခါ ထိုယောက်ျား အပေါ် နားကြည်းချက်ကို သိမ်းပိုက်လျှက် အခြားသော လူများကို ဂလဲ့စားချေရန် လုပ်ဆောင်လေ့ရှိသည်ကို အမျိုးသားများ အနေဖြင့် အထူးသတိထားသင့်ပါသည်။ သူတို့၏ အယူမှားသော လုပ်ရပ်များကြောင့် ရမ္မဇော ထန်နေသည့် အမျိုးသားများလည်း ထိုရောဂါကို ပိုင်ဆိုင်သွားကြရလေသည်။ ထိုသို့သော ညွှတ်ကွင်းမျိုးကို သက်ဆင်းမိသူ အများစုမှာ ရေသာခို အချောင်လိုက်လိုသော စိတ်ဓါတ် ကို ပိုင်ဆိုင်ထားသည့် ယောက်ျားနှင့် မကြုံဖူးသော အတွေ့အကြုံကို စမ်းသပ်ချင် ကြသည့် အရွယ်ရောက်ခါစ ငယ်ရွယ်သည့် လူငယ်များပင်ဖြစ်လေသည်။ 

ပညာရေး စနစ်ညံ့ဖျင်းမှုကြောင့် အသိဥာဏ်ဖွံ့ဖြိုးမှု နည်းသည့်အခါ စာရိတ္တမဏ္ဍိုင် ယိုင်းယိုင်နေရရှာသည့် လူငယ်များသည် အမှန်အမှားကို ကောင်းစွာ မခွဲခြားနိုင်ကြဘဲ ဆန္ဒအလိုကို ချုပ်တီးနိုင်ရန် လွန်စွာခက်ခဲ သည်ကို ကျနော် နားလည်ပါတယ်။ နည်းပညာကို အလွဲသုံးစားလုပ်ကာ အယူမှားတွေ ဖြန့်ဝေနေသည့် လုပ်ရပ်များက လူငယ်များကို ထိုကိစ္စများတွင် ပိုမိုထက်သန်အောင် နိုးဆွပေးနေသည့် အချိန်အခါတွင် အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် အထူးစိုးရိမ်စရာ အနေအထားတစ်ခုကို ရောက်ရှိနေပါပြီ။

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် နိုင်ငံရေးစကားကို ပြောကြားနေသူများအား လေသံကြားရရုံမျှဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးနေမည့် အစား အဖော်အချွတ်များဖြင့် လူငယ်များ၏ စာရိတ္တကို ပီပီပြင်ပြင် ဖျက်စီးနေသူများကို အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို နှောယှက် ဖျက်စီးနေသည့် လူများအဖြစ် ထိရောက်သော အပြစ်ဒဏ်များပေးနိုင်လျှင် တိုင်းပြည် အတွက် ပိုမို အကျိုးရှိမည်ဟု ယုံကြည်မိပါသည်။ ထိုသူများသည် လူငယ်များ၏ အနာဂတ်ကို ပျက်စီးသထက် ပျက်စီးအောင် ဖျက်စီးနေသည့် လူများ ဖြစ်သည် ဆိုတာကို အသိဥာဏ် ရှိသည့် လူသားတိုင်း လက်ခံထားကြပါသည် ။ ထိုသို့ မဟုတ်ဘဲ နိုင်ငံရေးသမား များကို တဖတ်သတ် စွဲချက်များဖြင့် ဥပဒေ အမျိုးမျိုးထုတ်ကာ ဖမ်းဆီး အပြစ်ပေး အရေးယူကြပြီး လူငယ်များ၏ စာရိတ္တ မဏ္ဍိုင်ကို ယိုင်နဲ့အောင် ထင်ရှားစွာ လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို မသိသလို နေလိုက်ကြလျှင် HIV ရောဂါ ကူးဆက်ပြန့်ပွားနှုန်းကား ပိုမို များပြားနေအုံးမည် ဖြစ်ပါသည်။

ဤပြဿနာကို အနှစ်ချုပ်ပြန် စဉ်းစားကြည့်လျှင် ယခင် အစိုးရ၏ ပြည်သူလူထု အပေါ်ကို တာဝန်ကျေပြွန်စွာ မထမ်းဆောင်လိုခြင်း၊ ကိုယ်ချင်းစားစိတ် နည်းပါးခြင်းတို့ကြောင့် ပြည်ပ အကူအညီကို တောင်းခံနေရ သည့် မြန်မာနိုင်ငံသားတို့ ဘ၀ကား ဒုက္ခ အမျိုးမျိုး ခံစားလျှက် ရှိပေသည် ။ ကိုယ်တိုင်ကလည်း မလုပ်ဆောင်ချင် သူတပါး တို့ ကိုယ်တိုင် လာရောက် ကူညီလုပ်ဆောင် ပေးလေ့ရှိသည်ကိုလည်း မနှစ်ခြိုက်သည့် အစိုးရနှင့် ဆက်ဆံရသည်ကို မနှစ်ခြိုက်သော NGO များသည် ပြည်တွင်းမှ လူများကို အစားထိုးကာ တာဝန်လွှဲပြောင်း ပေးခဲ့ကြလေသည်။ ထိုအခါ တိုင်းပြည်ကို လှူဒါန်းသည့် ငွေများကို ကိုယ်ကျိုးစီးပွားကို အသုံးချလေ့ ရှိကြသည့် ထိုအဖွဲ့အစည်း အချို့မှ လူများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်နိုင်ကြတော့ဘဲ အယောင်ပြ လုပ်ရပ်များကို တွင်တွင်သုံးကာ ရန်ပုံငွေ ပိုမိုရရှိရေး အတွက်သာ လုပ်ဆောင်ကြ၍ HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိစေရန် လုပ်ဆောင်ချက်များ ဆောင်ရွက်ရာ၌ ပိုမိုအားနည်း လာလေသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ကို အခြား ဆေးဝါးကုသ၍ ရနိုင်သော ရောဂါများ အတွက်ပင် လွန်စွာအသုံးဝင်သည် ဆိုပါလျှင် ကုရာနတ္တိ ဆေးမရှိသည့် HIV ရောဂါသည်များ ထပ်မံတိုးပွား လာခြင်း မရှိအောင် ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံး နည်းလမ်းများ ဖြစ်လေသည်ဟု နိုင်ငံတကာမှ ပညာရှင်များက ယုံကြည်ထားကြလေသည် ။ ထို့သို့ကာကွယ်ရာ၌ အထိရောက်ဆုံးသော ကာကွယ်ရေး ပစ္စည်းက လုံခြုံမှု မပေးနိုင်သည့်အခါ ရောဂါသည်များ တိုးပွားသထက် တိုးပွားလာအုံးမည် ဖြစ်ပါသည် ။ ထို့အပြင် အသိဥာဏ် နည်းပါးကာ မိုက်ရူးရဲ ဆန်သော အကျင့်ဆိုးများကို လက်ခံထားသည့် လူများ၏ ရန်မှ မည်သို့ရှောင်ရှားသင့်သည်ကို ဆွေးနွေးကာ အဖြေရှာသင့်သင့်ဟု ယူဆမိပါသည် ။

ကျနော် ရေးသားသော စာပါအချက်အလက် များသည် NGO အဖွဲ့အစည်းမှ သိရှိခဲ့ပြီး ဖြစ်ချင်လည်း ဖြစ်မည် ၊ မသိသေးတာလည်း ဖြစ်ချင်ဖြစ်မည်။ NGO အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် များကို ပြစ်တင်ပြောဆိုလို၍ မဟုတ်ပါ။ တတ်နိုင်သမျှ ထိုရောဂါ ကာကွယ်ရေး ကိစ္စများကို ယခုထက် ပိုမို၍ ဆောင်ရွက်လိုသောကြောင့် ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်ကို ပထမဦးစွာ ၀န်ခံလိုပါသည်။ လူအများစုက ထိုရောဂါ နှင့် မိမိတို့မသက်ဆိုင်ဟု ထင်နေကြသော်လည်း အမျိုးသားလုံး လူ့အညွန့်တုံးစေမည့် ကိစ္စများတွင် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆ၍ တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်ပါသည်။ တိုင်းပြည်တပြည်၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု စဉ်စားထားကြလျှင် လက်တွေ့ ပြည်သူလူထု ခံစားနေရသော ဒုက္ခဆိုးများကို အရင်ဆုံး လက်တွေ့ကျကျ ဖြေရှင်းပေးလိုပါသည်။ ပြည်သူလူထု အနေဖြင့်လည်း မရှက်သင့်သော အလုပ်များတွင် မရှက်ဘဲ လူတိုင်းသိထားသင့်သည့် ကျန်းမာရေး ဟောပြောပွဲများတွင် တက်ရောက်စေလိုပါသည်။ ကိလေသာနှင့် မကင်းသည့် လူသားမှန်သမျှ အိမ်ယာထူထောင် ကြမည်ဟု စိတ်ကူးထားသည်မှ လူ့သဘာဝ ပင်ဖြစ်လေသည်။ အထူးသတိပေးလိုသည်မှာ တဒင်္ဂသာယာမှုအတွက် တဘ၀စာ ပျော်ရွှင်မှုများနှင့် လဲလှယ်သလို မဖြစ်ကြရလေအောင် ဆန္ဒကို အသိဥာဏ်ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်အောင် အစွမ်းကုန် ကြိုးစားစေချင်ပါသည်။ သာယာလှပသော အိမ်ထောင်မှု ဘ၀ကို လိုချင်လျှင် ကိုယ်ချင်းစာတရားနှင့် မိမိတို့၏ အိမ်ထောင်ဘက်များ အပေါ် အပြန်အလှန် လေးစားချစ်ခင်ကာ သစ္စာစောင့်ထိန်း နိုင်မှ ထိုသို့သော ဘ၀မျိုးကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရသော မြန်မာနိုင်ငံသားတိုင်းများနှင့် ပြည်တွင်းတွင် နေ့စဉ်စားဝတ် နေရေးကို ခက်ခဲစွာ ရှာဖွေစားသောက်နေကြသော နိုင်ငံသားတို့ ပုံရိပ်များကို မြင်ရတိုင်း များစွာ ၀မ်းနည်း မိပါသည်။ စနစ်တခုရဲ့ ဆိုးကျိုး ကြောင့် ဒုက္ခရောက်နေသူများတာကို သိထားတဲ့ လူသားတစ်ယောက် အနေဖြင့် ထိုစနစ်ဆိုးကြီးကို ပြင်ဆင်စေလိုပါသည်။ အတိတ်က အမှားများကို လက်ညိုးထိုး စွပ်စွဲလို၍ မဟုတ်ဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် စေလိုသည့် စေတနာဖြင့် ပစ္စပ္ပုန်ကို အပြုသဘောဆောင်သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေလိုသည်မှာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်သည့် လူသားတစ်ယောက်၏ တာဝန် ၀တ္တရားသာ ဖြစ်သည်ဟု ခံယူထားသည့်အတွက် ယခုလို ရေးသားတင်ပြလိုက်ရပါသည် ။

ခင်မင်လေးစားလျှက်
ဗမာသွေး

မှတ်ချတ်............. forward mail မှရရှိထားသော ဆောင်းပါလေးကို ဖျတ်သင့်တာဖျတ်ပြီး တင်ပြပေးလိုတ်ပါတယ်။

အိမ်မက်ချစ်သူ - HIV ဘာလို့ အဖြစ်များလဲ (၂)

No comments: