Sunday, May 6, 2012

ဖြေလျော့ပေးပါ


မြို့ပျက်တစ်ခု

ကျွန်တော်ရောက်နေတဲ့နေရာက ပူပြင်းခြောက်ကပ် ငြိမ်ဆိတ်နေပါတယ်။ မြို့ပျက်တစ်ခုကို ရောက်နေသလို ခံစားရပါတယ်။ ဆောက်လက်စ အဆောက်အဦတွေဟာ လက်စမသတ်ဘဲ တစ်ပိုင်းတန်းလန်နဲ့ နေသူမရှိ။
ဆောက်လုပ်ရေး အလုပ်သမားတွေလည်း မရှိ။ ငြိမ်ချက်သား ကောင်းနေပါတယ်။ ဘယ်ဘက်ကြည့်ကြည့်၊ ညာဘက်ကြည့်ကြည့် တိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ အမိုး မရှိ၊ အကာ မရှိ၊ အုတ်ပုံတွေ ဟိုနားတစ်ပုံ၊ သည်နားတစ်ပုံ၊ သံချောင်းတွေ ဟိုနားတစ်ချောင်း၊ သည်နားတစ်ချောင်း၊ အမှိုက်တွေ၊ ရေသန့်ဘူးခွံတွေ၊ တူးဆွထားတဲ့မြေကြီးတွေ၊ သည်လိုလုပ်ငန်း လက်စမသတ်ဘဲ အဆောက်အဦးပျက်လိုဖြစ်နေတာကို ဘာဖြစ်လို့များ ဆက်ပြီးအောင် မဆောက်ကြတာပါလိမ့်။

သူတို့ရင်ဖွင်သံ
''သည်လိုဆရာရဲ့။ ဆောက်လက်စ အဆောက်အဦတွေကို ဆက်မဆောက်ဖို့ စည်ပင်သာယာက လာတားထားလို့ ရပ်ထားရတာ။ ကျွန်တော်က မြန်မြန်ဆက်ဆောက်ချင်တာပေါ့''
ဘာဖြစ်လို့ ကန်ထရိုက်တိုက်တွေ ဆောက်ဖြစ်တာလဲ။

''ကျွန်တော်တို့ သည်ရပ်ကွက်မှာ နေလာတာ နှစ် ၄၀၊ ၅၀ လောက် ကြာခဲ့ပါပြီ။ စတည်ခါစက လမ်းတွေ မကောင်း၊ ရေမြောင်းတွေ မကောင်း၊ လမ်းမီးမရှိပေါ့။ အနေကြာလာတော့ ကိုယ်ထူကိုယ်ထနဲ့ ပြုပြင်လာတာ။ ဒါပေမဲ့ ဓနိမိုး ထရံကာအိမ်တွေ၊ သွပ် မိုးပျဉ်ကာအိမ်တွေဆိုတော့ ဆွေးကုန်ပြီပေါ့။ ထရံပေါက်နေရာမှာ ပလပ်စတစ်တွေကာ၊ သတင်းစာ စက္ကူတွေကာနဲ့ ဖြစ်သလိုနေလာတာ ကြာခဲ့ပါပြီ။ ပြင်လည်း မပြင်ရဲဘူးလေ။ တဲပေါ်မှ တိုက်ပေါ်သို့ဆိုတဲ့ စီမံချက်ဆိုလား၊ စီမံကိန်းဆိုတာလား။ အဲဒီစီမံချက်နဲ့ ကျွန်တော်တို့ အိမ်တွေ၊ မြေတွေကိုသိမ်းပြီး တိုက် ဆောက်ပေး၊ အခန်းပေးမယ်ဆိုတာလည်း ပေါ်လာသေးတယ်လေ။ မြေတွေတိုင်း၊ အိမ်ထောင်စုစာရင်းတွေကောက်၊ အစည်းအဝေးတွေတောင် လုပ်လိုက်ပါသေးတယ်''
''တချို့ရပ်ကွက်တွေဆို တိုက်တွေဆောက်ပြီးလို့ လူတွေတောင် တိုက်ပေါ် တက်နေကြပြီ။ အဲသည်စီမံချက်က ကျွန်တော်တို့ဘက်ရောက်လာရင် ပြင်ဆောက်ပြီးသား အိမ်လေး အဖျက်ခံရမှာစိုးတာနဲ့ ဖြစ်သလို ပေတေနေရတာပေါ့။ အခု အဲသည်စီမံချက်က ပြီးသွားပြီလား၊ ဆက်လုပ်မှာလား ကျွန်တော်တို့ ဘာမှမသိရပါဘူး။ ကြာလာတော့ အိမ်တွေကလူတွေ ဆက်နေလို့မရအောင် ပျက်စီးယိုယွင်း လာတယ်လေ။ သည်ကြားတည်း နာဂစ်မုန်တိုင်းက ၀င်နှောက်လိုက်သေးတယ်။ အမိုးတွေကွာ၊ အကာတွေပြုတ် အတော်ဒုက္ခရောက်ကြပါတယ်။ ခုချိန်မှ ကိုယ့်ဘာသာ ပြင်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

''သည်အချိန်မှာ ကန်ထရိုက်တွေ ရောက်လာတယ်။ အခန်းပေး အခန်းယူစနစ်လို့ ကန်ထရိုက်တွေက ပြောတယ်။ လေးထပ်ဆောက်ရင် အိမ်ရှင်က လေးခန်းယူ၊ ကန်ထရိုက်က လေးခန်းယူ၊ ဒါ မျှတတယ်ပေါ့။ အိမ်ပြင်ဆောက်စရာ ပိုက်ဆံကလည်း မရှိ၊ တိုးပွားလာတဲ့သားတွေ၊ သမီး တွေ၊ သားမက်တွေ၊ ချွေးမတွေအတွက်လည်း တစ်တိုက်တည်းမှာ စုစုစည်းစည်း နေလို့ရမယ်။ တိုက်ခန်းလေးနဲ့ဆိုတော့လည်း ဘာရယ် ညာရယ်မဟုတ်ဘူး လူရှိန်တာပေါ့။
''ဆောက်ခါစ ကျွန်တော်တို့ မျှော်လင့်ချက်တွေအပြည့်နဲ့ ပျော်နေတာပေါ့။ တစ်ထပ်တက်လာ၊ နှစ်ထပ်တက်လာ၊ အိမ်လုံးလေးပေါ်လာ၊ အဖေနဲ့အမေက ဘယ်အခန်းယူ၊ သားနဲ့ချွေးမက ဘယ်အခန်းယူ၊ အငှားကို ဘယ်အခန်းမှာ ချထားမယ်ပေါ့''

''အပျော်တွေက သိပ်ကြာကြာမခံလိုက်ပါဘူး။ စည်ပင်သာယာ ယူနီဖောင်းဝတ် ၀န်ထမ်းတွေရောက်လာပြီး အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ခွင့်ပြုချက်လုပ်ဖို့ ညွှန်ကြားလာပါတယ်။ ကျွန်တော်တို့လည်း တရားဝင် ဆောက်လုပ်ခွင့်နဲ့ ဆောက်ချင်နေတာပါ။ ဒါနဲ့ ချက်ချင်းပဲလို အပ်တာတွေကို ကန်ထရိုက်နဲ့ အိမ်ရှင်တွေစုပေါင်းပြီး မြို့တော်စည်ပင်သာယာကို သွားလျှောက်ခဲ့ပါတယ်''

''ဒါပေမဲ့ ဆရာရယ်။ အဲဒီနေ့ကစပြီး ဒီနေ့အထိ တစ်စုံတစ်ရာ ပြန်ကြားလာတာ မရှိသေးပါဘူး။ တချို့ သွားစုံစမ်းတော့လည်း ခွင့်ပြုချက် မပေးနိုင်ကြောင်းပဲ သိခဲ့ရပါတယ်။ နောက်ပြီး ဒဏ်ငွေလည်း တစ်လ သုံးသိန်းလောက်ချမယ် ကြားပြန်တော့လက် လုပ်လက်စားဆင်းရဲသားတွေ ဘယ်လိုလုပ်တတ်နိုင်မလဲ''
သူက ပြောပြီးသွားပါပြီ။ ရင်လည်း ပေါ့သွားပုံရပါတယ်။ ရင်မော ကျန်ခဲ့တာကကျွန်တော်။ သူပြောတဲ့အကြောင်းလိုမျိုး အဖြစ်အပျက် တော်တော်များများ ရပ်ကွက်တွေမှာ ဖြစ်နေပုံရပါတယ်။

ပေါင်းကူးတံတားဝန်ထမ်းများ

ယနေ့ နိုင်ငံတော်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုရောက်အောင် ပြင်ဆင်လာတာ အတော်ခရီး ပေါက်လာပါပြီ။ တစ်ပါတီစနစ်၊ ဗဟိုဦးစီး စနစ်ကနေ ပါတီစုံဒီမိုကရေစီကို စပြောင်းကာစမှာ ဗဟိုကပဲ စတင်ပြင်ဆင် လှုပ်ရှား ပြောင်းလဲရပါတယ်။ အကျင့် ဖြစ်နေသေးတာကိုး။
ဆိုတော့ အထက်က အတော်များများ ပြောင်းနေပါပြီ။ ဒါပေမဲ့ အောက်ခြေက ၀န်ထမ်းတွေ မပြောင်းလဲသေးပါဘူး။ ပြောင်းရမှန်းလည်း မသိကြသေးပါဘူး။ အခု ရက်ကွက် တော်တော်များများမှာ ဖြစ်နေတဲ့ အလားတူပြဿနာတွေဟာ ပြောင်းလဲရမယ့် အခြေအနေမှန်ကို လူထုနဲ့ ထိ တွေ့နေတဲ့ ၀န်ထမ်းတွေက မသိကျိုးကျွံ ပြုနေကြတာပဲဖြစ်ပါတယ်။ မသိကျိုးကျွံ ပြုနေတာ အကြောင်းနှစ်ချက် ရှိပါတယ်။

ပထမအချက်က အရင်စနစ် အတိုင်းလုပ်နေရတာ သူတို့အတွက် အဆင်ပြေတယ်။ under table နည်းနဲ့ ဖြေရှင်းရတာ ခေါက်ရိုးကျိုးနေပြီ။ သည်နည်းကို သူတို့ မစွန့်ချင်ကြပါဘူး။

ဒုတိယအချက်က ပြောဖို့ သတ္တိမရှိဘူး။ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဖူးတယ်။ ''အချို့ သတ္တိမရှိကြတဲ့ အကြောင်းက ဘာလဲဆိုတော့ ကိုယ့်အတ္တ အကျိုးစီးပွားကို ကြည့်ပြီးမပြောရဲတာ'') မလုပ်၊ မရှုပ်၊ မပြုတ်အတိုင်း ကျင့်သုံးနေကြတာ။ တကယ်တမ်း ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနေရတာက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်မှာရှိကြတဲ့ ၀န်ထမ်းတွေပါ။
ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ပါ။ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေဖို့ မဟုတ်ပါဘူး။ ပြည်သူနဲ့ ထိတွေ့တဲ့နေရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်လိုလုပ်ပေးရင် ပြေလည်မလဲ။ ကောင်းမလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးရပါမယ် . . .

အစိုးရကောင်းဖို့ ၀န်ထမ်းကောင်းတွေ လိုပါတယ်။ ထို့အတူ လူထုကောင်းစားဖို့လည်း ၀န်ထမ်းကောင်းတွေ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စမှာ ၀န်ထမ်းတွေဟာ ပြည်သူလူထုနဲ့ အစိုးရကြား ပေါင်းကူး တံတားပါ။ အရေးပါတဲ့ ယန္တရားကြီးပါ။ အောက်ခြေရပ်ကွက် ကျေးရွာ တွေမှာ ဘာတွေဖြစ်နေသလဲ။ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် တင်ပြသင့်တဲ့နေရာတွေကို တင်ပြရပါမယ်။ အကြံပြုသင့်က အကြံပြုရပါမယ်။ ဥပဒေ၊ နည်းဥပဒေတွေ အားသာချက်၊ အားနည်းချက်တွေကို ကျေကျေညက်ညက် သိနေရပါမယ်။ ပြည်သူလူထုက မသိလို့ နားမလည်လို့ အကြံတောင်းရင် ကူညီရပါမယ်။ အကြံပေးရပါမယ်။ အထက်က ဖြစ်ပျက်နေတဲ့ ပြဿနာက လက်တွေ့ လိုအပ်ချက်နဲ့ စာအုပ်ထဲက ဥပဒေစည်းကမ်းတို့ ကွဲလွဲမှုရဲ့ ပြဿနာပါ။ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်လည်း ပြောထားတာပဲ။ 

နိုင်ငံတော်အတွက် အကျိုးမဖြစ်တော့တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ ပြင်သင့်ရင် ပြင်ကြပါလို့။ ထို့အတူ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် သမ္မတကြီးကိုယ်တိုင် လမ်းညွှန်မှုပေးနေတာပါ။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ပါ။ ပြည်သူတွေကို ၀န် ထုပ်ဝန်ပိုး ဖြစ်စေဖို့ မဟုတ်ပါဘူး။ ပြည်သူနဲ့ ထိတွေ့တဲ့ နေရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်လိုလုပ်ပေးရင် ပြေလည်မလဲ။ ကောင်းမလဲဆိုတာကို ထည့်သွင်း စဉ်းစားပေးရပါမယ်။
''အဲဒီတော့ ပြည်သူ့အသံက အရေးကြီးပါတယ်။ ပြည်သူ့ဆန္ဒ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၄) နိုင်ငံတော်ရဲ့ အချုပ်အခြာ အားလုံးသည် ပြည်သူမှဆင်းသက်လာပြီး တစ်နိုင်ငံလုံး လွှမ်းခြုံရမှာပါ။ စနစ်က ဘာပဲပြောပြော ဒီမိုကရေစီဆိုတာ ပြည်သူ့အုပ်ချုပ်ရေးပဲ။ ပြည်သူ့ ကိုယ်စားလှယ်တွေကတစ်ဆင့် အုပ်ချုပ်တဲ့စနစ်ပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘက် ပြောသင့်တာပြော။ တင်ပြသင့်တာ တင်ပြ ဒါမှသာလျှင် တာဝန်ကျေမှာဖြစ်တယ်လို့ ကျွန်တော်တို့ဘက်က ခံယူပါတယ်''။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းရဲ့ မိန့်ခွန်းကောက်နှုတ်ချက် ဖြစ်ပါတယ်။

ရပ်ကွက်ထဲ နှစ်ထပ်တိုက် ဆောက်ခွင့်၊ သုံးထပ်တိုက်ဆောက်ခွင့် ဥပဒေက ဆိုထားပါလိမ့်မယ်။ အိမ်ရှင်တွေက ဘာဖြစ်လို့ လေးထပ်တိုက် ဆောက်ချင်တာလဲ၊ သူတို့မှာ အကြောင်းရှိပါလိမ့်မယ်။ လူတွေက ပိုက်ဆံစိုက်ထုတ်ပြီး အိမ်ကိုပြန် မဆောက်နိုင်ပါဘူး။ ကန်ထရိုက်ကို အပ်ရပါမယ်။ ကန်ထရိုက်ကလည်း အလကားပိုက်ဆံစိုက်ထုတ်ပြီး ဆောက်မပေးနိုင်ပါဘူး။ သူ့အတွက် တွက်ခြေကိုက်မယ့်ပုံစံနဲ့ ဆောက်မှာပါ။ သည်လိုနဲ့ လေးထပ်တိုက်တွေ ဖြစ်ကုန်တာပါ။ ပိုက်ဆံရှိသူတွေအတွက်၊ လုံးချင်းနေလိုသူတွေအတွက် နှစ် ထပ်တိုက်နဲ့ အဆင်ပြေပေမယ့် သာမန်လူတန်းစားအတွက် ကန်ထရိုက်တွေကလွဲပြီး အားကိုးစရာ မရှိပါဘူး။ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်းကလည်း ဘာသံမှမကြားရတော့ပါဘူး။

ခုဆို ရက်ကွက်အချို့မှာ စည်ပင်သာယာအဖွဲ့နဲ့ အဆင်မပြေဖြစ်နေပြီး ဆောက်လက်စ တန်းလန်းဖြစ်နေတာ ကြည့်ကောင်းတဲ့မြင်ကွင်း မဟုတ်ပါဘူး။

ဖြေလျော့ပေးပါ

နိုင်ငံခြားမှ တင်သွင်းတဲ့ သွင်းကုန်တွေ အခွန်ဖြေလျော့ပေးနေပါပြီ။  ကားပါမစ်တွေ ဖြေလျော့ပေးနေပါပြီ။ တယ်လီဖုန်းဈေးတွေ ဈေးချ၊ ဖြေလျော့ပေးနေပါပြီ။ ဒါ့အပြင် နိုင်ငံခြားက ပိတ်ဆို့ အရေးယူထားမှုတွေ ဖြေလျော့ပေးလိုက်ပါပြီ။ ယခင်က အုပ်ချုပ်သူ အမြင်တစ်ခုတည်းပါတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကိုသာ ပြဋ္ဌာန်းတဲ့ခေတ်မှ ပြည်သူတွေ ပါဝင်နိုင်တဲ့ လုပ်ကိုင်ရလွယ်ကူတဲ့၊ ထင်သာမြင်သာ နားလည်ရလွယ်ကူတဲ့၊ အချိန်ကုန် သက်သာစေတဲ့ ဘယ်သူ့ကိုမှ မနစ်နာစေတဲ့ ဥပဒေစည်းမျဉ်းတွေကို ထုတ်ပြန်ပြဋ္ဌာန်းပေးရမယ့်အချိန် ရောက်နေပါပြီ။
တစ်ခါ လူနေမှုပုံစံ ပြောင်းလဲမှုဟာလည်း မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲနေပါတယ်။ ဒီလို ပြောင်းလဲမှုမြန်ဆန်တာကို အမီလိုက် (ဖြစ်နိုင်ရင် လက်ဦးမှုရယူ) နိုင်တဲ့ဥပဒေတွေ အမြန်ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့တော်ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့က စည်ပင်သာယာ ရေးအဖွဲ့ရဲ့ အမြော်အမြင်ကြီးမားတဲ့ အစီအမံများပေါ်မှာ များစွာမူတည်နေကြောင်း ထင်ရှားနေပါတယ်။

ယခု ခေတ်ပြောင်းပါပြီ။ အထက်ကညွှန်ကြားတာကိုလည်း ဆောင်ရွက်ရမယ်။ အောက်ခြေပြည်သူလူထုရဲ့ ပကတိအခြေအနေမှန်ကိုလည်း အထက်ကို ပြန်တင်ပြရပါမယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ပါ။

ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံနဲ့ စည်ပင်သာယာရေးအဖွဲ့ရဲ့ ဆန္ဒတို့ တစ်ထပ်တည်း ကျပါစေ။

Written by မောင်တင်ဦး(မြောင်းမြ)   

No comments: