Tuesday, May 1, 2012

အတူနေချင်စိတ်နည်းခြင်း


လင်နဲ့မယား အတူနေချင်စိတ် နည်းခြင်းဆိုတာ ဖြစ်ကြတယ်။ တယောက်က ပုံမှန်ဖြစ်နေပေမဲ့ ကျန်တယောက်က စိတ်နည်းနေသလို နှစ်ယောက်လုံး နည်းနေကြတာလဲ ဖြစ်တယ်။ Physiological factors ဇီဝကမ္မ အကြောင်းခံတွေ နဲ့ Psychological factors စိတ်ပိုင်းအကြောင်းခံတွေကြောင့် ဖြစ်ရတာများတယ်။ Pathological ရောဂါအကြောင်းခံလဲ ရှိနိုင်တယ်။

1. Stress စိတ်ဖိအား များနေသလား
လူတယောက်ဟာ အလုပ်တွေကို စိတ်ဖိအား များနေပါစေ ပြီးမြောက်အောင် လုပ်နိုင်သူဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လိင်အရေး ရောက်လာရင် မအောင်မြင်သူ ဖြစ်နေတတ်တယ်။ အလုပ်အကိုင်၊ ငွေးရေးကြေးရေး၊ မိသားစု၊ ကျောင်း-ပညာရေး စတာတွေက တချိန်မဟုတ် တချိန်မှာ စိတ်ကို ဖိစီးနေတတ်တယ်။ Stress management techniques စိတ်ဖိအား လျှောချနည်းတွေ လုပ်ပေးပါ။ Counselor or doctor တတ်ကြွမ်းသူ အကူအညီယူပါ။ ကောင်းလာပါလိမ့်မယ်။

2. Unresolved Issues ရှင်းမရနိုင်တာတွေ ရှိနေသလား
တယောက်နဲ့ တယောက်ကြား လျှော့ပေးလို့မရတာမျိုး ကြုံတတ်တယ်။ အဆိုးဆုံးထဲက တခုဖြစ်တယ်။ အမျိုးသမီးတွေက Emotional closeness စိတ်လှုတ်ရှားမှုကို ပိုဦးစားပေးသူများတယ်။ စိတ်တိမ်းညွတ်သူနဲ့ မှသာ အတူနေချင်လိမ့်မယ်။ စကားလေးတခွန်း လွန်သွား၊ ကျွံသွားတာမျိုး၊ ကတောက်ကဆတ် ဖြစ်တာမျိုးကနေ ဖေါက်ပြားမှုရှိနေတာမျိုးအထိ ရှိနေရင် အတူနေချင်စိတ်ဖြစ်ဘို့ နေနေသာသာ အသားချင်း ထိတာတောင် မခံချင်ဖြစ်တတ်တယ်။

3. Alcohol အရက် ကျေးကျွန်ဖြစ်နေသလား
သောက်နေကြလူက အရက် တခွက်စ နှစ်ခွက်စ ကိစ္စမရှိပါ။ လွန်သွားရင်တော့ ပုံမှန်ရှိအပ်တဲ့စိတ်တွေ၊ စေ့ဆော်မှုတွေ ကင်းပျောက်သွားမယ်။ မူးနေသူက စိတ်မပါသလို အဖေါ်ကလဲ စိတ်ပျက်မယ်။ အရက်မှ မဟုတ်ပါ။ မူးယစ်စေတဲ့အရာ မှန်သမျှ၊ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးမှန်သမျှ အတူတူနဲ့ အနူနူဖြစ်တယ်။ ကိုယ့်စိတ်အလို တမျိုးထဲသာ လိုက်နေရင် အိမ်ထောင်ရေးမှာ တခုခုဖြစ်လာနိုင်တယ်။

4. Parenting ကလေးမိဘတွေ ဖြစ်လာကြရင်
ကလေး အမေ-အဖေဖြစ်လာတာနဲ့တော့ ဟော်မုန်းတန်ခိုး နည်းမသွားသလို အတူနေချင်စိတ်ပါးတာလဲ မဖြစ်ပါ။ ဒါပေမဲ့ ကလေးကို ပြုစုရတာက အတားအဆီးဖြစ်လာတတ်တယ်။ လိုအပ်ရင် Baby sitter ထားပါ။

5. Medication ဆေးဝါးတွေကနေဖြစ်စေသလား
- Antidepressants စိတ်မကျဆေး၊
- Blood pressure medications သွေးတိုးကျဆေး၊
- Antihistamines (အင်တီဟစ်တမင်း) ဆေး၊
- Oral contraceptives ကိုယ်ဝန်တားဆေး (တချို့မှာသာဖြစ်တယ်)၊
- Chemotherapy ကင်ဆာဆေး၊
- Anti-HIV drugs (အိတ်ခ်ျအိုင်ဗွီ) ဆေး၊
- Finasteride ကျားဆီးကျိတ်ရောဂါဆေး၊
- Synthetic progesterone-medroxyprogesterone ဟော်မုန်းတွေကနေ ဖြစ်စေနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြောင်းသင့်ရင်ပြောင်းပါ။

6. Poor Body Image ကိုယ့်ရုပ် (ကိုယ်ခန္ဓာ) ကို မကျေမနပ်ဖြစ်နေပါသလား
ကိုယ့်ကိုယ်ကို သူများကိုဆွဲဆောင်မှု ရှိမှရှိပါမလားလို့ ထင်နေရင် လိင်စိတ်ဖြစ်တာ နည်းမယ်။ ပိန်ချပ်နေတယ်ထင်တာ၊ ကားလွန်း-ထွားလွန်းနေတယ်ထင်တာ၊ စသဖြင့် မရှိသင့်ပါ။ Work out ကိုယ်ကာယ အလှ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာ အချိုးကျလာမဲ့အပြင် ကျန်းမာရေးလဲ ပိုကောင်းပါမယ်။ စိတ်တွေပြန်ဖြစ်လာပါမယ်။

7. Obesity အဝလွန်နေလို့
တကယ်ဆက်စပ်မှု ရှိတယ်။ လူက ဝလွန်းရင် Desire လိင်စိတ်နည်းနိုင်တယ်။ Sexual performance လိင်အရေးမှာလဲ အားနည်းမယ်။ Sexual enjoyment လိင်သာယာမှုလဲ နည်းနေနိုင်တယ်။

8. Erectile Dysfunction ပန်းသေ-ပန်းညှိုး
ယောက်ျားတွေမှာ တကယ်ရှိနေသူတွေရော ရှိတယ်ထင်နေသူတွေပါ မနည်းပါ။ Loss of libido လိင်စိတ်နည်းတာနဲ့ မတူပါ။ အသေအခြာ ကုသရင် အများကြီး တိုးတက် ကောင်းမွန် ပျော်ရွှင်နိုင်ပါတယ်။ Erectile Dysfunction (ED) ပန်းသေ-ပန်းညှိုး နဲ့ Erectile Dysfunction Risk ပန်းသေ-ပန်းညှိုးဖြစ်တာနဲ့ သောက်ဆေးတွေ ရေးထားပါတယ်။

9. Low T ဟော်မုန်းနည်းနေခြင်း
Testosterone ယောက်ျား-ဟော်မုန်းခေါ်တဲ့ (တက်စတိုစတီရုန်း) နည်းနေရင် လိင်စိတ်လဲ နည်းနေမယ်။ ယောက်ျားတွေ အသက်ရလာရင် နည်းတတ်တယ်။ လူတိုင်းတော့ စိတ်မနည်းကြပါ။ အမျိုးသမီးတွေမှာလဲ ဒီဟော်မုန်းဘဲ။ Sex helps elderly women (ဆက်က်စ်) ဟာ အမျိုးသမီးကြီးတွေကို ကြက်သရေ ရှိစေတယ် နဲ့ Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း ရေးထားပါတယ်။

10. Depression စိတ်ဓါတ်ကျနေရင်
စိတ်ကျဆေးတွေကြောင့် လိင်စိတ်ကိုနည်းစေသလို စိတ်ဓါတ်ကျနေတာကို၌က လိင်စိတ်နည်းနေပြီးသားဖြစ်နေတယ်။ (ဆောရီး)။

11. Menopause သွေးဆုံးသွားရင်ကော
အမျိုးသမီး တဝက်လောက်က သွေးဆုံးတာနဲ့ လိင်စိတ်ပါ နည်းတယ်လို့ ပြောကြတယ်။ အရင်လို ဆက်နေဘို့ လိုအပ်တယ်လဲ ယူဆကြသူများတယ်။ Vaginal dryness (ဗဂျိုင်းနား) ခြောက်လာတာ နဲ့ Pain during sex ဆက်ဆံတဲ့အခါ အရင်လိုမဟုတ်ဘဲ နာလာတာက ပြဿနာ ဖြစ်လာမယ်။ ဟော်မုန်းကြောင့်က ကုစားလို့ရပါတယ်။ တဆက်တည်း ပူးတွဲအကြောင်းခံတွေ ရှိနိုင်တယ်။ ဆက်ဆံရေး ကျဲသွားမလား စိုးရိမ်မှု၊ ကိုယ့်ရုပ်ရေကို အားမရဖြစ်လာမှု၊ ရောဂါတခုခုရှိလို့ ဆေးတွေသောက်နေရတာ စတာတွေကိုလဲ ပြင်နိုင်တာပြင်ရမယ်။

12. Too Little Sleep အိပ်ရေးပျက်နေရင်လည်း
Insomnia or Sleep apnea အိပ်မရတဲ့ရောဂါရှိနေသူတွေ အိပ်ရာဝင်အရေးမှာလဲ ခက်သေးတယ်။ တယောက်နဲ့ တယောက် အိပ်ချိန်မတူရင်လဲ ခက်နိုင်တယ်။ အိပ်ရေးပျက်နေရင်လဲ အခိုက်အတန့် အတူနေဘို့ ခက်နိုင်တယ်။ ငိုက်မရှက်က ကြိုက်မရှက်ထက် ပိုတယ်။

13. Too Little Intimacy ရင်းနှီးကျွမ်းဝင်မှု
ရင်းနှီးကျွမ်းဝင်မှုဆိုတာ လိင်ဆက်ဆံရေးရဲ့ Code word အခယာ ဖြစ်ပါတယ်။ ဒီအချက်မပါရင် ကြေးစားသဘောသာ ဖြစ်သွားမယ်။ ကြေးစားတောင်မှ ချိုသာ-ပြူငှာမရှိရင် အဆင်မပြေနိုင်ဘူး။ အရောင်ဆောင်တာ လုပ်ပေးရသေးတယ်။ ဒီအချက်ကို ထည့်မတွက်ရင် အဓမ္မပြုကျင့်တာ ဖြစ်သွားမယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၄-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - အတူနေချင်စိတ်နည်းခြင်း

No comments: