Monday, May 7, 2012

ကလေးများ၏ အခွင့်အရေးနှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု


 ကမ္ဘာ တစ်ဝန်းတွင် ပို့ဆောင် ဆက်သွယ်ရေး ကွန်ယက်များ များပြား လာခြင်းနှင့် နည်းပညာ အခြေခံ အဆောက်အအုံ များလာခြင်း၊ တိုးတက် လာခြင်းတို့ကြောင့် ကမ္ဘာ တစ်လွှား ခရီး သွားလာမှုများ တိုးပွား လာသလို သွားရလွယ် ကူလာကြသည့် နေရာသစ်များ ဆီသို့ သွားရောက် လည်ပတ်မှုများ ရှိလာကြသည်။
လည်ပတ်စရာ နေရာ သစ်များလည်း တိုးပွား လာခဲ့သည်။ နိုင်ငံ အချင်းချင်း နားလည်မှု၊ သည်းခံမှု ပိုရှိလာကြသည်။ ခရီးသွား လုပ်ငန်းကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွား လာရသည်။ ကမ္ဘာ တစ်ဝန်းလုံးရှိ ဂျီဒီပီ ပမာဏကိုလည်း မြင့်တက် လာစေသည်။ ထိုခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာနေမှုနှင့် တစ်ပြိုင်တည်း ကလေးငယ်များနှင့် ပျော်ပါးရန် ခရီး သွားလာသည့် အလေ့အထများ ပေါ်ပေါက် လာနေသည်။

ထိုပြဿနာကို အရှေ့တောင် အာရှတွင် အများဆုံး တွေ့လာရသည်။ အခြား သတင်းများ အရ အခြားဒေသများ နိုင်ငံများတွင်လည်း ထိုပြဿနာများ ဖြစ်ပွားလေ့ ရှိလာသည်။ တစ်စုံတစ်ယောက် အခြား ဒေသမှ လာကာ ကလေးငယ်များနှင့် ပျော်ပါးမှုသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ စော်ကားခြင်းကို ဆိုသည်။

ကုလသမဂ္ဂမှ ကလေးငယ်များနှင့် ပျော်ပါးရန် ခရီးသွားလာမှုကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ခရီးသွား လုပ်ငန်း တစ်ခုသည် ကလေးငယ်များဖြင့် လိင်ပိုင်းဆိုင်ရာ စီးပွားဖြစ်ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျဖြင့် စီစဉ်ထားသော လုပ်ငန်းတစ်ခုဟု ဖေါ်ပြထားသည်။ ကလေး ဆိုသည်မှာ အသက် ၁၈ နှစ် အောက်လူသား တစ်ဦးကို သတ်မှတ်ပြဋ္ဌာန်း ထားသည်။ ကလေး သူငယ်များနှင့် ပျော်ပါးမှု လုပ်ငန်း ကြီးထွားလာမှုသည် နိုင်ငံ အတော်များများ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှုနှင့် ပတ်သက်နေသည်။ ထိုသို့ ဖြစ်ပွားမှုများသည် ကလေးငယ်များ၏ အခြေခံ ကျသည့် အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။ အရွယ်ရောက်ပြီးသား လူတစ်ဦးမှ ကလေးငယ်၏ လိင်ပိုင်းဆိုင်ရာကို ငွေဖြင့်သော် လည်းကောင်း၊ ကြားခံလူသုံး၍သော် လည်းကောင်း တစ်နည်းနည်းဖြင့် အသုံးပြုကာ အမြတ် ထုတ်ခြင်းပင် ဖြစ်သည်။

နှစ်စဉ် အရှေ့တောင် အာရှနိုင်ငံများသို့ ကမ္ဘာလှည့် ခရီးသည်သန်း ၅၀ ကျော် လာရောက် လည်ပတ်လျက် ရှိရာ အများစုမှာ ယဉ်ကျေးမှု အမွေအနှစ်များ လေ့လာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ရှုခင်းများ ခံစားလိုခြင်းနှင့် လူမျိုးနွယ်စု တို့၏ ဓလေ့ ထုံးစံများ လေ့လာခြင်းတို့ အတွက် လာရောက်ကြသူများ ဖြစ်ကြ သည်။ အချို့သော ကမ္ဘာလှည့် ခရီးသည်များသည် ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ပျော်ပါးရန် အတွက် လာရောက်ကြသူများ ဖြစ်ကြသည်။ ထိုအနည်းစု ခရီးသည်များသည် ကလေးငယ်များနှင့် ဆက်ဆံရန် ခရီးသွား လုပ်ငန်းများ၏ ၀န်ဆောင်မှု ပေးခြင်း အပေါ် အခွင့်အလမ်း တစ်ခုအနေဖြင့် အသုံးချလေ့ ရှိကြသည်။

ဥပမာ-ဟိုတယ်အခန်းများ၊ ပို့ဆောင်မှု လုပ်ငန်းများ၊ အဖျော်ယမကာ ရောင်းသည့် အခန်းများ စသည်တို့တွင် ကလေးငယ်များနှင့် ထိတွေ့ ဆက်ဆံရန် အသုံးပြုလေ့ ရှိကြသည်။ ကလေးငယ်များနှင့် လိင်ဆက်ဆံရန် လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များထံမှ မိမိနိုင်ငံသား ကလေးငယ်များကို အကာအကွယ် ပေးခြင်းသည် ခရီးသွား လုပ်ငန်းနှင့် မိမိနိုင်ငံသားတို့၏ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းစောင့် ရှောက်ရာလည်း ရောက်သည်။

ကလေးငယ်များ အပေါ် မတော်မတရား ပြုကျင့်ခြင်းမှ အပြည့်အ၀ အကာအကွယ် ပေးနေမှုများကို ထင်ရှား ပေါ်လွင်အောင် ဆောင်ရွက် ထားခြင်းဖြင့် စဉ်းစား ချင့်ချိန်တတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အပေါ် ဆွဲဆောင်မှု တစ်ရပ် ဖြစ်စေနိုင်သည်။

ထိုခရီးသွား လုပ်ငန်းသည် ကလေးငယ်များ အပေါ် မတော်မတရား ပြုကျင့်ခြင်း ဖြစ်သည့် လူကုန် ကူးမှုနှင့် ဆက်စပ် နေသဖြင့် ထိုလုပ်ငန်းနှင့် ပတ်သက်သူများအား အသိပညာပေး လုပ်ငန်းများကို နိုင်ငံ အသီးသီးမှ ဆောင်ရွက်လျက် ရှိရာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလလယ်က ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်းအား ပိုပြီး မြှင့်တင်နိုင်ရန် အလို့ငှာ လူကုန်ကူးမှုတိုက် ဖျက်ရေး၊ စောင့်ကြည့်ရေးနှင့် ထိုပြဿနာအား ဖြေရှင်းနိုင်ရန် အတွက် ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက စေတနာ့ ၀န်ထမ်း သတင်း ကွန်ယက်ထူ ထောင်နိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ကြသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံရှိ UNIAP ရုံနှင့် လူမှုရေးရာ ဖွံဖြိုးမှုနှင့် လုံခြုံရေး ၀န်ကြီး ဌာနတို့ပူး ပေါင်းကာစီစဉ် ဆောင်ရွက်ခဲ့ကြသည်။ လူထုကြားနှင့် ခရီး သွားလာရေး လုပ်ငန်းတို့အကြား အကောင်းအဆိုးခွဲခြားသိရှိနိုင်ရန်နှင့် ခရီးသွား လုပ်ငန်းတွင် လူကုန်ကူးမှုကို ကာကွယ်နိုင်ရန်၊ စောင့်ကြည့် ကြပ်မတ်နိုင်ရန်နှင့် ဖြေရှင်း ပေးနိုင်ရန်တို့ အတွက် သတင်းကွန်ယက် စေတနာ့ ၀န်ထမ်း အဖွဲ့ ထူ ထောင်ကြမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ရေရှည်အခွန်ငွေရရှိသော အခြေအမြစ် လုပ်ငန်းသည် ခရီး သွားလာလုပ်ငန်း ဖြစ်နေသည်။ သို့သော် လူကုန်ကူးမှု ဖြစ်ပွားမှုက ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို စွန်းထင်း နေစေသည်။ ထို့ကြောင့် ခရီးသွားလာရေးနှင့် အားကစား ၀န်ကြီးဌာနက ရေရှည် တိုက်ဖျက်နိုင်ရန်  ဆက်စပ် နေသည့် ဌာနများနှင့်  ပူးပေါင်း ဆောင်ရွက်သွားရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။

လူမှုရေးရာ ဖွံဖြိုးမှုနှင့် လုံခြုံရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်၏ အကြံပေးဖြစ်သူ Sujaree Sangtho က လူကုန်ကူးမှုတွင် ပြည့်တန်ဆာ အဖြစ် ခိုင်းစေမှုနှင့် လုပ်အား ခေါင်းပုံဖြတ်မှုတို့ အပါအ၀င် ပုံစံအမျိုးမျိုး ရှိနေသည်ဟု ဆိုသည်။

သို့သော် ခရီးသွား လုပ်ငန်း ကဏ္ဍတွင် လူ ကုန်ကူးမှု ပုံစံကို သူတောင်းစားအဖြစ် ပုံစံသာ ခိုင်းစေခံရသည့် လူကုန် ကူးသူများကိုသာ အများ ဆုံးတွေ့နေ ရသည်။ သို့ကြောင့်လည်း လူမှုရေးရာ ဖွံ့ဖြိုးမှုနှင့် လုံခြုံရေး ၀န်ကြီးဌာနက လူကုန်ကူးခံရ သူများကို အကူအညီ ပေးခြင်းနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို ဆောင်ရွက်လျက ရှိနေသည်။

မြန်မာနိုင်ငံတွင်လည်း ခရီးသွား လုပ်ငန်း ဖွံဖြိုးမှု အရှိန်အဟုန် ရှိနေရာ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးမှ ကြီးမှူး၍ မြန်မာ နိုင်ငံခရီး သွားလာရေး အဖွဲ့နှင့် ဂျာမနီနိုင်ငံ၊ Hanna  Seidel Foundation  တို့ပူးပေါင်း စီစဉ်မှုဖြင့် တာဝန် ယူမှုရှိသော ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေး ပွဲနှင့်ကွန်ဖရင့် ( Responsible Toursm Workshop & Conference )  ကို ၂၀၁၂ ခုနှစ်၊ ဖေဖော် ၀ါရီလ ၂၁ မှ ၂၃ ရက်နေ့အထိ အစိုးရအဖွဲ့ အစည်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၊ ပုဂ္ဂလိက ဟိုတယ်လ် နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ နှင့်အစိုးရနှင့် ပုဂ္ဂလိ ကဏ္ဍဆွေကွန် ဖရင့်တို့ ကျင်း ပပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင်ဝန်ကြီးဌာန ၂၂ ခုမှ ကိုယ်စားလှယ် ၁၀၀ခန့် တက်ရောက် ဆွေးနွေးခဲ့ ကြသည်။ ပြည်ထဲရေး ၀န်ကြီးဌာန ကိုယ်စား လှယ်များက ခရီးသွား လုပ်ငန်းနှင့် ဆက်နွယ် သည့် ရာဇ၀တ်ပြစ်မှုများ ကာကွယ်ရေးနှင့် ကမ္ဘာလှည့် ခရီးသည်များ ကူညီ စောင့်ရှောက်ရေးဟူ၍ နှစ်ပိုင်းခွဲကာ ဆောင်ရွက်လျက် ရှိကြောင်း၊ Child Sex Tourism  နှင့်  Child Pornography  တို့နှင့် ပတ်သက်သည့် အချက်များကို ဟိုတယ်ဝန်ထမ်းများ၊ တက္ကဆီ မောင်းသူများ၊ ဧည့်လမ်းညွှန်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် ၀န်ထမ်းများ စသည့် ခရီးသွားလုပ်ငန်းတွင် ပါဝင်သူအားလုံး အားအသိပညာ ပေးမှုမြှင့်တင်ရန်လိုအပ်ကြောင်း၊ Child Sex Tourism   များကို ထက် တစ်ဦးချင်း လာရောက်လည်ပတ်သူများက ပိုမိုကျူးလွန်လေ့ရှိသဖြင့် ယင်းကဏ္ဍကို ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း၊ ASEANAPOL နှင့် Interpol တို့မှပေးပို့သည့် အမည်မည်းစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးမှုပြုရန်လိုကြောင်း၊ လူကုန်ကူးမှုဖြစ်ပေါ်မှုကို အရေးပေါ် တယ်လီဖုန်းလိုင်းများထားကာ ဆောင်ရွက်လျက်ရှိနေကြောင်းတို့ အား ဆွေးနွေးခဲ့ကြသည်။

ကလေးငယ်များနှင့် လိင်ဆက်ဆံရန် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသွားများ Child Sex Tourism   ကြောင့် ကလေးငယ်များ၏  ဘ၀ကို ပျက်စီးစေသည်။ ထိုအန္တရာယ်ကို နိုင်ငံသားတိုင်း သဘောပေါက် နားလည်ပါက ဟန့်တားမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ထိုလုပ်ငန်းသည် ကလေးငယ်များ၏ မိသားစု အသိုင်းအ၀ိုင်းနှင့် မိမိ နိုင်ငံ အတွက်ပါ ယူကျူံးမရ စိတ်ထိခိုက်ဖွယ်ရာ ကိစ္စတစ်ရပ် အဖြစ် ရှုမြင်ရမည့် ပြဿနာ ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံဖြိုး တိုးတက်လာ မည့် အလားအလာကို ခြိမ်းခြောက်ရာလည်း ရောက်လာနိုင်ပါသည်။ စဉ်းစား ချင့်ချိန်တတ်သော ကမ္ဘာလှည့် ခရီးသွားများ အဖို့ ကလေးငယ်များ အပေါ် မတော်မတရား လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်မှုမျိုးတွေ့မြင်ရပါက လှည့်လည် သွားလာလို စိတ်ကုန်ခန်း သွားနိုင်သဖြင့် ကမ္ဘာလှည့် လုပ်ငန်းမှ ရရှိ မည့်ဝင် ငွေများ၊ အလုပ်အကိုင်များ ကျဆင်း သွားနိုင်သည် အထိ ထိခိုက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ဝင်းနိုင်ထွန်း
(Teen Magazine April 2012)

No comments: