Friday, May 11, 2012

ခေါက်ဆွဲကိုအရသာရှိရှိစားကြရအောင်


ကျွန်တော်ကိုယ်တိုင်တော့ ခေါက်ဆွဲကို မပြင်ဆင် မချက်ပြုတ်တတ်ပါဘူး။ ဒါပေမဲ့ ငယ်ငယ်ကတည်းက တော်တော်ကြိုက်နှစ်သက် ခဲ့တဲ့အစားအစာတစ်မျိုးပါ။ သွားရည်စာပဲပြောပြော အ၀စားပဲပြောပြော ကျွန်တော်ကတော့ တမက်တမောစားတတ်ခဲ့ပါတယ်။ အခု အင်းလျားလမ်းက HAPPY Cafe & Noodles ဆိုင်မှာ ရနိုင်တဲ့ ခေါက်ဆွဲနှစ်မျိုးကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။

ခေါက်ဆွဲချက်နည်းတွေမှာဖော်ပြထားတဲ့ လိုအပ်ပစ္စည်း အချိုးအစားတွေက တစ်ပွဲစာစီအတွက်သာ ဖော်ပြထားတာဖြစ်တဲ့အတွက် မိမိလိုချင်တဲ့ ပမာဏတိုင်း ဆတိုးတွက်ချက်ပြီး ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဝက်အူချိုခြောက်ခေါက်ဆွဲ
လိုအပ်သောပစ္စည်းများ

ဝက်အူချို + အူတွန့်   - (၇)ကျပ်သားခန့် (နှစ်မျိုးရော)
မြီးရှည်ခေါက်ဆွဲဖတ်   - (၇) ကျပ်သား
ပဲငံပြာရည်   - ဟင်းစားဇွန်း (၁) ဇွန်း
ပဲပုတ်မှုန့် - ဇွန်းသေး (၁) ဇွန်း
နှမ်းထောင်း - ဇွန်းသေး (၁) ဇွန်း
ကြက်သွန်မြိတ်အကြွပ်ကြော် - အနည်းငယ်
ရွှေပဲရွက် - အနည်းငယ်
ဂေါ်ဖီ - အနည်းငယ် (ပါးပါးလှီး)
နံနံပင် - အနည်းငယ် (ပါးပါးလှီး)
ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီး)
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆီ - သင့်ရုံ

ဟင်းရည်ချက်ရန်
ဝက်ကျောရိုး - ၃တုံး
ခရမ်းချဉ်သီး (၁) လုံး (လှီးထားပါ)
ပဲပုတ် - ၁ ချပ် (ရေစိမ်ထားပါ)
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်

ဟင်းရည်ချက်ရန်
ရေထည့်ထားတဲ့ အိုးတစ်လုံးမှာ ၀က်ကျောရိုးတုံးများကို ခရမ်းချဉ်သီး၊ဆား၊ဟင်းခတ်မှုန့်နဲ့ ရေစိမ်ထားတဲ့ ပဲပုတ်ချပ်ကို ကျေအောင် ချေထည့်ပြီး ကျောရိုးမှ အသားများ နူးအိလာတဲ့အထိ တည်လိုက်ပါတယ်။ အသားလည်းနူးပြီး အရည်လည်းကျန်အောင် ချိန်ဆပြီး တည်ပေးတာဖြစ်ပါတယ်။

ခေါက်ဆွဲပွဲပြင်ရန်
အူချိုနဲ့ အူတွန့်ကို သန့်စင်အောင်သေချာစွာဆေးကြောပြီး ဆားနဲ့ ဟင်းခပ်မှုန့်အနည်းငယ်ထည့်နယ်ကာ နူးအောင်ပြုတ်လိုက်ပါတယ်။ နူးလာတဲ့အခါ နှီးတစ်ပြားစာခန့် အတုံးလေးတွေလှီးပြီး ဆီနဲ့အကြွပ်ကြော်လိုက်ပါတယ်။

ကြက်သွန်မြိတ်ကြော်အတွက်လည်း ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် အပိုင်းလေးတွေလှီးပြီး အကြွပ်ကြော်လိုက်ပါတယ်။
မြီးရှည်ခေါက်ဆွဲဖတ်ကို ပြုတ်ပြီး ပန်းကန်လုံးတစ်ခုထဲသို့ ရေစစ်ထည့်ကာ ပဲငံပြာရည်နဲ့ခပ်ဖွဖွနယ်ပေးပါတယ်။ အဲဒီနောက် ၀က် ကျောရိုးဟင်းရည်ထည့်ပြီး ပဲပုတ်မှုန့်နဲ့ ဆားထည့်ပါတယ်။ အူချို အူတွန့် အကြွပ်ကြော်များကိုထည့်ပြီး နှမ်းထောင်း၊ နံနံပင်နဲ့ ကြက်သွန်မြိတ်နုပ်နုပ်စဉ်းများကို သုံးမျိုးရောပြီးထည့်ပါတယ်။

နောက်ဆုံးမှာ ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ပဲရွက်လေးတွေကိုထည့်ပြီး ကြက်သွန်မြိတ်အကြွပ်ကြော်ကို အပေါ်ယံက ဖြူးလိုက်တဲ့အခါ စားချင်စဖွယ် အနံ့အရသာနဲ့ ပြည့်စုံနေတဲ့ ၀က်အူချိုခြောက် ခေါက်ဆွဲပွဲကို မြိန်ယှက်စွာ စားသုံးနိုင်ပြီဖြစ်ပါတယ်။

ကျိုင်းတုံခေါက်ဆွဲ

 လိုအပ်သောပစ္စည်းများ
မြီးရှည်ခေါက်ဆွဲဖတ် - ၇ ကျပ်သား
ပဲငံပြာရည် - ဟင်းစားဇွန်း (၁) ဇွန်း
ကြက်စွပ်ပြုတ်ရည် - ပန်းကန်လုံး (၁) လုံး
နှမ်းထောင်း - ဇွန်းသေး (၁) ဇွန်း
ပဲပုတ်မှုန့် - ဇွန်းသေး (၁) ဇွန်း
ရွှေပဲရွက် - အနည်းငယ်
ပဲပင်ပေါက် - အနည်းငယ် (ရေနွေးဖျော)
ဂေါ်ဖီ - အနည်းငယ် (ပါးပါးလှီး)
နံနံပင် - အနည်းငယ် (ပါးပါးလှီး)
ရှမ်းနံနံ - အနည်းငယ် (ပါးပါးလှီး)
ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီး)
ငရုတ်ကောင်းမှုန့် - အနည်းငယ်

ဟင်းအနှစ်ချက်ရန်
အသား (၀က်/အမဲ/ကြက်) - ၁၀ကျပ်သား
ကြက်သွန်နီ - ၂ ဥ
ကြက်သွန်ဖြူ - ၃မွှာ
ခရမ်းချဉ်သီး - ၃လုံး (လှီးထားပါ)
ပဲပုတ် - ၁ ချပ် (ရေစိမ်ထားပါ)
ဆီ - ဟင်းခပ်ဇွန်း (၁) ဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်

ဟင်းအနှစ်ချက်ရန်
အသားကို နုပ်နုပ်စဉ်းပါတယ်။ ကြက်သွန်အဖြူနဲ့ အနီနဲ့ အရောင်တင်မှုန့်ကို ရောပြီး ဆီသတ်ပါတယ်။ ဆီသတ်အနံ့မွှေးလာတဲ့အခါ ရေစိမ်ထားတဲ့ပဲပုတ်ကို ကျေအောင်ချေထည့်ပြီး ခရမ်းချဉ်သီးကိုလည်း ထည့်မွှေလိုက်ပါတယ်။ ခရမ်းချဉ်သီးကျေတဲ့အခါ အသားနုပ်နုပ် စဉ်းများကို ထည့်ပြီး ဟင်းအနှစ်ကို ကျက်အောင်ချက်လိုက်ပါတယ်။

ခေါက်ဆွဲပွဲပြင်ရန်
ခေါက်ဆွဲဖတ်ကိုပြုတ်ပြီး ပန်းကန်လုံးတစ်ခုထဲသို့ ရေစစ်ထည့်ကာ ပဲငံပြာရည်၊နှမ်းထောင်း၊ ပဲပုတ်မှုန့်နဲ့ အရွက်အားလုံးကိုထည့် ပါတယ်။

ကြက်စွပ်ပြုတ်ရည်ထဲကို အသားဟင်းအနှစ်ထည့်ပွက်လိုက်ပြီး (ဘဲသွေးကြိုက်တယ်ဆိုရင်လည်း ဘဲသွေးတုံးလေးတွေကိုပါ ထည့်ပွက် နိုင်ပါတယ်။) အသင့်ပြင်ထားတဲ့ ခေါက်ဆွဲပန်းကန်မှာ ထည့်စားနိုင်ပြီဖြစ်ပါတယ်။

* ခေါက်ဆွဲလေးတွေကို ထုံးစံအတိုင်း ၀က်ခေါက်ပွကြော်၊ ရှမ်းချဉ် ၊ ဆော့စ်ချိုချဉ်စတာတွေကို ရံပြီးစားသောက်နိုင်ပါကြောင်း ပြောပြ ချင်ပါသေးတယ်။

No comments: