ဆင်ဖြူတော်အကြောင်းသိကောင်းစရာ (ဗဟုသုတ)
🐘🐘🐘🐘🐘🐘🐘🐘🐘
မြစ်သားနယ်က ဆင်ဖြူတော်များ
သက္ကရာဇ် (၇၀၄) ခုနှစ်တွင် ပင်းယမင်းဖြစ်တော်မူသော ကျော်စွာမင်းကို
ငါးစီးရှင်ကျော်စွာမင်းဟူ၍ သမိုင်းတွင်ရစ်ပါသည်။
ငါးစီးရှင်ဟု သမိုင်းတွင်ရသည့် အကြောင်းအရင်းမှာ
ဆင်ဖြူ(၅)စီး ပိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။
ရရှိခဲ့သော ဆင်ဖြူတော် ငါးစီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စဉ်၊ တွေ့ရှိရာအရပ်၊ ဆင်အမျိုးအစား ၊ ဆင်ဖြူအမည်
၁။ လိူင်းတက်
ဟိုင်းဆင်
ပုလဲတမူ
(ယခု သာစည်မြို့အရှေ့ဘက်)
၂။ မုန်တောမြောင်းကျပ် တည်ဆင်
မဟာကေသရ
(မြစ်သားမြို့နယ်)
၃။ ပြက်တောင်ခြေရင်း စွယ်စုံဆင်
သန်မြန်စွာ
(မြစ်သားမြို့နယ် ပြက္ခရွှေအနောက်ဘက်)
၄။ စမုန်မြစ်ဖျား
ဟိုင်းဆင်
ဥပေါသထ
၅။ သဖန်းကိုင်းရွာမြောက်ဘက်
လက်ယာတည်ဆင်
ချစ်စွမရဲ
(လွန်တဲ ညွန်ကျုံး ၀မ်းတွင်းမြို့နယ်)
(မှန်နန်းရာဇ၀င် ဆဋ္ဌမတွဲ စာ-၃၇၈)
ဆင်အမျိုးအစားရှင်းလင်းချက်
(၁)စွယ်စုံဆင်-full grown elephant with a pair of fully developed
symmetrical tusks
(အချိုးအစား ညီမျှကြီးထွားသော အစွယ်တစ်စုံပါသည့် အရွယ်ရောက်ပြီးဆင်)
(၂)ဟိုင်းဆင်-tuskless elephant
(အစွယ်မပါသောဆင်)သစ်ခေါက်ခွာ၍ ထိုးစားနိုင်ရန် သေးငယ်သောဆင်စွယ်တစ်စုံ ပါရှိသည်။
(၃)တည်ဆင်-elephant With a long single tusk
(ဆင်စွယ်တစ်ချောင်းတည်းသာပါသော ဆင်)
ချစ်စွမရဲဆင်ဖြူတော်မှာ လက်ယာတည်ဆင်ဖြစ်ရာ
လက်ယာဘက် ဆင်စွယ်တစ်ချောင်းသာ ပါသည်ကို ဆိုလိုပါသည်။
ဆင်ဖြူတော်အကြောင်း(ဗဟုသုတ)
🐘🐘🐘🐘🐘🐘🐘🐘🐘
ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။
အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေး ဆူးမတြား၊ ယိုးဒယား
စသော အာရှတိုက်သားတို့သည်
ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။
ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့်
ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။
ဆင်ကြန်ကျမ်းများတွင်
ဆင်ဇာတ်အမျိုးမျိုး၊
ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊
အကျိုးအပြစ် အမျိုးမျိုး၊
အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြ၏။
ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ
🐘🐘🐘🐘🐘🐘🐘🐘🐘
ပိဋကတ်တော် အဖွင့်များဖြစ်သော
ဝိဘင်း အဋ္ဌကထာ၊
မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌
(၁) ကာဠာဝကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) မိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင် ဟူသော
ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။
တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊
နဒီစရ (မြစ်နေဆင်)၊
ဝနစရ (တောနေဆင်)၊ စသည်ဖြင့်
အမျိုးများစွာ ရှိပြန်သေးသည်ဟု
သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။
ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ
(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် ဟူသော
ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင်
ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။
အရပ် (၇)တောင်ရှိသည်။
အလျား (၉)တောင် ရှိသည်။
လုံးပတ် ၃၀-တောင်ရှိသည်။
တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။
အခြားတနည်းမှာ
(၁) မဟာကဏ္ဏဆင်
(၂) ဝီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်- ဟူသော
ဗေဒင်ကျမ်းထွက် ဆင် ၈-စီး ပြဆိုထားသည်။
ထိုအထဲတွင်
သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။
ဆင်ဖြူ ၁၂-မျိုး
ရိုးရာအစဉ်အလာအရ
ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။
ယင်းတို့မှာ-
၁။ ရတနာသရဖူ ဆင်ဖြူတော်
(ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)
၂။ ရတနာပလ္လင် ဆင်ဖြူတော်
(ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)
၃။ ရတနာက တင် ဆင်ဖြူတော်
(ဆင်ကတင်သည့် နေရာတွင် ဖြူသည်)
၄။ ရတနာ ကျည်း ဆင်ဖြူတော်
(ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)
၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော်
(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)
၆။ ရတနာပြာသာဒ် ဆင်ဖြူတော်
( ကုန်းဖြူသည်)
၇။ ရတနာသိမ်း ၁-ဆင်ဖြူတော်
(သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)
၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)
၉။ ရတနာဆုပ်ဆင်ဖြူတော် (နှာရုံ နှာဖျားလှထွားဖြူသည်)
၁၀။ ရတနာကြန့် ဆင်ဖြူတော်
(ဝမ်းတွင်းကျော်တလျှောက် ဖြူသည်)
၁၁။ ရတနာယပ် ဆင်ဖြူတော်
(နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)
၁၂။ ရတနာ ကြန်စုံဆင်ဖြူတော်
(တကိုယ်လုံးဖြူသော ဆင်ဖြူတော်)
ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင်
ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင်
ဆင်ဖြူတော်အစစ် ဖြစ်သည်။
ကျန် ၁၁-မျိုးမှာ
သာမည အဖြူရောင်ပါရှိ၏။
ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။
တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ
အမျိုးနိမ့်မြင့် ကွဲပြားလေသည်။
ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။
ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ…
၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။
၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ဝရသေတဂိရိ ဆင်တော်မော်ကွန်း။
၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။
၄။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။
၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့
ဖြစ်ကြ၏။
ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။
ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်- ဟူ၍ လည်းကောင်း၊
လေးစီးရလျှင် လေးစီးရှင်-ဟူ၍ လည်းကောင်း၊
ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍ လည်းကောင်း၊
အများရလျှင် ဆင်များရှင်-ဟူ၍ လည်းကောင်း
ဆင်ဖြူဆင်နီများရှင်-ဟူ၍ လည်းကောင်း
အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။
ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည်
တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။
ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇဝင်တွင် အထင်အရှား ဆိုထား၏။
ဆင်ဖြူရသော မင်းများကိုလည်း
ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။
ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား
ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။
ဟံသာဝတီ မင်းတရားကြီးသည်
ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။
ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက်
တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည်ဟု ရာဇဝင်များတွင် ပြဆိုထား၏။
အမြင့်မြတ် အကြီးကျယ်ဆုံး
မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို
ထူးဆင်၊
ထူးဆင်မတော်၊
စီးစုဆင်မတော်၊
စီးတော်ကြီး၊
ရွေးဆင်၊
ဝင်းဆင်၊
ထမ်းဆင်တော်၊
ဝန်ရည်ဆင်တော်၊
မှိန်သစ်ဆင်တော်၊
ကျင်းဆင်၊
ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။
ထိုအထဲတွင်
ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။
မြန်မာမင်းများလက်ထက်တော်အခါက
ဆင်ဝန်၊
အောက်မားဝန်၊
ဆင်မှူး၊
ဆင်စာချီ၊
ဆင်ကဲ၊
ဆင်တိုင်အမှုထမ်း၊
ရွေလွန်အမှုထမ်း၊
ကျုံးမှူး၊
ယရည်း၊
ဆင်အစီရင်၊
ဆင်ဆေးသမား၊
ဆင်ဆော်၊
ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။
ဆင်ဝန်ဖြစ်ထိုက်သူတွင်.
(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။
(၂) သင့်တော်သော အစားကို သိခြင်း။
(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။
(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။
(၅) ဇာတ်အင်္ဂါ လက္ခဏာတို့ကို သိတတ်ခြင်း
စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။
ထို့ပြင်လည်း
ဆဒ္ဒန်ဆင်မင်းဝန် ဟူ၍ လည်းကောင်း၊
ဆင်မင်း၀န်ထောက် ဟူ၍ လည်းကောင်း၊
ဆင်မင်း နာခံ၊
ဆင်မင်းစာရေးကြီး၊
ဆင်မင်းနောက်ထိုင်၊
ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင်
မောရိယ ပစ္စယနာဂရာဇာ ဆင်မင်းအတွက်
ဆင်မင်းဝန်အပြင်
လခ-၁၂၀-စား၊
ဆင်မင်းနာခံ လေးဦး လခ ၁၂၀-စား၊
စာရေးကြီး လေးဦး၊
လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။
ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား
အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊
ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊
ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊
ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇဝင်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တဝင့် ပါရှိ၏။
ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင်
အလွန်ထင်ရှား ကျော်စောသော
နိဗ္ဗနပစ္စယနနာဂရာဇာ ဆင်မင်းအကြောင်းနှင့်
ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ အကြောင်းများကို
ရာဇဝင် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင်
အကျယ်တဝင့် ရေးသားဖော်ပြထား၏။
အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။
ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။
ကမ္ဘာပေါ်ရှိ တောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။
အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။
ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင်
ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။
ဆင်နှင့်ပတ်သက်၍
ဗေဒင်လာ ဆင် ၃၈၊
ဟေမဝန်နေ ဆင် ၄၄၊
ကျွမ်းဆင် ၈၁-မှစ၍
ဆင်အမျိုးအစားပေါင်း များစွာရှိသည်။
ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။
ကျမ်းကိုး
(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)
(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။
(၃) ဝဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင်
အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။
No comments:
Post a Comment