Sunday, May 27, 2012

သတင်း...သတင်း

နေအိမ်အတွင်း HIV စမ်းသပ်မှုကို FDA ခွင့်ပြုမည်
အမေရိကန် ပြည်ထောင်စုရှိ ဆေးဝါးနှင့် အစားအသောက် အဖွဲ့အစည်း ဖြစ်သည့်  FDA အနေဖြင့် နေအိမ် အတွင်းတွင် မိမိဖာသာ  HIV စစ်ဆေးနိုင်မည့် စနစ်သစ် တစ်ခုကို အတည်ပြုပေးသင့်ကြောင်း ကျွမ်းကျင် သူ ၁၇ ဦး ပါဝင်သည့် အဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ကမကထပြုသူ အဖွဲ့ တစ်ခုမှ ပြောကြားလိုက်သည်။ ယခုလို စမ်းသပ်ခွင့်ကို ပေးနိုင်စေရန် အတွက် တညီတညွတ်တည်း သဘော တူညီခဲ့ကြကာ အဆိုပါ စမ်းသပ်သည့် ကိရိယာမှာ ပါးစပ် အတွင်းသို့ ထည့်သွင်းကာ သွေး နမူနာ ရယူပြီး မိနစ် ၂၀ အတွင်း အဖြေ ထုတ်ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုလို စမ်းသပ်ခွင့် ပေးခြင်းဖြင့် နှစ်စဉ် ဖြစ်ပွားနေသည့် HIV ကူးစက်မှုများနှင့် ပတ်သက်ပြီး အသစ်အသစ်သော ဖြစ်ရပ်များကို သိသာစွာ ဖော် ထုတ်နိုင်မည် ဖြစ်သည်ဟု အဆိုပါ အဖွဲ့ထဲမှ ကမကထ ပြုသူ တစ်ဦးဖြစ်သည့် Blaine Hollinger ဆိုသူမှ ပြောကြားခဲ့သည်။ အချို့သော ဝေဖန်သူများ၏ အပြောအရမူ ယင်းစမ်းသပ်မှု အတွက် သေချာစွာ အဖြေထုတ်နိုင် ၊ မထုတ်နိုင် ဆိုသည်ကိုမူ မေးခွန်း ထုတ်စရာများ ဖြစ်နေကြောင်း ပြောသည်။

သို့ရာတွင် အန္တရာယ် မဖြစ်စေဘဲ စမ်းသပ်နိုင်သည့် ကောင်းကျိုးကို ပေး စွမ်းနိုင်ကြောင်း ယင်းအဆိုကို လိုလားသူ အဖွဲ့မှ ပြောသည်။ ရောဂါဗေဒ ထိန်းချုပ်ရေး ဗဟိုအဖွဲ့၏ အပြောအရ အမေရိကန် နိုင်ငံတွင် လူတစ်သန်းကျော်မှာ HIV ရောဂါ ကူးစက်ခံနေရကြောင်းနှင့် ယင်းအထဲမှ ငါးပုံတစ်ပုံမှာ မိမိတို့ အနေဖြင့် HIV ရောဂါ ရှိထားသည်ကို သိရှိကြခြင်း မရှိကြောင်း ပြောကြား သွားခဲ့သည်။

MRTV-4 - နေအိမ်အတွင်း HIV စမ်းသပ်မှုကို FDA ခွင့်ပြုမည်

HIV/AIDS ကြောင့် ခွဲခြားနှိမ့်ချမှုများ ကင်းစင်ရေး

 အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ရောဂါကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြုစုစောင့် ရှောက်ခြင်းလုပ်ငန်းများတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ဆောင် ရွက်သွားမည့် အစီအစဉ်ကို ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်က ဦးစီး၍ မေလ ၁၄ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဟု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာ ဗျူဟာစီမံကိန်း (၂၀၁၁-၁၅)၏ လမ်းညွန်မှုအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ကာကွယ် ကုသရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ ပိုမိုပါဝင်လာစေရန်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အိပ်ခ်ျအိုင်ဗီမူဝါဒများ ရေးဆွဲချမှတ်လာစေရန် စနစ်တကျ အားပေး ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကုလသမဂ္ဂ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ပူးတွဲအစီအစဉ်နှင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (MBCA) တို့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း၏ တွဲဖက် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမျိုးသားရေး စီမံကိန်းကို စီးပွားရေးကဏ္ဍကလည်း ပါဝင်ဆောင်ရွက်တာပါ။ အဓိက ကတော့ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ဝေဒနာ ရှင်တွေကို အလုပ်ခွင်မှာနှိမ့်ချ ဆက်ဆံ ခံရမှုတွေမရှိစေဖို့ ရည်ရွယ်ပါတယ်။ စီးပွားရေးအလုပ်ကိုလုပ်တဲ့ အခါ လူမှု ရေးစောင့်ရှောက်မှုတွေလည်း ပါဝင်လာ တဲ့သဘောလည်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

“၀န်ထမ်းတွေကို ဒီလို စောင့်ရှောက် ခြင်းအားဖြင့် ကိုယ့်အလုပ်ဝန်းကျင် တစ်ခုချင်းစီကနေ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံးကို အကျိုး ပြုနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များသည် ခွဲခြား နှိမ့်ချမှုကင်းစင်သည့် လုပ်ငန်းခွင်ဖြစ် လာစေရန်၊ ခွဲခြားမှုကင်းစင်သည့် လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒများပေါ်ထွန်း လာရန်၊ ၀န်ထမ်းများအား အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်နှင့်သက်ဆိုင်သည့် သတင်း အချက်အလက်၊ ဗဟုသုတ များ ဖြန့်ဝေပေးရန်၊ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသခြင်းနှင့်ပြုစုစောင့် ရှောက်ခြင်းများပေးနိုင်ရန်နှင့် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကတိပြု လက် မှတ်ရေးထိုး ပါဝင်နိုင်မည်ဖြစ်သည်။

အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းများတွင် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့မှ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်နှင့် ပတ်သက်၍ ပုံမှန်ပညာပေးရေး အစီအစဉ်များ၊ ရောဂါပိုးရှိသူများ အပေါ် ခွဲခြားနှိမ့်ချမှုများ ပပျောက်စေရေး၊ ရောဂါပိုး ရှိသူများ အနေနှင့်လည်း မိမိကြောင့် ပတ်ဝန်းကျင် မထိခိုက်စေရန် ပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ ဒေါက်တာ ခင်အေးအေးက “အိပ်ခ်ျအိုင်ဗီ ဖြစ်နေတဲ့ ၀န်ထမ်းကို ကူးမှာကြောက်လို့ လုပ်ငန်းခွင်ကနေ ထုတ်ပယ်တယ် ဆိုတာတွေ က ခေတ်မမီတော့ ပါဘူး။ သူတို့လည်း လုပ်ရည်ကိုင်ရည် ရှိနေသေးတယ်ဆိုရင် လက်ခံနိုင်ရမယ်။ တခြား ၀န်ထမ်းတွေကိုလည်း အသိ ပညာတွေ ပေးသင့် ပါတယ်” ဟု ပြော ကြားသည်။

၂၀၁၀ ပြည့်နှစ်အတွင်းက တိုင်းဒေသ ကြီးနှင့် ပြည်နယ်စုံရှိ အိပ်ခ်ျအိုင်ဗီပိုးရှိသူ အမျိုးသား ၁၆၆ ဦးနှင့် အမျိုးသမီး ၁၅၈ ဦးတို့ကို မေးမြန်းကောက်ယူခဲ့သော စစ်တမ်းအရ ဖြေဆိုသူများ၏ ၄၁ ရာခိုင် နှုန်းမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိခြင်းကြောင့် အလုပ်အကိုင်ဆုံးရှုံး ခဲ့ကြရရာ ၂၄ ရာခိုင် နှုန်းမှာ လုပ်ဖော်ကိုင်ဖက်တို့၏ ခွဲခြား ဆက်ဆံခြင်းကြောင့်ဖြစ်ပြီး ကျန်အရေအတွက်မှာ ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ချို့တဲ့မှုကြောင့် မိမိဘာသာ အလုပ် ထွက်သင့်သည်ဟု ထင်သောကြောင့် အလုပ် ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း များအရ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ တွင် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ ၂၀၀,၀၀၀ ကျော်ရှိပြီး ကူးစက်ခံရသူ အများစုမှာ အသက် ၁၅ နှစ်မှ ၄၉ နှစ် အတွင်း အလုပ်လုပ်နိုင်သော အသက် အရွယ်များဖြစ်သည်။

ယမုံဖူးသစ် – အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ – ၃၁ ၊ ၅ ၊ ၂၀၁၂)

မြန်မာတိုင်းမ်HIV/AIDS ကြောင့် ခွဲခြားနှိမ့်ချမှုများ ကင်းစင်ရေး

No comments: