Monday, May 21, 2012

ကြက်သားဆူးပုပ်၊ ငှက်ပျောဖူးသုပ် နှင့် ဖရုံညွန့်ဟင်းချို


ဆရာမ လမင်းမိုမိုက ဟင်းအတွဲအစပ်လေးတွေတွဲစပ်ပြင်ဆင်တာ ချက်ပြုတ်တာက ဆန်းပါတယ်။ ပြီးတော့ အရသာကောင်းအောင် လည်းချက်တတ်ပုံပါ။ ဆရာမအနေနဲ့ ဟင်းချက်နည်းစာအုပ်တွေထုတ်သင့်ပါတယ်လို့ ကျွန်တော်တော့ အကြံပေးလိုပါရဲ့။

အခု ကြက်သားကိုဆူးပုပ်ရွက်နဲ့နှပ်တယ်၊ ဟင်းရန်အဖြစ် ငှက်ပျောဖူးသုပ်လေးနဲ့ အရည်သောက်ကိုတော့ ဖရုံညွန့်ဟင်းချိုလေးချက်ပြ ထားပါတယ်။

ကြက်သားနဲ့ဆူးပုပ်နှပ်
လိုအပ်သောပစ္စည်းများ
ကြက်နုနုပေါင် နှစ်ခြမ်း၊ ဆူးပုပ်ရွက်နုနု အညွန့်လက်တစ်ဆုပ်ခန့်၊ ဆီ ခုနှစ်ကျပ်သားခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ငရုတ်သီးအနီတောင့် ခြောက်တောင့်၊ နာနတ်ပွင့်ခြောက် တစ်ပွင့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ခရုဆီ စားပွဲဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်အပျစ် စားပွဲဇွန်း တစ်ဖွန်း၊ ဆား၊နနွင်းမှုန့်နှင့် ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၂၀မိနစ်
- ကြက်သားများကို ခပ်ကြီးကြီးတုံးပြီး နူးသွားအောင် ဘူးအလုံပိတ်နဲ့ ၁၀မိနစ်၊ ၁၅မိနစ်လောက် ရေခန်းအောင်ပြုတ်ပေးရင်ရပါတယ်။
- အသားအနည်းငယ် ကျက်သွားတဲ့အခါ ဆား၊နနွင်းမှုန့်၊ဟင်းချိုမှုန့်၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ နာနတ်ပွင့်ကို ညက်ညက်ထောင်းထားတဲ့ အမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ သေသေချာချာစိမ့်ဝင်အောင် နယ်ပေးပါ။
- ဆီကို အပူပေးပါ။ ဆီဆူလာရင် နယ်ထားတဲ့ကြက်သားကိုထည့်ပါ။ ခြောက်လာတဲ့အထိ ချက်ပါ။
- ကြက်သွန်နီကို အဖတ်လေးတွေခွာပြီး ထည့်ပါ။ ငရုတ်သီးအနီတောင့်များထည့်ပါ။ ရေလေးအနည်းငယ်ထည့်ပြီး ရေခန်းအောင်ပြန်ချက်ပါ။
- အနှစ်ကလေးရပြီဆိုရင် ရေစင်စင်ဆေးထားတဲ့ ဆူးပုပ်ရွက်အညွန့်လေးတွေကို ထည့်လိုက်ပါ။
- အနည်းငယ်မွှေပြီး ဆူးပုပ်ရွက်လေးနွမ်းရင် ချလို့ရပါပြီ။ အရသာတစ်မျိုး ထူးကဲတဲ့ ဟင်းလျာတစ်ခွက်ဖြစ်ပါတယ်။

ငှက်ပျောဖူးသုပ်
လိုအပ်သောပစ္စည်းများ
ငှက်ပျောဖူးသေးသေးနုနု တစ်ဖူး၊ ကြက်သွန်နီဥ လေးဥ၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း နှစ်ဇွန်း၊ သံပရာသီး တစ်ခြမ်း၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဟင်းချိုမှုန့်အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ငှက်ပျောဖူးနူးလောက်သည်အထိ ပြုတ်ရန်
- ငှက်ပျောဖူးနုနုလေးကို အပေါ်ခွံအကြမ်းတွေ သုံး၊လေး၊ငါးဖတ်ခွာပစ်လိုက်ပါ။ အတွင်းက အသားနုနုပဲကျန်တဲ့အခါ ရေစင်စင်ဆေးပြီး ဆားအနည်းငယ်မျှနဲ့ပြုတ်ပါ။
- နူးညံ့ပျော့ပျောင်းသွားတဲ့အထိ ကြာကြာပြုတ်ပါ။ သေချာနူးပြီဆိုရင် ရေဆေး၊ ရေညှစ်ပြီး ပါးပါးရိတ်ရိတ်လေးတွေ လှီးပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး တစ်ဝက်ကိုဆီချက်ချက်ပါ။
- ကျန်တဲ့ကြက်သွန်နီတစ်ဝက်၊ ငှက်ပျောဖူး လှီးပြီးသား၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ဟင်းချိုမှုန့် အားလုံးရောပြီး သုပ်ပါ။ ငှက်ပျောဖူးသုပ်ဆိမ့်ဆိမ့်လေးပါ။

ဖရုံညွန့်ဟင်းချို
လိုအပ်သောပစ္စည်းများ
ဖရုံညွန့် တစ်စည်း၊ ကြက်သွန်ဖြူ နှစ်မြွှာ၊ ကြက်သွန်နီ တစ်ဥ၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း တစ်ဇွန်း၊ ဆား၊ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၁၀မိနစ်
- ဖရုံညွန့်ကို အမျှင်သင်ပြီး ခြွေပါ။ ရေစင်စင်ဆေးပါ။ ဟင်းချိုအိုးအတွက် ရေနွေးတည်ပါ။ ကြက်သွန်ဖြူကို ထုထည့်၊ ကြက်သွန်နီ ပါးပါး လှီးထည့်။ ပုစွန်ခြောက်မှုန့်ထည့်ပြီး ရေဆူပွက်လာအောင်တည်ပါ။
- ရေဆူရင် ဖရုံညွန့်လေးတွေခတ်၊ ဆား ဟင်းချိုမှုန့် ထည့်၊ အရသာမြည်းပြီး အိုးချနိုင်ပါပြီ။ အင်မတန်လွယ်ကူမြန်ဆန်သော ဖရုံ ညွန့်ဟင်းချိုလေးကို ပူပူလေးသုံးဆောင်ပါ ခင်ဗျာ့။

Credit: The Chic Magazine, No.19, May 2012

No comments: