Thursday, May 17, 2012

အံကပ်တပ်ဆင်ခြင်းနှင့် အဆင်ပြေပြေ အသုံးပြုနိုင်ရေး


သွားမရှိတဲ့ သွားဖုံးနဲ့ အစားအစာကိုဝါးတာထက်စာရင်တော့ အံကပ် (Denture) နဲ့ဝါးတာက ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။
သွားမရှိဘဲနေခြင်းက အပြင်ပန်းကကြည့်ပြန်ရင်လည်း ပါးကိုခွက်စေပြီး လူကိုအိုစာစေပါတယ်။
ရယ်လိုက်တဲ့အခါမှာဖြစ်စေ၊ စကားပြောဆိုရာမှာဖြစ်စေ သွားတစ်ချောင်း၊ နှစ်ချောင်း သို့မဟုတ် သွားအများအပြားမရှိခြင်းကလည်း အရုပ်ဆိုးလှပါတယ်။

ရှေ့သွားတွေမရှိပြန်ရင်လည်း စကားပြောဆိုရာမှာ ပါးစပ်ကလေထွက်ပြီး မပီမသဖြစ်စေပါတယ်။
အံကပ်တပ်ဆင်ခြင်းရဲ့အဓိကအချက်ကတော့ အစာအစားရတာအဆင်ပြေဖို့၊ အလှအပအတွက်နဲ့ စကားပြောရတာ အဆင်ပြေ အောင်ပဲဖြစ်ပါတယ်။

ဒါပေမယ့် အံကပ်ကိုတပ်ပြီးတာနဲ့ ဒီလိုအခြေအနေတွေ ချက်ချင်းရောက်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
ခန္ဓာကိုယ်ရဲ့ သဘာဝကတော့ ပြင်ပ၀တ္ထု (Foreign Body) ကိုအမြဲတွန်းလှန်လေ့ရှိပါတယ်။
ဒီသဘောကြောင့် ပါးစပ်ထဲကို အံကပ်ထည့်လိုက်တယ်ဆိုတာနဲ့ အံကပ်ကို ပြင်ပမှ ဒြပ်ထုအဖြစ်ဖြင့် တွန်းလှန်ပစ်ချင်တယ်။
ထို့ကြောင့် အံကပ်တပ်ခါစတွင် တံတွေးများပိုထွက်ခြင်း၊ ပါးစောင်မှကြွက်သားများက အံကပ်ကို လျှောကျစေခြင်း၊ လျှာမှ အံကပ်ကိုတွန်း ထုတ်ခြင်းတို့ အနည်းနှင့်အများ ဖြစ်စေပါတယ်။

စိတ်ဓာတ်မကျဘဲ အံကပ်ကိုသာ ပုံမှန်တပ်ဆင်ထားသင့်ပါတယ်။

ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အားလုံးပုံမှန်ပြန်ဖြစ်သွားမှာဖြစ်တဲ့အတွက် အံကပ်ဖြင့် အဆင်ပြေပြေနေနိုင်မှာ ဖြစ်ပါတယ်။

အံကပ်ပထမဆုံး တပ်ဆင်တဲ့နေ့မှာ ဘာတွေအရေးကြီးသလဲ
- အံကပ်ကို တပ်ဆင်ထားရုံသာဖြစ်ပြီး အံကပ်နှင့် အစာစားခြင်း၊ ၀ါးခြင်းကိုရှောင်ရပါမယ်။

- တပ်ကာစမှာ စကားပြောရခက်မယ်၊ အနည်းငယ်နာမယ်၊ နေရခက်မယ်၊ အခန့်မသင့်ရင် အံကပ်ကျွတ်ထွက်သွားနိုင်ပါတယ်။

- အသံကျယ်ကျယ် စကားပြောခြင်းဖြင့် လေ့ကျင့်ပါ။

- အံကပ်တပ်ထားပြီး အလွန်နာကျင်ပါက အံကပ်ကိုချွတ်ထားနိုင်ပါတယ်။ အနည်းငယ်သာနာတယ်ဆိုရင်တော့ အံကပ်ကို ချွတ်ထားဖို့ မလိုပါဘူး။

- ဘယ်လိုအခြေအနေဖြစ်ဖြစ် သွားဆရာဝန်ထံမသွားမီ ၃နာရီလောက်မှာ အံကပ်ကြိုတင်တပ်ဆင်ထားပါ။ ဒါမှသာ နာသောနေရာကို သွားဆရာဝန်ကသိပြီးလိုသလို ပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။

- အံကပ်စတင်တပ်ကာစ ၇ရက်အတွင်း တစ်နေ့လုံး၊ တစ်ညလုံးအမြဲတပ်ဆင်ထားရပါမယ်။ ညအိပ်လည်း တပ်ရပါမယ်။

နောက်ပိုင်း ဘာတွေလိုက်နာမလဲ
- အံကပ်တပ်ခြင်းဟာ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့နဲ့ပုံစံတူပါတယ်။ ဇွဲရှိရှိနဲ့ ကြိုးစားတပ်ဆင်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ အကျင့်ဖြစ် သွားပြီးအဆင်ပြေသွားပါလိမ့်မယ်။

- ဒုတိယနေ့မှာ အစာစစားရပါမယ်။ အံကပ်နဲ့ ၀ါးနေတုန်းနာတယ်ဆိုရင်လည်း အံကပ်ကိုခေတ္တဖြုတ်ပြီး နာနေတဲ့သွားဖုံးနေရာကို လက် နဲ့ဖွဖွလေးနှိပ်နယ်ပေးရပါမယ်။ ပြီးနောက် သွားဖုံးကို ခဏအနားပေးကာ အံကပ်ကိုပြန်လည်တပ်ဆင်ပြီး ပြန်ဝါးရပါမယ်။ဤနည်းနဲ့ အံကပ်နှင့် အစာကိုဝါးနေရန် လိုအပ်ပါတယ်။ ဒါမှသာ သွားဆရာဝန်ထံ ပြန်လည်ပြသရာတွင် အံကပ်ကိုပြုပြင်ရန် ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။

- အံကပ်နှင့်ဝါးတဲ့အခါမှာ ဘယ်ဘက်ရော၊ ညဘက်ပါ ၀ါးရန်လိုအပ်ပါတယ်။ ၀ါးတဲ့အခါမှာ ရှေ့သွားများနဲ့ မ၀ါးမိစေဖို့ သတိပြုရမယ်။ အံကပ်နောက်ပိုင်း လွတ်ထွက်သွားနိုင်လို့ဖြစ်ပါတယ်။ နှစ်ဖက်ဟန်ချက်ညီညီဝါးမှသာ အံကပ်မှာ ပါးစပ်ထဲမှာ အဆင်ပြေပြေနှင့် ရှိနေ နိုင်မှာဖြစ်ပါတယ်။

- ပျော့သော၊ ကြွပ်ရွသောအစာကို စ၀ါးနိုင်ပါတယ်။ (ဥပမာ - အသားနူးနေသောဟင်း၊ ငါးဟင်း၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ ပေါင်မုန့်၊ ငှက်ပျောသီး)

- အစာစားတိုင်း အမြဲအံကပ်ဖြင့်သာစားရန်၊ နာခြင်း၊ အဆင်မပြေခြင်းတွေဖြစ်ပါက သွားဆရာဝန်ထံ ထပ်မံသွားရောက် ပြသဖို့ ပဲဖြစ်ပါတယ်။

- အံကပ်ကို တပ်ဆင်အသုံးပြုပြီး အဆင်ပြေသွားလျှင် နောက်ပိုင်း တစ်နေ့ ၈နာရီသာ အသုံးပြုရပါမယ်။
- အံကပ်ကို နေ့စဉ် ညဘက်ဖြုတ်သိမ်းရာမှာ ဆေးကြောပြီး၊ ရိုးရိုးရေနဲ့စိမ်ပြီး အဖုံးဖုံးထားပါ။ ရေနွေး၊ ရေခဲရေနှင့် မစိမ်သင့်၊ မဆေးသင့်။ အံကပ်လိမ်သွား၊ ကျုံ့သွားနိုင်သောကြောင့် ဖြစ်ပါတယ်။

ဒေါက်တာ မိုးဝေ
Credit: Health Digest Journal – Vol. (9), No. 26 (16-5-2012)

No comments: