Globalization ဆိုပြီး ဒီဘက်ခေတ်မှာ ကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။ တစ်နေရာရာမှာ တစ်ခုခု ဖြစ်လိုက်တိုင်း ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေ ရှိလာတယ်။ သက်ရောက်မှုတွေ ဖြစ်လာတယ်။ ဒီအခါ စဉ်းစားမှုတွေဟာလည်း တစ်နိုင်ငံတည်း၊ တစ်ဖွဲ့တည်းအတွက်ပဲ စဉ်းစားနေလို့ မရတော့ဘူး။ ကမ္ဘာလုံးချီ စဉ်းစားလာရတယ်။
လတ်တလော ဘောလုံးလောကမှာ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာ ဘာလဲဆိုရင် တရုတ်ဘောလုံးအသင်းတွေက နာမည်ကျော် ကစားသမားတွေကို ကြေးကြီးပေးခေါ်ယူမှုတွေပဲ။ တရုတ်သမ္မတ ရှီကျင်ပင်းတက်လာပြီးနောက်ပိုင်း ဘောလုံးကို စီးပွားရေးတစ်ရပ်လို ရှုမြင်လာခဲ့တယ်။ ဘောလုံးအသင်းတွေကို အစိုးရက ကျောထောက်နောက်ခံ လုပ်ပေးထားတယ်။ ငွေကြေးရင်းနှီးမှုတွေ တက်လာတယ်။ တစ်ဖက်မှာကလည်း လူဦးရေများတဲ့ တိုင်းပြည်မို့ ကျွန်တော်တို့ဆီကလို ကွင်းထဲပရိသတ်မ၀င်မှာ စိတ်ပူနေစရာမလိုဘူး။ ဒီတော့ တရုတ်ဘောလုံးအသင်းတွေရဲ့ ငွေသုံးနိုင်အားက ကြောက်ခမန်း လိလိများလာတယ်။
အရင်ကလည်း ဘောလုံးသမားတွေဟာ အသက်အရွယ်ရလာပြီဆိုရင် အာရပ်နိုင်ငံတွေ၊ အမေရိကန်က လိဂ်ဘောလုံးအသင်းတွေမှာ လစာကောင်းကောင်းယူပြီး သွားကစားလေ့ ရှိခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ တရုတ်ဘောလုံးအသင်းတွေနဲ့ မတူတာက သူတို့က ငယ်ရွယ်တဲ့ ကစားသမားတွေ၊ အကောင်းဆုံး အသက်အရွယ်မှာ ရှိနေသေးတဲ့ ကစားသမားတွေကို ခေါ်နိုင်လာတာပဲ။ အဲဒီမှာတင် ငြင်းခုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာတယ်။ လူငယ်တွေ အနေနဲ့ အဲဒီလို တရုတ်ကလပ်အသင်းတွေမှာ သွားကစားတာ ကိုယ့်တက်လမ်း ကိုယ်ပိတ်တာပဲ၊ ငွေမက်တာပဲစသဖြင့် ဝေဖန်ကြတယ်။ ဘာလို့ဆိုတော့ တရုတ်ကလပ်တွေမှာ ကစားနေရင် ကြီးကြီးမားမား ဖလားအောင်မြင်မှု၊ တစ်ဦးချင်း အောင်မြင်မှုတွေ ရဖို့ခက်တယ်။ လက်ရွေးစင် အသင်းမှာတောင် ရွေးချယ်ခံရဖို့ မလွယ်တော့ဘူးကိုး။ ဒီလိုအမြင်တွေကို တစ်ဖက်က ပြန်ချေပတာတွေလည်း ရှိတာပေါ့။ ထားပါ၊ ဒါကို အခြေခံပြီး ကျွန်တော်တို့ လူငယ်တွေရဲ့ အလုပ်အကိုင် ရွေးချယ်မှုကို ဆက်စပ် စဉ်းစားနေမိတယ်။
လူတစ်ယောက် အလုပ်တစ်ခုကို ရွေးတော့မယ်ဆိုရင် ဘာအချက်တွေကို ထည့်စဉ်းစားတတ်ကြသလဲ။ ပြောလက်စ ဥပမာနဲ့မို့ ဘောလုံးသမားတစ်ယောက် အနေနဲ့ပဲ စဉ်းစားကြည့်ရအောင်။
ပထမတစ်ချက်က ငွေကြေး (လစာ)
ဘာလို့ ထိပ်ဆုံးကနေ ပြောရသလဲဆိုတော့ ဘယ်သူမဆို လစာတော့ လိုချင်ကြတာချည်းပဲ။ အသက်မွေးဝမ်းကျောင်းလို့ ပြောထားတဲ့အတွက် အသက်မွေးနိုင်ဖို့ လစာရမှဖြစ်မယ်။ ဒါမှ ဒီတစ်ခုတည်း သေသေချာချာ အာရုံစိုက်နိုင်မယ်။ အလုပ်မှာပျော်မယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာမျိုး တောင်းဆိုခွင့်ရှိတယ်၊ တောင်းလည်း တောင်းဆိုရဲရမယ်။
ဒုတိယတစ်ချက်က အသင်းလိုက်အောင်မြင်မှု
ငါ ဒီအသင်းကိုပြောင်းရင် အောင်မြင်နိုင်သလား။ ဆိုလိုတာက လူဟာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်နေလို့မရဘူး။ အသင်းအဖွဲ့အလိုက် အလုပ်လုပ်ရတယ်။ ဒီအခါမှာ ကိုယ်နဲ့ တွဲဖက်တဲ့သူတွေက အရည်အချင်း ရှိတယ်ဆိုရင် ဒီအသင်းကို ပြောင်းဖို့အတွက် ကိုယ်စဉ်းစားမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ သူတို့တွေဟာ ကိုယ့်အပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေမှာမျိုးဆိုရင်တော့ လစာကောင်းနေဦးတော့ ပြောင်းဖို့ တွန့်ဆုတ်နေကြလိမ့်မယ်။
တတိယအချက် ထည့်စဉ်းစားစရာက ဂုဏ်သိက္ခာ
အလုပ်ရဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာပေါ့။ မန်ချက်စတာယူနိုက်တက်ကနေ ရီးယဲလ်မက်ဒရစ်ကို စီရော်နယ်ဒို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းမျိုးဟာဒါပဲ။ သူတောင်းတဲ့ လစာပေးဆိုပေးနိုင်တာပဲ၊ မန်ယူလည်း အောင်မြင်မှုတွေ ရနေတာပဲ၊ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ကို ဘယ်လိုမှ မယှဉ်နိုင်တာကတော့ အသင်းရဲ့သမိုင်းကြောင်းပါပဲ။ ဒါကတော့ ဘယ်လိုမှ တုပလို့လည်း မရသလို၊ အချိန်တိုအတွင်းမှာလည်း အမီလိုက်လို့ မရနိုင်ပါဘူး။ အဲဒီသမိုင်းကြောင်းက ဒီအသင်းက ကစားသမားတိုင်းကို ဂုဏ်ယူစေတယ်၊ တခြားအသင်းက ကစားသမားတိုင်းအတွက် မက်လုံးဖြစ်တယ်။
နောက်ဆုံးအချက်ကတော့ တစ်ဦးချင်း တိုးတက်မှုပါပဲ
အထူးသဖြင့်တော့ လူငယ်ဘောလုံးသမားတွေဟာ ဒီအချက်ကို အဓိကထား စဉ်းစားလေ့ရှိကြတယ်။ ဒီအသင်းမှာ နာမည်ကျော်နည်းပြရှိနေတယ်၊ သူနည်းပြလိုက်လို့ ကမ္ဘာကျော်ကစားသမား ဖြစ်လာသူတွေ တစ်ပုံကြီး။ ဒါဆိုပေးတဲ့လစာ နည်းနေဦးတော့ ဒီအသင်းကိုပြောင်းဖို့ ပိုပြီးစိတ်အားထက်သန်နေလိမ့်မယ်။ ဘာလို့ဆိုတော့ သူ့ရဲ့ကစားသမားဘ၀ကို နောက်တစ်ဆင့်တက်စေမှာကိုး။
ဒါကြောင့်လည်း လူငယ်ဘောလုံးသမားတွေ အနေနဲ့ ကိုယ့်ကစားသမား တိုးတက်ဖို့အတွက် ပြိုင်ဘက်ကောင်း၊ နည်းပြကောင်းတွေ ရှိရာမှာမနေဘဲ လစာကို ဦးစားပေးပြီး ဆူလွယ်နပ်လွယ်လမ်းကို လိုက်နေကြမယ်ဆိုရင် သူတို့အနေနဲ့ ကစားသမားဘ၀ အောင်မြင်မှုရဖို့ ခက်မယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။
ဒီလေးချက်ကိုတည်ပြီး အဖွဲ့အစည်းတွေ အနေနဲ့လည်း ကိုယ့်ဆီကို ၀န်ထမ်းကောင်းတွေ ရောက်လာဖို့၊ ၀န်ထမ်းကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလို့ရတယ်။ ဥပမာ လစာဆိုရင် အမြင့်ဆုံး မဟုတ်တောင် အနိမ့်ဆုံးထဲမှာလည်း ပါမနေဖို့ ထိန်းထားမယ်၊ ကိုယ့်အဖွဲ့ကလည်း အောင်မြင်အောင် အလုပ်လုပ်နိုင်မယ်၊ ကိုယ့်ဝန်ထမ်းတွေ တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း ပံ့ပိုးပေးနိုင်မယ်၊ ပျိုးထောင်ပေးနိုင်မယ်၊ အဖွဲ့အစည်းအားဖြင့်လည်း ဂုဏ်သိက္ခာရှိမယ်၊ ငါတို့ကုမ္ပဏီက လူထုကို ဘယ်လိုအကျိုးပြန်ပြုတာဆိုပြီး ဂုဏ်ယူနေရတာမျိုးပေါ့။ ဒါက အဖွဲ့အစည်းဘက်။
ဝန်ထမ်းဘက်အနေနဲ့ ဆိုရင်တော့ ဒီအကြောင်းရင်းလေးချက်က တစ်ယောက်နဲ့ တစ်ယောက်တော့ တူနေနိုင်မှာ မဟုတ်ဘူး။ တချို့က လစာကို ရှေ့တန်းတင်တယ်၊ လစာကောင်းမှ ခံစားခွင့်ကောင်းမှ။ တချို့ကျတော့ ကိုယ့်အရည်အသွေး တိုးတက်ဖို့ကို ကြည့်တယ်။ တချို့ကျ ငါလုပ်နေတဲ့အဖွဲ့က အောင်မြင်မှဆိုတာမျိုးတွေးတယ်။ အဲဒီလိုပဲ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကြည့်တဲ့သူတွေလည်း ရှိတယ်။
ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်တော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ လူငယ်တွေအတွက် အကြံပေးရရင်တော့ အဲဒီလေးချက်ထဲက ကိုယ့်တစ်ဦးချင်း တိုးတက်ဖို့ကို ဦးစားပေး ရွေးချယ်ကြစေချင်တယ်။
တချို့အလုပ်တွေက လစာကောင်းတယ်။ ဒါပေမဲ့ ကိုယ့်တိုးတက်မှုအတွက် လမ်းပြပေးနိုင်မယ့် ဆရာသမားမရှိဘူး။ ဒီအလုပ်ကိုလုပ်လို့ အတွေ့အကြုံကောင်းတွေရလိုက်တယ် ဆိုတာမျိုး မရှိဘူး။ လတ်တလောမှာ လစာကောင်းနေတာပဲ ရှိတယ်။ ဒီတော့ ဒီအလုပ်လုပ်လိုက်၊ နောက်လစာနည်းနည်း ပိုကောင်းရင် ဟိုဘက်ခုန်ကူးလိုက်နဲ့ အသက်သာရလာတယ်၊ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာတော့ဘူး။
ပိုဆိုးတာက တရားမ၀င်တဲ့အလုပ်၊ အများကို ထိခိုက်စေတဲ့ အလုပ်မျိုးသာဖြစ်ခဲ့ရင်တော့ လူငယ်ဘ၀မှာကတည်းက နာမည်သေသွားပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပုံရိပ်ဆိုတာ မှန်တစ်ချပ်လိုပဲ။ ကျကွဲသွားပြီးရင် ပြန်ဆက်ရခက်ပါတယ်။ ရခဲ့ရင်လည်း အက်ကြောင်းတစ်ခုက သေရာပါနေတော့မှာပါ။ ဖျောက်လို့မရတော့ပါဘူး။
တကယ်တော့ Strategy ဆိုတာ A set of long term objectives ကို ခေါ်တာပါ။ ရေရှည်ရည်မှန်းချက်တွေ စုစည်းထားတဲ့ အရာဟာ မဟာဗျူဟာဖြစ်ပါတယ်။ ဒါက စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေမှာမှ အသုံးပြုရတာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ကို တည်ဆောက်တဲ့ အခါမှာလည်း လိုအပ်ပါတယ်။ ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်တာလဲ၊ အဲဒီလိုဖြစ်လာဖို့ ငါဘာတွေလိုအပ်သလဲ၊ ဘယ်သူ့ဆီ ချဉ်းကပ်ဖို့လိုသလဲ၊ ဘာတွေတတ်မြောက်ထားဖို့ လိုမလဲ၊ ဒီလိုတွေ စဉ်းစားပြီး တစ်ခုချင်း ပြင်ဆင်ဖို့လိုတယ်။ တစ်ခုချင်း အကောင်အထည်ဖော်သွားဖို့ လိုပါတယ်။
အောင်မြင်သူ အများစုကို မေးကြည့်လိုက်ပါ။ ကျွန်တော်ငယ်ငယ်က လစာဘယ်လောက်ရခဲ့လို့ ခုလိုအောင်မြင်တာပါလို့ပြောတာ အင်မတန်ရှားပါတယ်။ ကျွန်တော်ငယ်ငယ်က ဘယ်လိုဆရာကောင်းသမားကောင်းနဲ့ ဆုံခဲ့လို့ ဘယ်လိုအလုပ်တွေ လုပ်ခဲ့ပြီး အောက်သက်ကျေခဲ့လို့ ဆိုတာမျိုးတွေပဲ ကြားရပါလိမ့်မယ်။ ဒါကြောင့်မို့ လူငယ်ဘ၀မှာ ငွေကြေးဘယ်လောက်ရလဲ ဆိုတာထက် ငါဘာတွေ သင်ယူလို့ရမလဲ၊ ဘာတွေတိုးတက်လာနိုင်သလဲ ဆိုတာကို ဦးစားပေးကြစေချင်ပါတယ်။
ဒါကြောင့်လည်း အလီဘာဘာရဲ့ ဖန်တီးရှင် ဂျက်မားက ပြောခဲ့တာပါ။ အသက် ၃၀ မတိုင်ခင်မှာ မင်းဘယ်လိုကုမ္ပဏီကြီးမှာ အလုပ်လုပ်တယ်ဆိုတာထက် မင်း ဘယ်ဘော့စ်နောက်ကို လိုက်နေသလဲဆိုတာက ပိုအရေးကြီးပါတယ်၊ တကယ်တော်တဲ့ ဘော့စ်တစ်ယောက်က မင်းကို အများကြီး သင်ပေးနိုင်ပါလိမ့်မယ်တဲ့။
လေးစားရတဲ့ ဆရာဝန်ကြီးတစ်ယောက်ကလည်း ပြောဖူးတယ်။ သူငယ်ငယ်က ဆရာဝန်ဖြစ်စမှာ အခက်အခဲဖြစ်ခဲ့ပုံလေးပါ။ အဲဒီတုန်းက လူနာတစ်ယောက် လာပြဖို့တောင် တော်တော်လေး ရှားပါးခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ပညာကိုပဲ တစိုက်မတ်မတ် ကြိုးစားခဲ့တာ ခုချိန်မှာတော့ လူနာတွေကြားထဲမှာ နာမည်ရတဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပါပြီ။ ဒါကြောင့် ငွေနောက်ကို မလိုက်နဲ့၊ ကိုယ်ကသာ ကြိုးစားနေရင် ငွေက ကိုယ့်နောက်ပြန်လိုက်လာပါလိမ့်မယ်တဲ့။
လူငယ်ဘ၀မှာ ပတ်ဝန်းကျင်ကလည်း အရေးကြီးပါသေးတယ်။ ကိုယ်နဲ့ အတူတူ တွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေက တအားကြိုးစားနေကြတယ်ဆိုရင် ကိုယ်လည်း သူတို့နဲ့ အမီလိုက်နိုင်ဖို့ ကြိုးစားဖြစ်တယ်။ ဒီလိုပဲ၊ ကိုယ့်အပေါင်းအသင်းတွေက ခပ်အေးအေးနေတယ်၊ ခပ်ပေါ့ပေါ့နေတယ်ဆိုရင် ကိုယ်လည်း စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးကုန်တတ်တယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ အလုပ်ပတ်ဝန်းကျင်ဟာ ငါမလုပ်လို့ မဖြစ်ဘူး၊ ငါကျန်နေခဲ့လိမ့်မယ်ဆိုတဲ့ ခံစားမှု (Sense) မျိုးပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် လူတွေဟာ အမျိုးမျိုးသော အကြောင်းရင်းတွေနဲ့ အလုပ်အကိုင်တွေ ရွေးချယ်တတ်ကြတယ် ဆိုပေမယ့် လူငယ်ဘ၀မှာ ဆိုရင်တော့ ငွေကြေးထက် ကိုယ့်ဘ၀တိုးတက်ဖို့ သင်ပြပေးနိုင်မယ့်သူ၊ ကိုယ့်ကို တိုးတက်စေမယ့် အလုပ်မျိုးကိုပဲ ဦးစားပေး ရွေးချယ်ကြဖို့ လိုပါတယ်။
(Written by ဒေါက်တာ ဖြိုးသီဟ)
Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page
No comments:
Post a Comment