Tuesday, March 7, 2017

မေ့တယ်ဆိုတာ ဘာလဲဆိုလျှင်.....


အိန္ဒိယနိုင်ငံမှာ တတိယသံဂါယနာတင်တဲ့
အသောကမင်းကြီးဟာ ယခင်က ဗုဒ္ဓဘာသာ
မဟုတ်ဘူး။နေ့စဉ်နဲ့အမျှ ဗြာဟ္မဏတွေကို
ပင့်ဖိတ်ပြီးတော့ ကျွေးမွေးဧည့်ခံတဲ့
“ဗြာဟ္မဏဘာသာဝင်” တစ်ဦးပေါ့။

သို့သော် အစဉ်အလာအရ ဗြာဟ္မဏတွေကို
ကိုးကွယ်နေရသော်လည်းပဲ စိတ်ထဲမှာ မကျေနပ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဗြာဟ္မဏတွေရဲ့ အမူအရာကို
ကြည့်လိုက်ရင် တည်ငြိမ်အေးဆေးမှု မရှိဘူး။
စကားလည်း ပြောချင်ရာ ပြောကြတယ်။
အမူအရာလည်း ငြိမ်သက်မှု မရှိဘူး။
လူကို ကြည့်လိုက်ရင် တရားရတဲ့သူနှင့်
တရားမရတဲ့သူ သိပ်ကွာတယ်။

နှုတ်ကို ထိန်းသိမ်းမှု မရှိဘူး။
နှုတ်ထိန်းသိမ်းမှု မရှိတာ စိတ်ထိန်းသိမ်းမှု
မရှိလို့ပဲ။

ကိုယ်အမူအရာ ထိန်းသိမ်းမှု မရှိဘူး။
ကိုယ်အမူအရာ ထိန်းသိမ်းမှု မရှိတာလည်း
စိတ်ရဲ့ ငြိမ်းချမ်းမှု မရှိလို့ပဲ။

အဲဒီလို ကိုယ်အမူအရာ ငြိမ်သက်သွားတယ်။
နှုတ်အမူအရာ ငြိမ်သက်သွားတယ်ဆိုတဲ့
ပုဂ္ဂိုလ်ဟာ တရားထူး၊တရားမြတ် ရှိတယ်
လို့ အကဲခတ်လို့ ရတယ်ပေါ့။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“နိဂြောဓသာမဏေ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
တစ်နေ့ကျတော့ “နိဂြောဓသာမဏေ”ဆိုတဲ့
ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါး နန်းရင်ပြင်က
ဖြတ်ပြီး ဆွမ်းခံကြွသွားတယ်။ ကိုရင်လေးပေမယ်လို့
ကြည့်လိုက်တဲ့အခါ သွားတာ၊လာတာ
အလွန် ဣနြေ္ဒရတယ်။ ပြောတာဆိုတာ
ဣနြေ္ဒရတယ်။လူကို ကြည့်လိုက်လျှင် သိတယ်လေ။
ပြောတာဆိုတာ ဣနြေ္ဒရသလား မျက်နှာပိုး
သေသလား။ နေတာထိုင်တာ သေသေသပ်သပ်
ရှိရဲ့လားလို့ ကြည့်လိုက်လျှင် တစ်ယောက်နှင့်
တစ်ယောက် မတူဘူး။ အဲဒီလို နန်းရင်ပြင်က
ဖြတ်သွားတဲ့ နိဂြောဓသာမဏေလေးကို
မြင်လိုက်တဲ့အခါ အသောကမင်းကြီးက
ဘယ်လိုတွေးမိသလဲဆိုလျှင်

“ကြည့်စမ်းပါ၊ ဒီ-ကလေး။ ဒိပြင်ကလေးတွေလို
ပြေးလွှား၊ ခုန်ပေါက်၊ ဆော့ကစားတဲ့ အမူအရာ
လုံးဝ မရှိဘူး။ တကယ့်ကို လူကြီးဣနြေ္ဒနှင့်
မထေရ်ကြီးတစ်ပါး ကြွသွားသလို စက္ခုနြေ္ဒချပြီး
သူ့လမ်းသူ ငြိမ်ငြိမ်သက်သက် လျှောက်သွားတာ၊
ဆော့ကစားတဲ့ ကလေးအရွယ် ဒီလောက်
ငြိမ်သက်နေတယ်ဆိုတာ သူ့ရဲ့ နှလုံးသားထဲမှာ
ထူးခြားတဲ့တရား ရှိလောက်တယ်”တဲ့။
ဒီ အတွေးမျိုး သူတွေးလိုက်တယ်။

အဲဒီလို တွေးလိုက်တာနှင့်တစ်ပြိုင်နက်
သဘောပေါက်သွားပြီ။ ဒီကိုရင်ကလေး နှလုံးသားထဲ
တရားရှိ၊မရှိ သူသိချင်လာတယ်။
ဒါကြောင့် နန်းတော်ကို ပင့်တယ်။

ကိုရင်လေးက နန်းတော်ကို ရောက်လာတဲ့အခါ
သူ့ထက် ကြီးတဲ့ ရဟန်း ရှိ၊မရှိ ကြည့်ပြီး
မရှိလို့ ရှင်ဘုရင်ထိုင်တဲ့ ရာဇပလ္လင်ပေါ် ထိုင်လိုက်တယ်။

အသောက မင်းကြီးက သိပ်သဘောကျသွားတယ်။
အမူအရာ ကြည့်တာနှင့် ရင်ထဲက တရားကို
ခန့်မှန်းနိုင်သွားပြီ။

ဒါကြောင့် ဒီကိုရင်လေး အကြောင်းကို မေးမြန်း
စုံစမ်းပြီး နောက်ဆုံး သူ့ကို တရားလေးတစ်ပုဒ်
ဟောပါဆိုတော့ ကိုရင်လေးက သူသိတဲ့
တရား ဟောတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“အပ္ပမာဒေါ အမတပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။”
▬▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားက ဟောတယ်တဲ့။
ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ဝင်စားနေတာကို
“ပမာဒ” လို့ ခေါ်တယ်။ “ပမာဒ-မေ့လျော့တယ်”
ဆိုတာ တခြား ဘာမှ မလုပ်ဘဲ မေ့နေတာ။

အရပ်ထဲက လူတွေ ပြောကြတယ်။
“ဟာ-ငါသွားစရာရှိတယ်။ မေ့နေလိုက်တာ။”
အဲဒီအမေ့-မျိုးကို ပြောတာမဟုတ်ဘူး။

❖မေ့တယ်ဆိုတာ ဘာလဲဆိုလျှင် ကာမဂုဏ်ကိစ္စ၊
အပျော်အပါးကိစ္စတွေထဲ စိတ်ကို လွှတ်ထားတာ။
တရားဓမ္မဘက်ကို လှည့်တောင် မကြည့်ဘူး။
အဲဒါကို မေ့နေတယ်လို့ ခေါ်တယ်။
အလုပ်ကိစ္စတွေနှင့်ပဲ နှစ်မြှုပ်ထားတာကို
မေ့နေတယ်လို့ ခေါ်တယ်။

မြတ်စွာဘုရားဆိုလိုတဲ့ “အပ္ပမာဒ”ဆိုတာ
ကာမဂုဏ် အာရုံထဲမှာ စိတ်ကို နှစ်မြှုပ်မထားဘူးတဲ့။

ကာမဂုဏ်အာရုံတွေဆိုတာ ဘာလဲဆိုလျှင်
နေ့စဉ်နှင့်အမျှ လူ့ဘဝမှာ စား၊ဝတ်၊နေရေး
ကိစ္စတွေပဲ လုပ်တယ်။
မိသားစုကိစ္စတွေပဲ လုပ်တယ်။
စီးပွားရေး ကိစ္စတွေပဲ လုပ်တယ်။
တခြားကိစ္စတွေပဲ လုပ်တယ်။
ကုသိုလ် ကောင်းမှုဘက်ကို စိတ်လုံးဝ မလှည့်ဘူး။
အဲဒီလို သာမန် ကိစ္စတွေထဲမှာ စိတ်ကို
နှစ်မြှုပ်ထားတာကို မေ့တယ်လို့ ပြောတာ။
“ပမာဒ” ဆိုတာ အဲဒါကို ပြောတာ။

“အပ္ပမာဒ”ဆိုတာ အဲဒါရဲ့ ဆန့်ကျင်ဘက်
ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ကို ဦးတည်တယ်။
ဒါန ကောင်းမှုလုပ်ဖို့ စိတ်ကို လှည့်တယ်။
သီလဘက်ကို စိတ်ကို လှည့်တယ်။
သမာဓိဘက်ကို စိတ်ကို လှည့်ထားတယ်။
ဒီကိစ္စတွေက ပိုအရေးကြီးတယ်လို့ သတိထားတယ်။
အဲဒါက အပ္ပမာဒပဲ။

❖“ပမာဒေါ သဗ္ဗဝိပတ္တီနံ မူလံ”-
ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ကို နှစ်မြှုပ်ထားတဲ့
ပမာဒဟာ ပျက်စီးမှုအားလုံးရဲ့ အခြေအမြစ်ပဲ
လို့ ဆိုတယ်။

ပျက်စီးမှုအားလုံးဆိုတာ ကာမဂုဏ်အာရုံထဲမှာ
နှစ်မြှုပ်ထားတော့ တရားဓမ္မလမ်းကြောင်းကို
သွေဖည်ပြီး နေတဲ့အတွက် အကုသိုလ်တွေ
လုပ်မိပြီး ဘဝတစ်ခုလုံး ပျက်စီးသွားတယ်။
သံသရာထဲ နစ်မြုပ်သွားတယ်။
ဒါက ပျက်စီးခြင်းပဲ။

အဲဒီလို မဟုတ်ဘဲနှင့် ကာမဂုဏ်အာရုံထဲ
အချိန်မဖြုန်းဘဲနှင့် တရားဓမ္မဘက်ကို ဦးတည်ပြီး
သတိရတယ်၊သတိထားတယ်။
အေး လူ့ဘဝရလာလျှင် ဒါန ကောင်းမှုလည်း
လုပ်ရမယ်။သီလလည်း ဆောက်တည်ရမယ်။
ဘာဝနာလည်း လုပ်ရမယ်။
တရားဓမ္မကို မမေ့လျော့သင့်ဘူး။
တခြားကိစ္စဆိုတာ ဘဝရလာသည့်အတွက်ကြောင့်
မတတ်သာလို့ လုပ်ကြရတယ်။
တရားဓမ္မက အဓိက အလုပ်လို့ သိမြင်လာပြီဆိုရင်
ဒါ “အပ္ပမာဒ” ဖြစ်လာပြီလို့ ခေါ်တယ်။

အဲဒါကို ကိုရင်လေးက ရှင်းပြီး ဟောတယ်။

❖“အပ္ပမာဒေါ အမတပဒံ- ကာမဂုဏ် အာရုံတွေမှ
စိတ်ကို ခွာပြီး တရားဓမ္မဘက် ဦးလှည့်ပြီးနေတဲ့
အပ္ပမာဒ တရားဟာ အစဉ်ထာဝရ မသေရာ
နိဗ္ဗာန်ရဲ့ အကြောင်းတရား ဖြစ်ပါတယ်”တဲ့။

❖ပမာဒေါ မစ္စုနော ပဒံ- ကာမဂုဏ် အာရုံတွေထဲကို
ဦးလှည့်ထားမယ်ဆိုလျှင် သံသရာထဲမှာ ခဏခဏ
မွေးဖွားရတော့ ခဏခဏ သေရခြင်းရဲ့
အကြောင်း ဖြစ်ပါတယ်တဲ့။

❖“အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ-
ကာမဂုဏ် အာရုံတွေဘက်သာ ဦးလှည့် မနေဘဲ၊
တရားဓမ္မကို ဦးလှည့်ပြီး မမေ့မလျော့နေတဲ့
ပုဂ္ဂိုလ်တွေဟာ ကုသိုလ် ကောင်းမှု ရေးရာမှာ
သေနေတာ မဟုတ်ဘူး။
ကောင်းတဲ့ဘက်ကို ဦးတည်ပြီး လုပ်နေသည့်
အတွက်ကြောင့် မသေတာနှင့် အတူတူပဲတဲ့။”

ဒီတရားလေးကို ဟောလိုက်တဲ့အခါ အသောက
မင်းကြီးက သဘောကျပြီး ဗုဒ္ဓဘာသာဘက်
ကူးပြောင်းသွားတယ်။

ကြည့်- မှန်ကန်တဲ့အတွေးနှင့် အရိယာသူမွန်တွေရဲ့
အနေအထားက အဲဒီလို ရှိတယ်။

❖တရားလိုက်နာသည့်အတွက်ကြောင့်
ကိုယ်စိတ်ဟာ
ယဉ်ကျေးလာသလား၊
လောဘတွေ နည်းလာသလား၊
ဒေါသတွေ နည်းလာသလား၊
အရင်က တစ်နေ့ကို ဆယ်ခါလောက် စိတ်ဆိုးရင်
တရာနာပြီးတဲ့နောက်မှာ တစ်ခါတောင်မှ အနိုင်နိုင်
ဆိုးတော့တယ်ဆိုရင် ဒါ တိုးတက်မှုပဲ။
လောဘဖြစ်တဲ့၊ ဒေါသဖြစ်တဲ့ အကြိမ်တွေ
နည်းလာပြီဆိုရင် ဒါ တိုးတက်မှုပဲ။

❖မြတ်စွာဘုရားကလည်း အဲဒီ “စံ”ကို ပေးထားခဲ့တယ်။
ဘုရားဟော တရားမှန်သလား၊ မမှန်ဘူးလား
ဆိုတာ အဲဒါနှင့်ပဲ တိုင်းပါတဲ့။
Criterion ဆိုတဲ့ ဒီ “စံ”၊ ဒီ “မှတ်ကျောက်”ပေါ်
တင်ကြည့်ပါတဲ့။
သူများကို သွားမေးဖို့ မလိုဘူး။
ကိုယ့်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ
ကိုယ့်ပေါ်မှာသာ ရှိပါတယ်။ ။

-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ]
Credit to :
www.facebook.com/youngbuddhistassociation.mm

အပိုင်း(၁) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1494101120599895/?type=3&theater

အပိုင်း(၂) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1494917327184941/?type=3&theater

အပိုင်း(၃) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1495870907089583/?type=3&theater

No comments: