နိုင်ငံရေး နဲ့ ဘာသာရေး ရောတာကောင်းသလား
------ ------ ------ ------ ------
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသကို မြန်မာနိုင်ငံအတွင်း တရား ဟောပြောခွင့် တနှစ်ပိတ်ပင်ကြောင်း အမိန့်ထုတ်ကြေညာလိုက်အပြီးမှာ ဝေဖန်မှုတွေအမျိုးမျိုး ထွက်ပေါ်လာ ပါတယ်။ ဦးဝီရသူဟာ ဘာသာတခုနဲ့တခုအကြား အမုန်းတရားတွေပွားကာ ဘာသာရေးအဓိကရုဏ်းဖြစ်စေ မယ့် ဟောပြောချက်တွေ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေမယ့်ဟောပြောချက်တွေနဲ့ နိုင်ငံရေးပါတီတွေကြား ဘက်လိုက်ဝေဖန်ဟောပြောချက်တွေရှိတာကြောင့် တရားဟောခွင့် တနှစ်ပိတ်လိုက် ကြောင်း မတ်လ ၉ ရက်နေ့ကကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါး စုံညီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့အမိန့်ထုတ်ပြီး နောက်လေးရက်အကြာ မတ်လ ၁၂ ရက်နေ့ညမှာတော့ ဦးဝီရသူဟာ ဧရာဝတီတိုင်းအိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ပြုလုပ်တဲ့တရားပွဲမှာ တရားဟောစင်ပေါ်မှာ မိမိပါးစပ်ကို တိပ်နဲ့ပိတ်ထားပြီး နာရီဝက်ကြာ တရားခွေဖွင့်ခဲ့တယ်လို့ သိရပါတယ်။ တရားဟောပြောခွင့် တနှစ်အပိတ်ခံ ထားရတဲ့ မန္တလေးမြို့မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ မနေ့ညက ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
တိုင်းအစိုးရရဲ့ပိတ်ပင်ချက် ဟာ အာဏာစက်သာဖြစ်ပြီး ဓမ္မစက်မဟုတ်တဲ့အတွက် တရားပွဲကို အစိုးရခွင့်ပြုချက်မရှိလည်း ဟောမှာဖြစ် ကြောင်း အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးကို ရဟန်းပျိုများအဖွဲ့က မနေ့က လာရောက်ပြောကြားပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ ၀န်ကြီးဦးကျော်မြင့်က ပြောပါတယ်။ မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးဟာ အခုမှဖြစ်တာတော့ မဟုတ် ပါဘူး။ သူ့အရင်က ဦးနေ၀င်းလက်ထက်ကဆိုရင် ဆရာတော်သျှင်ဥက္ကဋ္ဌကို လူသေလူဖြစ် တရားဟောပြောမှုနဲ့ တရားဟောခွင့်ပိတ်ပင်ခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာတော့ ရွှေည၀ါဆရာတော်၊ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ စသည်ဖြင့် တရားဟောခွင့်ပိတ်ခံရတဲ့ဆရာတော်တွေ ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးနဲ့ပတ်သက် တာတွေ ဟောပြောတာကြောင့် အာဏာပိုင်တွေက ပိတ်ပင်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိလာ တာက နိုင်ငံရေးနဲ့ဘာသာရေးဟာ သတ်သတ်စီထားတာကောင်းသလား၊ ရောယှက်သင့်သလားဆိုတာပါပဲ။
ကိုလိုနီခေတ်ကတော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ရဟန်းသံဃာတွေ ပါဝင်ခဲ့ကြပါတယ်။ အထူးထင်ရှားတာကတော့ ဆရာတော်ဦးဥတ္တမနဲ့ ဆရာတော်ဦးဝိစာရတို့ ဖြစ်ပါတယ်။ မကြာသေးခင်ကာလများကလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး(ခေါ်) သံဃာ့အရေးအခင်းမှာ သံဃာတွေ ရာနဲ့ထောင်နဲ့ချီလို့ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပြီး စစ်အစိုးရရဲ့ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့တာကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးနဲ့ရဟန်းသံဃာဟာ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးကင်းကင်းရှင်းရှင်းရှိခဲ့တာ တော့ မဟုတ်ပါဘူး။
ဒါပေမဲ့ တခုပဲပြောစရာရှိတာက ဆရာတော်ဦဥတ္တမတို့၊ ဦးဝိစာရတို့ခေတ်က လုပ်ခဲ့ကိုင်ခဲ့ ကြတာဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ကျွန်ဘ၀က လွတ်မြောက်အောင် အမျိုးသားရေးစိတ်နဲ့ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြခြင်းဖြစ်ပါတယ်။ ၂၀၀၇ သံဃာအရေးအခင်းမှာလည်း ပြည်သူတွေ စားဝတ်နေရေးအကျပ် အတည်းတွေ ပြေလည်စေဖို့၊ စစ်အာဏာရှင်ရဲ့ဖိနှိပ်အုပ်ချုပ်မှုအောက်က လွတ်ကြစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူထုထောက်ခံမှုကို အကြီးအကျယ်ရခဲ့ကြခြင်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာတော့ အချို့နိုင်ငံတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေး မကွဲပြားကြပါဘူး။ ဘာသာရေးခေါင်းဆောင် အချို့ဟာ နိုင်ငံရေးမှာပါဝင်ပါပြီး နိုင်ငံကို ဘာသာရေးခေါင်းဆောင်တွေက စိုးမိုးခြယ်လှယ်အုပ်ချုပ်နေကြတာ တွေတောင် ရှိပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးမကွဲပြားတဲ့ နိုင်ငံတွေဟာ အထူးသဖြင့်တော့ အစ္စလာမ်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘာသာရေးခေါင်းဆောင်တွေက တိုင်းပြည်ကို အုပ်ချုပ်ကြတာပါပဲ။ အီရန်နိုင်ငံ မှာဆို အယာတိုလာခိုမေနီဆိုတဲ့ ဘာသာရေးခေါင်းဆောင်က အာဏာရသျှားဘုရင်ကို တော်လှန်ပုန်ကန်ကာ တိုင်းပြည်ကို အစ္စလာမ်ဥပဒေနဲ့ အုပ်ချုပ်ခဲ့ပါတယ်။
သူသေတော့ အယာတိုလာခါမေနီဆိုတဲ့ ဘာသာရေး ခေါင်းဆောင်တက်လာပြီး သူ့နေရာကို ဆက်ခံအုပ်ချုပ်ပါတယ်။ အဲဒီနိုင်ငံတွေမှာတော့ ဘာသာရေးနဲ့ နိုင်ငံရေး ဟာ ဒွေးရော ယှက်တင်ဖြစ်နေကြပါတယ်။ နိုင်ငံရေးဟာဘာသာရေးရဲ့ အရိပ်မိုးခံနေရတာပါ။ အီရတ်နိုင်ငံမှာ လည်း ဒီလိုပါပဲ။ အရှေ့တောင်အာရှက ဒီမိုကရေစီနိုင်ငံဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံမှာတောင် ဒီအစွဲအလမ်းက မကျွတ်ပါဘူး။ ကြက်တိုက်တာဟာ အစ္စလာမ်ဥပဒေနဲ့မညီလို့ဆိုပြီး ဗုဒ္ဓဘာသာဝင် တရုတ်အချို့ကို မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ကြိမ်ဒဏ်ချမှတ် အပြစ်ပေးခဲ့ပါတယ်။ ဒါကတော့ ဘာသာရေးခေါင်းဆောင် တွေက နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်နေရာယူကြတာပါ။ ဒီနည်းဟာ အစ္စလာမ်နိုင်ငံတွေမှာ ဖြစ်တာများ ပါတယ်။
နောက်တမျိုးကတော့ အဲဒီလိုမဟုတ်ပါ ဘူး။ ပြောင်းပြန်ပါ။ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးသမား၊ ဒါမှမဟုတ် အာဏာရှင်တွေဟာ သူတို့အာဏာရဖို့၊ သူတို့အာဏာတည်မြဲဖို့၊ သူတို့ လူထုထောက်ခံမှုရဖို့ ဘာသာရေးအရေခြုံပြီး လူထုကိုမှိုင်းတိုက်တာပါ။ တနည်းပြောရရင် သူတို့အာဏာရဖို့ ဘုန်းကြီးတွေ၊ သာသနာ့ ၀န်ထမ်းတွေ ရိုးသားပြီးအယုံလွယ်တဲ့ ပြည်သူလူထုကို ခုတုံးလုပ်အသုံးချတာပါ။ ဒီနည်းကို အစ္စလာမ်နိုင်ငံ တွေမှာသာမက ခရစ်ယာန်နိုင်ငံ၊ ဗုဒ္ဓဘာသာနိုင်ငံ၊ ဟိန္ဒူနိုင်ငံတွေမှာပါ တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ သူများနိုင်ငံတွေအကြောင်းတော့ မပြောလိုတော့ပါဘူး။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံသမိုင်းမှာ တကိုယ်ကောင်းဆန်ပြီး ရက်စက်တတ်တဲ့ အာဏာရှင်အတော်များများဟာ သူတို့ရဲ့ မတရားမှုတွေကို ဖုံးကွယ်ဖို့ သာသနာပြုမင်းကောင်းမင်းမြတ်ဆိုတဲ့ အမည်ကိုရအောင် ကြိုးစားလေ့ ရှိပါတယ်။ ဥပမာ ပုဂံခေတ်က ကုလားကျမင်းခေါ် နရသူမင်းဟာ အစ်ကိုအရင်းကိုသတ်၊ မိဖုရားကိုသတ် တိုင်းပြည်ကို အာဏာရှင်လို ရက်ရက်စက် စက်အုပ်ချုပ်ခဲ့ပေမဲ့ သာသနာပြုမင်း အထင်ခံစေချင်သေးတော့ ပုဂံမှာ ထုထည်အကြီးဆုံးဆိုတဲ့ ဓမ္မရံကြီးပုထိုးတော်ကြီးကို တည်ခဲ့ပါတယ်။ အကြောင်းမသိသူတွေအတွက်တော့ အထင်ကြီးစရာပါပဲ။
ဟင်းခွက်သုံးရာနဲ့ ပွဲတော်တည်လေ့ရှိတဲ့ နရသီဟပတေ့မင်းခေါ် တရုတ်ပြေးမင်းကလည်း မိဖုရားစောလုံအပါအ၀င် လူများစွာကို ရက်ရက်စက်စက်သတ်ခဲ့သူပါ။ သူဟာ တရုတ်ရန်ကြောင့် စစ်ပြေးရ တော့မယ့်အချိန်မှာတောင် လှေမဆံ့လို့ထားခဲ့ရမယ့် အပျိုတော်တွေကို ရန်သူ့မယားဖြစ်ကုန်မှာစိုးလို့ ကွပ်မျက် ခဲ့ဖို့ အမိန့်ပေးခဲ့သူပါ။ နောက်မှ အမတ်ကြီးတွေ လျှောက်ထားတောင်းပန်တာကြောင့် မသတ်တော့ဘဲ ထားခဲ့တာပါ။ တိုင်းပြည်ကို ရန်သူလက်မှာထားပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့တဲ့ခေါင်းဆောင်ပါ။ အဲဒီလို တကိုယ်ကောင်းသမားကလည်း 'မင်္ဂလာစေတီ'ဆိုပြီး ပုဂံမှာ ဘုရားတဆူတည်ခဲ့သေးတာပေါ့။ မသိရင်တော့ ဘာသာသာသနာကိုအရမ်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့။
ဒီဘက်ခေတ်မှာလည်း ဒီလိုပါပဲ။ အာဏာရူးပြီး ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်နဲ့ခွဲ ကျောင်းသားတွေကိုသတ်ခဲ့တဲ့ ၁၉၈၈ အရေးအခင်းမှာ ဘီလူးဆိုင်းတီးပြီး ထွက်ခဲ့တဲ့ အာဏာရှင်ဗိုလ်ချုပ်နေ၀င်းကလည်း ဘာသာသာသနာကို အထူးပင်ကြည်ညိုလေးစားသူဖြစ် ကြောင်း ကြော်ငြာဝင်တဲ့အနေနဲ့ မဟာဝိဇယစေတီကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဒါ့အပြင် အာဏာရှင် များဟာ အခွင့်သင့်ရင်သင့်သလို ဆရာတော်သံဃာတော်များကို အခါကြီးရက်ကြီးတွေမှာ သွားရောက်ဖူးမြော် ပြီး သူတော်ကောင်းယောင်ဆောင်တတ်ကြပါတယ်။ အဲဒီလို ဖူးမြော်တာကိုလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကတဆင့် လူသိအောင်ပြကြပါသေးတယ်။ အများအမြင်မှာ သူတို့ကိုသာသနာပြု မင်းကောင်းမင်းမြတ်တွေလို့ ထင်လာစေဖို့ဖြစ်ပါတယ်။
မင်းကောင်းမင်းမြတ်လက်ထက်မှာ ဆင်ဖြူတော်ပေါ် တယ်ဆိုပြီး မဖြူတဲ့ဆင်ကို ဆင်ဖြူတော်ဆိုပြီး တိုင်းပြည်ကို အရှက်မရှိပြပါတယ်။ ဒီဘက်ခေတ်မှာတောင် ရွှေတိဂုံပုံစံတူစေတီတဆူကို အာဏာရှင်ဟောင်းကြီးတဦးက သူအာဏာလက်စောင်းထက်နေစဉ်ကာလများမှာ တည်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘုရားတည်ခဲ့တဲ့ မင်းတရားကြီးကပဲ ၂၀၀၇ သံဃာအရေးအခင်းမှာ သံဃာတော်တွေကို လက်သံပြောင်ပြောင်နဲ့ နှိမ်နင်းခဲ့ပါသေးတယ်။ သူ့တပည့်များကလည်း လက်ပံတောင်း တောင်သပိတ်စခန်းမှာ ညကြီးမင်းကြီးသံဃာတော်တွေကို မီးလောင်ဗုံးများ ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ လပြည့်နေ့တွေ အခါကြီးရက်ကြီးတွေမှာဆိုရင်တော့ သူတို့မဟုတ်သလို ဘာလိုလိုနဲ့ သီလတွေဘာတွေ ယူပြကြပါသေးတယ်။ အဲဒီလိုလူမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းက အင်မတန် အမြင်ကတ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၆ ခုနှစ် ဇွန်လ (၄)ရက်နေ့မှာ ဦးကျော်ငြိမ်းနဲ့အတူ ရန်ကုန်ရွှေဂုံတိုင်လမ်း၊ ဘုရားကြီးကျောင်းတိုက်ကျောင်းမှာ ခေတ္တသီတင်းသုံးနေကြတဲ့ ညောင်တုန်းဆရာတော်၊ ပေါင်းတည်ဘုရား ကြီးဆရာတော်၊ မန္တလေးညောင်ရမ်းဆရာတော်၊ ပခုက္ကူဆရာတော် အစရှိတဲ့ ဆရာတော်ဘုရားကြီးများထံ သွားရောက်ဖူးမြော်ပါသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်ကြီးတွေကို ''တပည့်တော်သည် ဗမာပြည် ကြီး၏ လွပ်လပ်ရေးရရန်ကိစ္စတွင် ဆရာတော်ကြီးများအား အကူအညီယူရန်နှင့် မဲဆွယ်ရန်လာခြင်းလည်း မဟုတ်ပါ။ တပည့်တော်မှာ အခြား နိုင်ငံရေးခေါင်းဆောင်ကြီးများလိုလည်း မဲရလိုမှုရည်ရွယ်ပြီး ဆွမ်းကျွေး ခြင်း၊ သင်္ကန်းလှူခြင်းမလုပ်နိုင်ပါ။ လှူရန်လည်း တပည့်တော်မှာ ငွေမရှိပါ။ အလွန်ဆင်းရဲပါတယ်ဘုရား။ လှူမယ်ဆိုလည်း သန့်သန့်ရှင်းရှင်း လှူမယ့်ဒကာပါဘုရား''လို့ အစချီလျှောက်ထားတယ်။
အဲဒီနောက် လွန်ခဲ့ တဲ့ရက်အနည်းငယ်က သခင်ဗစိန်၊ ဆာပေါ်ထွန်း၊ ဂဠုန်ဦးစော အစရှိတဲ့ နိုင်ငံရေးသမားများ ဆရာတော် ကြီးများဆီ လာရောက်သွားတာကိုသိလို့ ဗိုလ်ချုပ်က ဆက်လက်သတိပေးလျှောက်ထားတာက ''ဆရာတော်ကြီးများဟာ ပရိယတ္တိ၊ ပဋိပတ်တရားနဲ့ ဘုရားသာသနာတော်ကြီးပွားရန်သာ တာဝန်ထားပြီး ရိုးရိုးကြီးတွေဆိုတာ တပည့်တော်ယုံကြည်ပါတယ်ဘုရား။ ယခု သတိထားဖို့ဟာကတော့ နိုင်ငံရေး သမားများဟာ အလွန်ပရိယာယ် များပါတယ်ဘုရား။ ကောင်းသောပရိယာယ်နှင့်တွေ့ကြုံရက တော်ပါသေး၏။ မကောင်းသောပရိယာယ်နှင့် တွေ့ကြုံက ငါးပါးပါမက သံဃာစင်ပါ မှောက်တတ်ပါသည်ဘုရား။ မကောင်းသော ပရိယာယ်ကား နိုင်ငံရေး သမားတွေက ဆရာတော်ကြီးများအား အမျိုးမျိုးလှည့်ပတ်ပြီး သူတို့၏ တက်လမ်း နိုင်ငံရေးငြမ်းဆင်ပြီးသွားမှာကို စိုးရိမ်သောကြောင့် လျှောက် ထားရခြင်းဖြစ်ပါသည်ဘုရား''လို့ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားဟာ အခုအထိ ခေတ်မီနေဆဲပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အချို့သူတွေဟာ ရွေးကောက်ပွဲမှာ အခြေမလှတော့တာကိုသိပြီး ဆရာတော်သံဃာတော်များကို ချဉ်းကပ်လို့ တဖက်ပြိုင်ဘက်ပါတီကအနိုင်ရရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာပဲ နေ့ချင်း ညချင်း ကွယ်ပျောက်တော့မလိုလို၊ ဘာသာခြားတွေကပဲ တက်အုပ်ချုပ်တော့မလိုလို၊ အမျိုးဘာသာ၊ သာသနာပဲကွယ်တော့မလိုလို တစိတ်ကို တအိတ်လုပ် ပုံကြီးချဲ့လျှောက်ထားပြီး
သူတို့ပါတီ၊ သူတို့ကိုယ်စားလှယ် အနိုင်ရအောင် ရဟန်းသံဃာတော်များကို အသုံးချပါတော့တယ်။ အချို့ဆရာတော်ဘုရားများဟာလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ရိုးရိုးကြီးတွေဆိုတော့ အာဏာငမ်းဖမ်းနေသူတွေရဲ့ ပရိယာယ်မာယာတွေကို မမြင်မိဘဲ ဟုတ်လေနိုးနိုးနဲ့ နားယောင်သွားတတ်ပါတယ်။ တကယ်တော့ ဆရာတော်ဘုရားများထံ ရွေးကောက်ပွဲနီးမှ ပြေးကပ်နေသူများကလည်း ဗုဒ္ဓသာသနာကို ကြည်ညိုလွန်းလို့မဟုတ်ဘဲ ခါတော်မီ ကိုယ်ကျိုးရှာလုပ်စားကြသူတွေသာများပါတယ်။
ဒါပေမဲ့ အသိဥာဏ်ဗဟုသုတနည်းရှာတဲ့ တောနယ်ဘက်တွေမှာ သူတို့ရဲ့နည်းကလည်း အတော်ကို အလုပ်ဖြစ်ပါတယ်။ အချို့မြို့တွေ ရွာတွေမှာ ဘာသာရေးမှိုင်းတွေဟာ လူတွေရဲ့နားထဲမှာ ချွတ်မရတဲ့အစွဲ တခုလိုကို ဖြစ်ကျန်နေပါတယ်။ ဒါကတော့ နိုင်ငံရေးမှာ ဘာသာရေးကို တလွဲအသုံးချကြတာပေါ့။ တကယ်တမ်းမှာတော့ ဒါဟာ ဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ပါ။ စစ်အစိုးရကပဲရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၄ မှာ ''နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။
ထို့အပြင် လူမျိုးကြောင့်သော်လည်းကောင်း တဖက်နှင့်တဖက် တဂိုဏ်းနှင့်တဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်းတမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ် ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်''လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဆိုလိုတာက ဒီလိုဘာသာရေးကို နိုင်ငံရေးအကျိုးအမြတ်အတွက် သုံးတဲ့လူ၊ သုံးတဲ့ အဖွဲ့ရှိလာရင်၊ အမုန်းတရားတွေပွားစေလာရင် အဲဒီအပြုအမူတွေကို အရေးယူရမယ်။ ဥပဒေအသစ် ပြစ်ဒဏ်အသစ်တွေ ထပ်ရေးဆွဲပြဋ္ဌာန်း နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
တကယ်တော့ တိုင်းပြည်တပြည်ဟာ နိုင်ငံရေးကသတ်သတ်၊ ဘာသာရေးက သတ်သတ်ရှိခဲ့ရင် အကောင်းဆုံးပါပဲ။ ဘာသာရေးဆိုတာ ယုံကြည်မှုတခုပါ။ လောက ကလွက်မြောက်ကြောင်း၊ သံသရာကလွတ်မြောက်ကြောင်း မြင့်မြတ်တဲ့အကျင့်တွေကို ဟောပြောဆုံးမတဲ့ အရာတွေပါ။ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ လောကီကိစ္စပါ။ လောကီကိစ္စနဲ့ လောကုတ္တရာ ကိစ္စကို သတ်သတ်စီခွဲထားတာ အကောင်းဆုံးပါ။ အဲဒီနှစ်ခုကိုရောခဲ့ပြီဆိုရင် ရည်ရွယ်ချက်က နှစ်ခုပဲရှိနိုင်ပါတယ်။ ပထမအချက်က ဘာသာရေးခေါင်းဆောင်ဟာ အီရန်တို့၊ အီရတ်တို့မှာလို နိုင်ငံရေးအာဏာကို လိုချင်လို့ဆိုတဲ့အချက်ရယ်။ ဒုတိယအချက်က နိုင်ငံရေး အာဏာရာထူးစည်းစိမ်တွေကို လိုချင်တပ်မက်နေတဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ အသုံးချခံ လက်ကိုင်တုတ်ဘ၀ကို မသိမသာရောက်သွားတာရယ် ဒီနှစ်နည်းပဲ ရှိနိုင်ပါတယ်။
အဲဒီနှစ်မျိုးလုံးမှာမပါဘဲ သန့်စင်သော ဘာသာသာသနာပြုမှုကတော့ လောကီနဲ့မပတ်သက်တဲ့ သာသနာပြုကိစ္စတွေ ဖြစ်ပါတယ်။ ဘယ်သူသေလို့ ၀မ်းသာတယ်၊ ဘယ်လူသတ်သမားကို ကျေးဇူးတင်တယ်ဆိုတာမျိုးမဟုတ်ဘဲ မြတ်စွာဘုရားရဲ့ တရားစစ် တရားမှန်ကို မိမိကိုယ်တိုင်လည်းသိမြင်အောင်၊ သတ္တ၀ါတွေအားလုံး လည်း သိမြင်လာအောင် မေတ္တာရှေ့ထားပြီး သာသနာပြုနေတဲ့ ရဟန်းသံဃာတွေ၊ သာသနာ့ဝန်ထမ်းတွေအားလုံးကိုတော့ ကြည်ညို လေးစားကန်တော့မိပါတယ်။ ဘာသာရေးမှိုင်းတွေ ကင်းဝေးပါစေ၊ ဘာသာရေး အရေခြုံပြီး လုပ်စားတဲ့သူတွေ နည်းပါစေ။ လိမ်သူတွေ နည်းပါစေ။ အလိမ်ခံရသူတွေ နည်းပါစေ။ ဘာသာရေးကသတ်သတ်၊ နိုင်ငံရေးက သတ်သတ် မရောထွေးတဲ့ ဗုဒ္ဓဘာသာနိုင်ငံစစ်စစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
သရ၀ဏ်(ပြည်)
ကိုးကား
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)၊ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိပြုစုရေးအဖွဲ့
No comments:
Post a Comment