ရှင်းရှင်းပဲ ပြောချင်ပါတယ်၊ မြန်မာလူငယ်တွေ မတော်ဘူး မဟုတ်ဘူး တော်ကြတယ် ဒါပေမယ့် နိုင်ငံတကာ စံချိန်မီအောင် (format) ဝင်အောင် မလုပ်နိုင်ကြသေးဘူးလို့ပဲထင်တယ်၊ ပြန်လှန်ဝေဖန်တာတွေတော့ ရှိမှာပေါ့ ကျနော်တို့ ကျမတို့ ဒီလောက်တောင် ဒီအရွယ်လေးနဲ့တင် လုပ်နိုင်တာ ဘာလို့ အသိအမှတ်မပြုဘဲ ပစ်စက်လတ်ခတ် ပြောသလဲပေါ့၊ ဒါကတော့ ဘာမှ ပြန်ပြောမရာမရှိဘူး သူတို့က ဟုတ်လို့ ပြန်ပြောတာ ပြောပါစေပေါ့။ လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။
ဘိုလို စကားပုံတခုရှိတယ် ဘာတဲ့ “If you have done, it is not bragging” တဲ့ ဆိုလိုတာက “မင်းသာတကယ်လုပ်ခဲ့ပြီးရင် ဒါဟာကြွားတာ မဟုတ်ပါဘူး” လို့ လက်ခံ၊ အသိအမှတ်ပြုတာပါ။ (ဆရာကောင်းသန့် စေတနာနဲ့ ဘာသာပြန်ပြီး ရေးခဲ့ဖူးပါတယ်)။
အဲဒီလိုမှ မဟုတ်ဘဲ တောင်သိမြောက်သိ၊ ကြားဖူးနားဝ ဉာဏ်ရည်တိမ်တိမ်နဲ့ စကားများများပြော လူဖြစ်တယ်ထင်ရင်တော့ မှားမယ်။ ကမ္ဘာမှာ ပိရမစ်အသိခေါ်မလား လူတွေလက်ခံထားတဲ့ နည်းနာနိဿရ တခုရှိတယ်။
ဆရာ သင်ကြားတာကို နာယူ၊ စွဲမှတ်ဖူးတာက မှန်းချေ (၅%)လောက် မှတ်မိနိုင်တယ် (ပကတိ ရှိရင်းစွဲ အခြေအနေ) ပေါ့လေ။
စာဖတ်တာကြတော့ သူ့ထက်ပိုတယ် (၁၀%)လောက် မှတ်မိနိုင်တယ်။
ဒီလို မဟုတ်ဘဲ နားထောင်ကြည့်တာကြတော့ (၂၀%) လောက် မှတ်မိနိုင်တယ်။ ဒါကလည်း ဆိတ်ငြိမ် အေးဆေးတဲ့ အခြေအနေတခုတော့ ရှိဖို့လိုမယ် ထင်ပါရဲ့၊ မဟုတ်ဘဲ ကာရာအိုကေမှာသီချင်းဆိုပြီး ဖေ့စ်ဘုတ်က ဖေတော့မောင်တော့တွေကို အလွယ်တကူ စာဖတ်တယ်လို့ အသိအမြင် မှားတာတွေ တော့မပါဘူး။
ဒါထက်ပိုသွားတာကြတော့ ကိုယ်ကိုယ်တိုင် ပါဝင်လှုပ်ရှားဆောင်ရွက်တာ၊ သူက နည်းနာနိဿရ အရလည်း သိသလို ဘာလုပ်ရင် ဘာအဖြေထွက်တယ် ဘာကို မလုပ်ရင် ဘာမရဘူးဆိုတာ သိသွားပြန်ရော ဒီတော့ အကျိုးရလာဒ်က ပိုတယ်။ သူက (၃၀%) လောက်ရှိတယ်။
ဒီထက်ပိုမြင့်လာပြီဆိုပါတော့ အုပ်စုလိုက် ဆွေးနွေး အဖြေရှာမှုတွေ၊ ဒီနေရာမှာ တခုတော့ ပြောရမယ် မြန်မာပြည်သားတွေမှာက စကားများများပြောပြီး၊ “ငါ့စကားနွားရ” ပြောတတ်ရင်ပဲ လူရာဝင်တယ် ထင်ပြန်ကော၊ ဒါက မှားနေတယ် တိတိကျကျ မှန်မှန်ကန်ကန်ပြောရရင် ဘာမှ သုံးမရဘူး၊ တလွဲ အယူအဆတွေနဲ့ လူပုံအလယ်မှာ ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်ပြန်ကော၊ အတော်ကို မလုပ်သင့်တဲ့အရာ ဖြစ်တယ်၊ ရှက်စရာလည်းကောင်းတယ် ဘာလို့ဆိုတော့ ကိုယ်ခံအား (ပင်ကိုယ်စဉ်းစားစွမ်းရည်၊ အတွေ့အကြုံ ဗဟုသုတ၊ လက်တွေ့) အားနည်းနေလို့ပဲ။ ဆိုလိုတာက သူ့ထက်ပိုသိတဲ့ သူတွေက ထောက်ပြရင် ကွဲကော။ ဆိုတော့ ဒီလို အုပ်စုလိုက် ဆွေးနွေးတဲ့အခါမှာ သူဘာပြောလဲ၊ ကိုယ်ဘာသိလဲ၊ ကိုယ်ဘာတင်ပြမလဲ၊ သူပြောတဲ့အထဲက ကိုယ်ဘာတွေရမလဲ (ဒီနေရာမှာ မြန်မာတွေက ကိုယ့်ကိုထောက်ခံမယ်ပဲ ထင်တတ်တာ၊ မဟုတ်ဘူး သူပြန်ပြောတဲ့အထဲက ကိုယ့်အယူအဆကို ဘာတွေ အထောက်အပံ့ ထပ်ဖြည့်နိုင်ခွင့်ရမလဲ လူတွေက ဘာကို လက်မခံနိုင်သလဲ အဲဒီလို စဉ်းစားရမှာ) ဒါတွေကို ဖြည့်သွင်းစဉ်းစားရမှာ။ ဒါမှ ပိုတိုးတက်မှာပေါ့ ဂေါတမဘုရားရှင် (ဗုဒ္ဒတောင်မှ အလုံးစုံသိနိုင်ခဲ့ပေမယ့် ထုတ်ဖော်ပြောခဲ့တာတွေ မရှိခဲ့သေးတာဘဲ) ထိန်းသိမ်းခဲ့ရတာတွေ ရှိတာပဲ။ ဘာလို့ကိုယ်တွေက ဆရာကြီး လုပ်နေရမှာလဲ၊ အခုခေတ်ဆိုရင် ပညာတွေက ပိုကျယ်ပြန့်ပေါ့ တီကောင်မိတ်လိုက်တာက အစ တခြားဂြိုလ်က ဂြိုလ်သားတွေ လာပြီး ကိုလိုနီ အပြုခံရနိုင်တယ်ဆိုတဲ့ အယူအဆတွေတောင် ပေါ်ပေါ်လာနေတာ။ ဒီတော့ ဒီအုပ်စုက အနည်းဆုံး ၅၀%လောက်တော့ သင်ကြားနာယူနိုင်ပြန်ကော၊ ကွာလာပုံပြောပါတယ်၊ စဉ်းစားဖို့ပါ။
နောက်တခုက လူပျင်း မဟုတ်တဲ့အစု၊ သူတို့က ဘာလုပ်လဲဆိုတော့ လေ့ကျင့်ကြည့်တယ် အိပ်မနေဘူး၊ အိပ်ပြီး စဉ်းစား၊ ပြီးတော့ သူများကို အညွှန့်ခူးစားတတ်တဲ့ ငပျင်း မဟုတ်ပြန်ဘူး သူတို့က လက်တွေ့ လုပ်ကြည့်တယ်။ အဲဒီမှာ အဖြေက စတာပဲ။
ဘာတွေ လုပ်လို့ရတယ်၊ မရဘူး၊ လက်တွေ့မှာ ဘာတွေက ဒီလူ့အဖွဲ့အစည်းမှာ မှားနေတယ်၊ ဘာတွေကတော့ မှန်နေသေးတယ် ဆက်သုံးလို့ရတယ်၊ စသဖြင့် အဖြေထွက်တယ်၊ ဆိုလိုတာက စစ်တမ်း (survey) ကောက်သလိုပေါ့ အချက်အလက်၊ အခြေအနေ၊ လက်တွေ့ အကုန်ရတယ်၊ အဲဒီတော့ သူများတွေကို “အမှန်တော့ ဒါတွေဟာ ဒီလိုကြောင့် ဒီလိုဖြစ်နေတယ် ဒါကို ဒီလိုလုပ်ရင် ဒီလို ဖြစ်လာနိုင်တယ်” စသဖြင့် နည်းလမ်းရှာဖွေ သင်ပြနိုင်တဲ့ အဆင့်ဖြစ်ကော။
ကွာလာပုံပြောပါတယ်။ သူတို့က လုံ့လဝီရိယ အကျိုးပြောရမလားမသိ သိနေပြီ၊ သူများလို လေသံကြား ဖမ်းတရားနာတာ မရှိတော့ဘူး၊ ခိုင်သွားပြီကိုး။
သူတို့ထက်ပိုပြီး တိကျ၊ ခိုင်မာ၊ အထောက်အထား ယူနိုင်တာက လက်တွေ့လေ့ကျင့်တဲ့သူတွေပဲ၊ သူတို့က သူတို့သိတာကို ပျော်ဝင်အောင်လုပ်ပြီးခံစားကြည့်၊ လေ့လာကြည့်၊ သင်ယူကြည့်၊ လုပ်ကိုင်ကြည့် အဲဒီလိုဟာမျိုးတွေ၊ ဆွေးနွေးတဲ့ အုပ်စုထက် သာသွားပြန်ကော သူတို့က လက်တွေ့ လုပ်ခဲ့ရတာကိုး ဒီတော့ပိုပြီး အကျိုးအမြတ်၊ အဖြေရလာဒ် စတာတွေကို (၇၅%) လောက်သူများထက်ပိုသိသွားတော့တာပဲ။
oဒီနေရာမှာ နောက်ဆုံးပိတ် တခုပြောမယ်၊ ကိုယ်သိတာကို သိသလောက် မျှဝေပေးတတ်တာ၊ သင်ကြားပေးတတ်တာ အဲဒီလူတွေကတော့ ဘယ်တော့မှ သူသိခဲ့၊ ကြားခဲ့၊ နာခဲ့၊ လုပ်ဆောင်၊ ဖြတ်သန်း၊ ရင်ဆိုင်၊ ကြုံတွေ့ခဲ့ရတာတွေအတွက် ဘယ်တော့မှ မမေ့တော့ဘူး ဆိုလိုတာက (၁၀၀%) မရှိတောင်မှ သူတို့က (၉၀%) တော့ အမြဲရှိနေတယ်၊ ဒီလိုလူမျိုးတွေပဲ ကမ္ဘာပေါ်မှာ သိက္ခာရှိရှိ ရင်ဆိုင်နိုင်ကြတာ များတယ်။
ဒီတော့ ပြန်ပြီးနိဂုံးချုပ်ရရင် (၅%) ကနေစလို့ (၃၀%) ရာခိုင်နူန်းက သူများပြုတာကို ခံရပြီးသင်ယူရတဲ့ ပညာတွေ၊ ကိုယ်ကိုယ်တိုင်လက်တွေ့ မလေ့လာ၊ မစမ်းသပ်ရဘဲ နာယူနေရတဲ့ စနစ်။
ဟော (၅၀%) ကနေ (၉၀%)ကြတော့ ကိုယ်ကိုယ်တိုင်လည်းပါတယ်၊ လက်တွေ့လည်း လေ့လာရတယ်၊ လေ့ကျင့်လို့လည်းရတယ်၊ ပြုစုပျိုးထောင်ခွင့်လည်းရှိတယ်၊ ဒီထက်ပိုရင် တီထွင်ထန်တီးခွင့်လည်းရှိတယ်။ ကဲအဲဒီတော့ ကျုပ်တို့ မြန်မာတွေ ဘာလုပ်မလဲ။
လက်ရှိ ရှိနေတဲ့ ဗဟုသုတ၊ ပညာဆိုင်ရာ ကိစ္စတွေကို ကိုယ်ရွှေမြန်မာတို့ ဘယ်လမ်းရွေးပြီး တိုင်းပြည်တည်ဆောက်မလဲ၊ ဒါကိုစဉ်းစားရတော့မယ်၊ မဟုတ်ရင်တော့ ပေါတိပေါချာဘွဲ့တွေနဲ့ ကမ္ဘာက ပျက်ရယ်ပြုတာ ခံကြရတော့မယ်။
တိုင်းနိုင်ငံတခုကို ချစ်ရင်၊ မျိုးဆက်တွေကို မှန်ကန်တဲ့၊ နည်းလမ်းကျတဲ့၊ စဉ်းစားတွေးခေါ်နိုင်ခွင့်၊ လက်တွေ့ကျင့်သုံး ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ “ပညာရေးစနစ်” ကို ကျနော်တို့ ပေးအပ်ရပါမယ်၊ မဟုတ်ရင်တော့ လင်လု၊ ရာထူးလု၊ ငွေမက်မော၊ ရိုင်းစိုင်းတဲ့ အပြုအမှု၊ အပြောအဆိုတွေကို အာသာပြေ လွှင့်နေ၊ ပြနေ ယုံနဲ့တော့ ကျနော်တော့ “ဒီတိုင်းပြည်ကိုချစ်လို့” ဆိုတာ လက်မခံပါဘူး။
ကျနော် စိတ်မကောင်းဆုံး တခုပြောပါမယ်။ ကျနော်တို့ငယ်ငယ်က လူဖြစ်အောင် လေ့ကျင့်ခွင့် (ဗဟုသုတ၊ ပညာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ) ရခဲ့တဲ့ လမ်းဘေး စာအုပ်ဆိုင်တွေ ပျောက်ဆုံးသွားခဲ့ရတာပါပဲ။ ဒီလို ဆုံးရှုံးမှုဟာ ကျနော်တို့ လူ့အဖွဲ့အစည်း တခုလုံးမှာ တာဝန်ရှိပါတယ်၊ ကျနော်တို့ ပြန်လည် တည်ဆောက် ရပါမယ်၊ ပျိုးထောင်ရပါမယ်၊ မဟုတ်ခဲ့ရင်တော့ ကျနော်တို့ မျိုးဆက်တွေကို နှစ်သလို၊ မွှန်းသလို ဖြစ်သွား ပါတော့မယ်၊ အားလုံးဝိုင်းဝန်း အကောင်အထည်ဖော်စေချင်ပါတယ်။
သက်ခိုင်
(၂၁း၁၆)
(၇.၁၀.၂၀၁၅)
No comments:
Post a Comment