Saturday, October 24, 2015

ဓာတ်ပုံရိုက်ရောဂါနဲ့ လူမှုရေးစိတ်ဓာတ်




ပြီးခဲ့သည့်တပတ်က စာရေးဆရာမထက်မြတ်နိုင်ဇင်၏ 'အလင်းကွယ်ရာ'၀တ္ထုတိုကို ဖတ်လိုက်ရပါသည်။ လူတိုင်းနီးပါး မိုဘိုင်းဖုန်းကိုင်လာနိုင်သည့်ကာလမှာ ဘုရား၊ ပန်းဥယျာဉ်၊ တိရစ္ဆာန်ရုံ စသည့်နေရာတို့၌ ကိုယ့်ဖုန်းနှင့်ကိုယ် ဓာတ်ပုံရိုက်နေကြသဖြင့် ဓာတ်ပုံလုပ်ငန်းနှင့် အသက်မွေးသည့်သူများ (အထူးသဖြင့် အောက်ဒိုးဓာတ်ပုံဆရာများ) လုပ်ကိုင်စားသောက်ရန် ခက်ခဲလာသည်နှင့်အမျှ အသစ်အသစ်ပေါ်ထွက်လာ သည့် နည်းပညာများ၊ ကင်မရာနှင့်ဆက်စပ် ပစ္စည်းအသုံးအဆောင်များကို ဘယ်လိုမှလက်လှမ်းမမီနိုင်တော့ သည့်အကြောင်း ဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ကင်မရာများ စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့်ကိုင်တွယ်သုံးစွဲလာနိုင်ကြချိန်မှာ အဆိုပါအောက်ဒိုးဓာတ်ပုံဆရာများအတွက် အန္တရာယ်အချက်ပေးခေါင်းလောင်းသံ စတင်ပေါ်ထွက် လာခဲ့ပါ သည်။ ရှပ်တာ၊ အပါချာ၊ အလင်းအမှောင်တို့၏ အဖွင့်၊ အပိတ်၊ အကျဉ်း၊ အကျယ်၊ အနည်း၊ အများတို့ကို သိစရာ၊ ချိန်စရာ၊ တွက်ဆစရာမလိုဘဲ အလိုအလျောက် အော်တိုချိန်ရွယ်ရိုက်ကူးပေးနိုင်သော ကင်မရာလေး များမှ ထွက်ပေါ်လာသည့် ဓာတ်ပုံအရည်အသွေးမှာ ကျွမ်းကျင်တတ်မြောက်သောဓာတ်ပုံဆရာ စိတ်တိုင်းကျ ရိုက်ကူးပေးလိုက်သည့် ဓာတ်ပုံအရည်အသွေးကို ဘယ်လိုမှမမီနိုင်ပါ။ သို့သော် ရိုက်ကူးသူ၊ အရိုက်ခံသူတို့၏ စိတ်အဆာကိုတော့ ပြေစေသည်ဖြစ်ရာ ဒစ်ဂျစ်တယ်ကင်မရာတွေကို (တဖြည်းဖြည်းနှင့် ဈေးကလည်း တသိန်း အောက်ရောက် လာခဲ့သည်မို့) တောရောမြို့ပါ နှစ်သက်အားပေးလာခဲ့ကြပါသည်။ ထိုမှတဖန် ဒစ်ဂျစ်တယ် ကင်မရာဖြင့် ရိုက်ကူးလာသည့်ပုံများကို ကွန်ပျူတာတွင် ဖိုတိုရှော့ဖြင့် ကြိုက်သလို ပြုပြင်မွမ်းမံနိုင်လာသည့် အခါ ဓာတ်ပုံဆရာများ၏အရည်အချင်းကို တော်တော်များများက မျက်ကွယ်ပြုလာခဲ့ ကြပါသည်။

မိုဘိုင်းဖုန်းခေတ် ရောက်လာသောအခါ မီဂါပစ်ဇယ်မြင့်မားသည့် ဖုန်းများ၊ ပုံထွက်ကောင်းသည့်ဖုန်းများ ပေါ်လာ သဖြင့် ကလေး၊ လူကြီးရောက်လေရာမှာ ဖုန်းဖြင့် ဓာတ်ပုံရိုက်ကြပြန်ပါတော့သည်။ သည်မှာတင် တီထွင်သူ များက ဖုန်းဖြင့် ကိုယ့်ပုံကိုယ်ပြန်ရိုက်နိုင်သော 'ဆယ်လ်ဖီ'နည်းပညာကို ထည့်သွင်းပေးလိုက်ပြန်သောအခါ သူသူကိုယ်ကိုယ် နံနက်စာစားခါနီး လက်ဖက်ရည်၊ ထမင်းကြော်ပန်းကန်တို့ကိုဖြစ်စေ၊ ပဲပြုတ်နှင့် နံပြားပန်းကန် တို့ကိုဖြစ်စေ (ဗိုလ်ချုပ်လိုပေါ့နော်ဆိုတာက ပါလိုက်သေး) ဓာတ်ပုံရိုက်ပြီး လူမှုစာမျက်နှာပေါ် (ဖေ့စ်ဘွတ်ခ်ပေါ်) ချက်ချင်းတင်လိုက်တာမျိုး၊ ဘုရားပေါ်၊ ပန်းခြံထဲ၊ စားသောက်ဆိုင်မှာ၊ ဟိုတယ်တွင်း စသည်ဖြင့် ဘယ်ကို ရောက်ရောက် ကိုယ့်ပုံလေးကိုယ်ရိုက်ပြီး ကြည့်ရုံမျှမက လူမှုစာမျက်နှာပေါ်တင်လိုက်ရမှ စားဝင်အိပ်ပျော် ဘ၀မျိုး ရောက်သွားကြပါတော့သည်။ တင်လိုက်ကြသမှ အိမ်သာကမုခ်ပေါ် ထိုင်နေပုံပါတင်သူက တင်ခဲ့ကြပါ သည်။

သည်လိုနှင့် ဘယ်ရောက်ရောက်၊ ဘာတွေ့တွေ့ ဖုန်းထုတ်ဓာတ်ပုံရိုက်ကြသူတွေ တော်တော်ကြီးကို များပြား လာပါတော့သည်။ သူတို့ရိုက်ပေး၊ တင်ပေးကြသော ဓာတ်ပုံတွေကြောင့် ကွဲကွာနေသူများ၊ ပျောက်ဆုံး နေသူများ၊ မိသားစုနှင့် မိတ်ဆွေသင်္ဂဟတွေနှင့် ပြန်လည်ပေါင်းဆုံမိတာတွေ၊ လူသတ်မုဒိမ်းကျင့် ပစ္စည်းလုပြီး ထွက်ပြေးသွားသည့် ၀ရမ်းပြေး များကို ပြန်လည်ဖမ်းမိတာတွေ၊ အထက်လူကြီးက အထင်အမြင်လွဲမှားနေရာမှ ပြန်လည်ဖြေရှင်းသွားတာတွေ စသည်ဖြင့် အကျိုးကျေးဇူးများစွာ ကြုံတွေ့ခဲ့ဖူးပါသည်။ သို့သော်လည်း အချို့ ကတော့ ရိုင်းစိုင်းယုတ်မာသည့် ပုံတွေ၊ ပိုးစိုးပက်စက်ပုံတွေ၊ စက်ဆုပ်ကြောက်ရွံ့ဖွယ် လူသေအလောင်း ပုံတွေ၊ သွေးသံရဲရဲပုံတွေ၊ ကာယကံရှင်ဆန္ဒမပါဘဲ အလိုမတူဘဲ မျက်နှာဖော်ပြထားသောပုံတွေပါ တင်လာခဲ့ကြသဖြင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ရပေါင်းလည်း များလှပါပြီ။

ကိုယ့်ရှေ့မှာ တခုခုဖြစ်လိုက်သည်နှင့်၊ တွေ့လိုက်သည်နှင့် ကူညီဖို့၊ ကယ်ဆယ်ဖို့ကနောက် အရင်ဆုံးလုပ်မိကြ သည်က ဖုန်းဖြင့် ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ကြခြင်းမျိုးပင် ဖြစ်လာခဲ့ကြပါသည်။ လူမှုရေးစိတ်ဓာတ် ခေါင်းပါး ပျောက်ကွယ်ပြီး ဓာတ်ပုံထူးထူးဆန်းဆန်းတွေ၊ သတင်းထူးတွေ လူမှုစာမျက်နှာပေါ်ကိုယ်က ကိုယ်က ဦးဦးဖျား ဖျားတင်လိုက်နိုင်ဖို့သာ ကြိုးပမ်းလုပ်ဆောင်နေသည့်သဖွယ် ဖြစ်လာခဲ့ပါ၏။ ဥပမာဖြစ်ရပ်တခု တင်ပြပါရစေ။ လွန်ခဲ့သောနှစ်လခန့်က ကျွန်တော့်ဇနီး၏ဦးလေးတယောက် ရုတ်တရက် ကွယ်လွန်သွားသဖြင့် နာရေးကိစ္စ သွားရောက်ခဲ့ကြပါသည်။ ဦးလေး၏ဇနီး၊ သားနှင့် ချွေးမတို့က ဖြစ်ကြောင်းကုန်စင်ကို ကြေကွဲဆို့နင့်စွာ ရှင်းပြ ခဲ့ကြပါသည်။

ထိုနေ့နံနက်က ဦးလေးသည် မိုဘိုင်းဖုန်းပြင်ရန် နှစ်လမ်းကျော်ခန့်မှ ဖုန်းပြင်ဆိုင်သို့သွားခဲ့သည်။ ဖုန်းကောင်း သွားသည့်အခါ အိမ်ရှိ ဇနီးသည်ထံ ဖုန်းဆက်ပြီး မဲစာရင်းသွားကြည့်လိုက်ဦးမည်ဟု ပြောခဲ့ပါသည်။ ထို့နောက် ဟိုဘက်ရပ်ကွက်တွင်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘက်သို့သွားသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး တွင် လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တွေရှိသည်။ ထိုဆိုင်များအနီးသို့အရောက်တွင် လူရွယ်တဦးနှင့်တွေ့ သည်။ ထိုလူရွယ်မှာ အနီးရှိလမ်းထဲ အိမ်တအိမ်မှဖြစ်သည်။ စိတ်ဖောက်ပြန်ဖူးသဖြင့် ရွာသာကြီးစိတ်ကျန်းမာ ရေးဆေးရုံတွင် တက်ရောက်ကုသနေရာမှ ပြန်ရောက်လာသူဖြစ်သည်။ ထိုနေ့က သူ့အဖေနှင့် စကားများရန်ဖြစ် ပြီး သူ့အဖေမှာ အပြင်သို့ထွက်သွားရာ အဖေကိုသတ်မည်ဟု အိမ်မီးဖိုချောင်မှ ကြက်သွန်လှီးဓားတချောင်း ယူပြီး အပြင်သို့ ထွက်လာခြင်းဟုသိရပါသည်။ ထိုသူက ကျွန်တော့်ဇနီး၏ဦးလေးကို တွေ့သောအခါ (သူ့ဖခင် နှင့်အရွယ်တူ လူကြီးမို့) စိတ်မထိန်းနိုင်ဘဲ ဓားနှင့်ထိုးထည့်လိုက်သည်။ နောက်ကျောဘက်မှ ထိုးလိုက်ခြင်းမို့ လက်ပြင် အောက်နားမှာ ထိုးစိုက်ခံလိုက်ရပါသည်။ ဒဏ်ရာကြောင့် ဦးလေးမှာ မြေပေါ်မှောက်လျက် လဲကျခဲ့ပါ သည်။

ဓားနှင့်ထိုးသူမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးထဲသို့ဝင်သွားပြီး ''ကျွန်တော် လူတယောက်ကို ဓားနှင့်ထိုးလာခဲ့တယ်'' ဟုပြောရာ ရုံးထဲမှလူ အချို့ကမယုံကြည်ဘဲ (အချို့ကလည်း ဒီကောင်အရူးထပြီး လာကြောင်နေပြန်ပြီဟု အထင်နှင့်) ''သွားစမ်းပါကွာ၊ ဒီမှာ ငါတို့မဲစာရင်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ မင်းဓားနဲ့ထိုးလာခဲ့ရင်လည်း ရဲစခန်း သွားပြီး အဖမ်းခံလိုက်ကွာ''ဟု မောင်းထုတ်လိုက်ပါသည်။ ထိုလူရွယ်မှာ ရပ်ကွက်ရုံးထဲမှ ကြောင်တောင်တောင် နှင့် ပြန်ထွက်လာခဲ့ပါသည်။ ထိုအချိန်တွင် ဦးလေးမှာ မြေပေါ်တွင်ပင် အားယူ၍ ထထိုင်နေသည်ကိုတွေ့လိုက် ရာ ဦးလေးအနားသို့ပြေးသွားပြီး ကွမ်းယာဆိုင်ရှေ့နားမှ ဆိုင်းဘုတ်တိုင်ကို မြေကြီးထဲမှဆွဲနုတ်ကာ ဦးလေး ခေါင်း၊ မျက်နှာ၊ ပခုံး၊ ကျောစသည်ဖြင့် မိရာကို အချက်ပေါင်းများစွာ ရိုက်နှက်နေပါတော့၏။ ဦးလေးမှာ တတ်နိုင်သမျှ အော်ဟစ်ကုန်းထပါသော်လည်း ဒဏ်ရာများပြင်းထန်သဖြင့် တဖြည်းဖြည်းလဲကျသွားပါသည်။ ထိုသူက မရပ်မနား ဆက်ရိုက်နေပါသည်။

ထိုအချိန်တွင် အနီးအနားမှာ လူ ၁၀ ဦးမက ရှိနေသော်လည်း တဦးတယောက်ကမှ ရိုက်နှက်နေသူကို ၀င်မဆွဲ၊ ၀င်မထိန်းကြပါ။ နှစ်ဦး၊ သုံးဦးလောက် အတင်းဖမ်းချုပ်၊ မှတ်လောက်အောင် ထိုးကြိတ်လိုက်ရုံနှင့်ပင် ဟန့်တား နိုင်မည်ဖြစ်သော်လည်း ဘယ်သူကမှ မလုပ်ဆောင်ခဲ့ကြပါ။
စိတ်ဖောက်ပြန်နေသူကို ကြောက်လန့်၍ပဲလား (သို့မဟုတ်) ငါတော့ စ,မလုပ်ရဲဘူး၊ မင်းတို့လုပ်၊ ငါနောက်က ပါမယ်ဟူသော စိတ်မျိုးပင် လူတိုင်းမှာရှိနေ၍လား မသိတော့ပါ။ အနီးမှာရှိနေသည့်လူတွေ အများစုလုပ်ကြ သည်ကတော့ ဖုန်းများကိုယ်စီထုတ်၍ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းပင် ဖြစ်ပါသည်တဲ့။ တာဝန်ရှိသူများကို ခေါ်ဖို့တော့ မည်သူမှ သတိမရကြ။

မလှမ်းမကမ်း အိမ်တလုံး၏၀ရန်တာမှ အမျိုးသမီးတဦးက ထိုသို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် ရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့သည်ဟု သိရပါသည်။ စဖြစ်ချိန်မှ ငါးမိနစ်ကျော်ကျော် ကြာသည်ထိ အားရပါးရရိုက်နှက်ပြီးသောအခါ ထိုလူရွယ်မှာ ထွက်ခွာသွားခဲ့ပါသည်။ သူ့လက်ထဲမှာ ဓားရှိ၍ထင့် ဘယ်သူကမှ မဖမ်းရဲကြပါ။

ရဲတွေရောက်လာချိန်တွင် ဦးလေးမှာ အသက်ရှိပါသေးသည်။ သူ့အမည်၊ သူ့အိမ်လိပ်စာတို့ကို ပြောပြနိုင်သေး သည်ဟု သိရပါသည်။ ရဲများကပင် ဦးလေးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဦးလေး၏ဇနီးမှာ တနာရီကျော် ကြာသည်ထိ ဦးလေးပြန်ရောက်မလာသဖြင့် ဦးလေးယူသွားသော(ပြင်ရန်ယူသွားသော)ဖုန်းကိုခေါ်ကြည့်ရာ အမှုစစ်ရဲအရာရှိက ပြန်ထူးပြီး ဦးလေးဓားထိုးခံ၊ အရိုက်ခံရ၍ ဆေးရုံပို့ထားကြောင်း၊ ဦးလေးထံမှရသောဖုန်းကို ဆက်သွယ်ထားသည့်နံပါတ်များကြည့်၍ ဆက်ပြောမည် စိတ်ကူးရှိသော်လည်း အလုပ်ရှုပ်နေ၍ မဆက်ဖြစ်သေး ချိန်မှာ ယခုလို ဦးလေးအိမ်မှ ဆက်သွယ်လာခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

ဦးလေးဇနီးနှင့် ချွေးမလေးတို့ ဆေးရုံသို့ ချက်ချင်းလိုက်သွားကြသည်။ ဆေးရုံရောက်သောအခါ ဦးလေးကို ခုတင်တလုံးပေါ်တွင် သွေးသံရဲရဲနှင့် တွေ့လိုက်ရ၍ ရင်ထဲဆို့သွားခဲ့ကြသည်။ သတိမရှိတော့။ သူနာပြု ဆရာမ တယောက်က အ၀တ်စတခုလာပေးပြီး ''အောင်မယ်လေး၊ လူနာရှင်ကလည်း ခုမှရောက်လာတော့တယ်။ ဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ။ ရော့ ရှင်တို့လူနာကို ကိုယ်တိုင်ပဲ သွေးတွေ ဘာတွေသုတ်ပေးကြပါဦး'' ဟု ပြောသွားပါသည်။ ဇနီးနှင့် ချွေးမတို့က သွေးများသုတ်ပေးပြီး အသက်လုပေးရန် ပန်ကြားပါသော်လည်း မမီလိုက်တော့ပါ။ ကွယ်လွန်သွားခဲ့ပါပြီ။

ဦးလေးကွယ်လွန်ရပုံဖြစ်စဉ်ကို နားထောင်၍ ထိခိုက်ကြေကွဲရပါသည်။ အသက် (၇၀)ကျော် လူကြီးတယောက် ကို စိမ်ပြေနပြေ စိတ်ရှိလက်ရှိ ရိုက်ချင်တိုင်းရိုက်နေသည်ကို ၀င်မဆွဲရဲ၊ ၀င်မထိန်းရဲ (ရပ်ကြည့်နေသည့် ယောက်ျားတွေ တယောက်တချက် ၀ိုင်းထိုးလျှင်ပင် ထိုသူမေ့လဲသွားနိုင်လောက်ပါသည်)ကြသည့်အဖြစ်၊ ကြုံခေါင့်ကြုံခဲ တကယ့် လူသတ်ပွဲမို့ ဖုန်းဖြင့်မှတ်တမ်းတင်ပြီး သက်ဆိုင်ရာကိုကျတော့အကြောင်း မကြား၊ သတင်းမပို့ကြသည့်အဖြစ်။ ကျွန်တော်တို့ လူ့ဘောင်အသိုက် အ၀န်းမှာ အကြင်နာတရားနှင့် စာနာမှုတရားတွေ ခေါင်းပါးသွားကြလေပြီလား။ တခုတော့ တွေးမိပါသည်။ ဗမာလူမျိုးတော်တော်များများမှာ ယခုလိုကိစ္စကြုံလာ လျှင် ဘယ်သူကမှ စတင်ဦးဆောင်ပြီး မလုပ်ရဲကြပါ။ ၀န်လေးနေတတ်ကြပါသည်။ အကယ်၍ တယောက် ယောက်ကများ ထိုစိတ်မမှန်သူကို ၀င်ထိုးဝင်ရိုက်လိုက်၍ ထိုသူလဲသွားပြီဆိုပါစို့။ ထိုသူကို ၀င်ထိုးမည့်၊ ၀င်ရိုက် မည့်၊ ၀င်ကန်မည့် သတ္တိခဲတွေ မြောက်မြားစွာ ပေါ်ထွက်လာပါလိမ့်မည်။ ''ငါတို့ရပ်ကွက်ထဲမှာ ဒါမျိုးလာမလုပ်နဲ့ ဘယ်တော့မှမရဘူး။ ဘာမှတ်နေလဲ''ဆိုတာမျိုးတွေတောင် အော်ဟစ်ကြုံးဝါး ပြလိုက်ပါဦးမည်။ ယခုဖြစ်စဉ်မှာ တော့ စတင်ဦးဆောင်ပေးမည့် လူစွမ်းကောင်းအချိန်မီ မပေါ်ပေါက်ခဲ့သောကြောင့် အသက်တချောင်း မရှုမလှ ဆုံးရှုံးခဲ့ရပါသည်။

တနေ့ကလည်း လူမှုစာမျက်နှာတွေမှာ၊ သတင်းစာမှာ သတင်းတပုဒ်တွေ့လိုက်မိပါသေးသည်။ ဘုရင့်နောင် တံတားပေါ်မှာ အလုပ်မှပြန်လာသူ မိန်းမပျိုလေးတဦးကို (သူကဲ့သို့ပင် အခြားအလုပ်ခွင်များမှ ပြန်လာကြသူ) ယောက်ျားလေးအုပ်စုထဲမှ တယောက်က ပခုံးကို လှမ်းဖက်လိုက်၍ မိန်းကလေးက ထီးနှင့်ပြန်ရိုက်ရာ ကောင်လေးက မိန်းကလေးကိုချုပ်၍ လေးငါးခါ ဖက်နမ်းပြီး ဆဲဆိုထိုးကြိတ်နေကြောင်း၊ ဘေးနားမှာ ရပ်နေ ကြသော ကားများပေါ်မှလူများ၊ တံတားပေါ်မှာ လျှောက်နေကြသော လူများကလည်း ဘာမှဝင်မထိန်းဘဲ ရပ်ကြည့်နေကြကြောင်း၊ နောက်မှ အနီးသို့ရောက်လာသူ ယောက်ျားလေးတဦးက ထိုမိန်းကလေးကို အတင်း ဆွဲထုတ်လိုက်ရကြောင်း၊ ကြည့်နေသူတွေထဲမှ နှစ်ဦး၊ သုံးဦးလောက်ကသာ ၀င်ထိန်း၊ ၀င်ဆွဲပေးလျှင်ပင် ရနိုင်ပါလျက် တဦးတယောက်ကမှ မလှုပ်ရှားကြကြောင်း၊ သူကိုယ်တိုင် ကားပေါ်မှဆင်း၍ ရိုက်မည် စိတ်ကူး သေးသော်လည်း ကားထွက်လာ၍ မဆင်းလိုက်ရကြောင်း ဖတ်ရှုလိုက်ရပါသည်။ အမျိုးသမီးလေးတဦးကို ဤမျှ ရဲတင်းယုတ်မာစွာ စော်ကားနေခြင်းကိုပင် လက်ပိုက်ကြည့်နေကြလောက်အောင် လူမှုရေးစိတ်ဓာတ်ခေါင်းပါး ကုန်ကြသည်မှာ မယုံနိုင်စရာပင်။

ကိုယ့်မျက်စိရှေ့မှာ နှိပ်စက်သတ်ဖြတ်ခံနေရတာ၊ စော်ကားမော်ကားပြုခံနေရတာတွေကို လက်ငင်းကူညီကယ် ဆယ်ထိန်းသိမ်းဟန့်တားလိုက်တာမျိုး မလုပ်နိုင်ဘဲ၊ မလုပ်ရဲဘဲ ဓာတ်ပုံရိုက်ပြီး လူမှုစာမျက်နှာပေါ် တင်ပေး လိုက်သည့် အလေ့အထမျိုးသာတွင် ကျယ်ထွန်းကားနေပါလျှင်တော့။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: