Monday, October 12, 2015

အိန္ဒိယတူဒေး သတင်းဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းမှု ကောက်နှုတ်ချက်



ရက်သတ္တပတ် လေးပတ်သာလိုတော့တဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီ ကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြောင်းလဲမယ့်ရွေးကောက်ပွဲလို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားယူဆ ထားကြပါတယ်။ ပိုပြီး အရေးကြီးတာကတော့ ဒီရွေးကောက်ပွဲဟာ အောင်ဆန်းစုကြည်ရဲ့ အနာဂတ်ကိုလည်းပြောင်း လဲစေနိုင်ပါတယ်။ သူ့ရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ပါသလား? သူဟာ (ဒေါ်အောင်ဆန်းစုကြည်ဟာ) မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာနိုင်လား? သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အများကြီးနဲ့ ပတ်သတ်ပြီး သူ ဘယ်လို ရင်ဆိုင်ဆောင်ရွက်မလဲ? စတာတွေကို India Today သတင်းဌာန “To the Point” အစီအစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းချက်တွေထဲက တစ်ချို့ကို မဇ္ဈိမက ကောက်နှုတ်ဖော်ပြလိုက်သည်။

မေး ။ အောင်ဆန်းစုကြည်ခင်ဗျား။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနဲ့ စကြရအောင်ပါ။ ခင်ဗျားရဲ့ ပါတီအတွက် မဲဆွယ်စည်းရုံးမှုတွေ စတဲ့အခါမှာ ခင်ဗျားက “ဒါဟာ နိုင်ငံရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်းတစ်ရပ်လို့ ပြောခဲ့ပါတယ်”။ ခင်ဗျားပါတီရဲ့ အနာဂတ် နဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ အနာဂတ်ကိုပါ ပြောင်းလဲစေနိုင်တဲ့ ရွေးကောက်ပွဲကနေ ခင်ဗျား ဘာကိုမျှော်လင့်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ဒီနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်မရဲ့ အနာဂတ် မဟုတ်သလို ကျွန်မ ပါတီရဲ့ အနာဂတ်ပဲ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရဲ့ အနာဂတ်လို့ပဲ ကျွန်မတို့ တွေးပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို၊ နောင်လာမယ့် မျိုးဆက်တွေရဲ့ အနာဂတ်ကို ပြောင်းလဲမယ့် ရွေးကောက်ပွဲပါ။ ဒါကြောင့်မို့ လူတွေကို ပြောရပါတယ်။ ရှင်တို့ဟာ ရှင်တို့အတွက်လောက်ပဲ မဲပေးနေတာ မဟုတ်ပါဘူး။ သားသမီးတွေ၊ မြေးမြစ်တွေ အတွက်ပါ မဲပေးကြရတဲ့ သဘောပါလို့ ပြောရပါတယ်။

ရိုဟင်ဂျာကိစ္စ နှင့် ပတ်သတ်သော မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်
ကျွန်မ အဲဒီအကြောင်းကို ပြောခဲ့ပေမဲ့ လူတွေက စိတ်မဝင်စားကြပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ လိုချင်တာက ရခိုင်တွေကို ကျွန်မ ဝေဖန်တာကို လိုချင်ကြတာပါ။ နာကြည်းချက်တွေ အများကြီးကို ရခိုင်တွေလည်း ကြုံတွေ့ခံစားနေရတယ် ဆိုတဲ့ အချက်ကြောင့် ရခိုင်တွေကို ကျွန်မ ဝေဖန်ပြစ်တင်တာမျိုး မလုပ်နိုင်ပါဘူး။ ဒီ နာကြည်းချက်တွေဟာ စစ်အာဏာပိုင်တွေ၊ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကျင့်သုံးခဲ့တဲ့ မူဝါဒတွေရဲ့ ရလဒ်တစ်ခုပါ။ ပြီးတော့ ပြဿနာမီးတောက်တွေ ပိုကြီးလာမှာမျိုးကို ကျွန်မ မလိုလားပါဘူး"

“ကျွန်မရဲ့ တာဝန်က အသိုင်းအဝိုင်း တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်ဖို့ မဟုတ်ဘဲ၊ အသိုင်းအဝိုင်းတွေအကြား ပြန်လည်သင့်မြတ်မှုကို ဆောင်ကြဉ်းပေးနိုင်အောင် ကြိုးစားဖို့ပါ။ အဲဒီလိုကြိုးစားတဲ့အခါမှာ တစ်ဘက်ဘက်ကို ပြစ်တင်ဝေဖန်ခြင်းမျိုးနဲ့ လုပ်လို့ မရပါဘူး"

“လူတွေ ကြားချင်ကြတာက မီးလောင်ရာလေပင့်မယ့် အပြစ်တင်စကားတွေပါ။ ဒါပေမဲ့ ကျွန်မ ဝေဖန်ပြစ်တင်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ပြန်လည်သင့်မြတ်လာကြအောင် ကျွန်မ ကြိုးစားနေတာပါ။ ဒီလမ်းကြောင်းအတိုင်း ကျွန်မတို့ ဆက်သွားဖို့ လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရှေ့မှာ ရှည်လျားတဲ့ အနာဂတ် ရှိနေလို့ပါ။ မှန်ကန်တဲ့ နိုင်ငံရေးမူဘောင်က ပေးအပ်မယ့် လုံခြုံရေး အခြေအနေအောက်မှာ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း၊ သင့်သင့်မြတ်မြတ် နဲ့ အတူတကွ နေထိုင်နိုင်ဖို့ သင်ယူရပါမယ်”    

ဘာသာရေး ပြဿနာများနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်
"ဟုတ်ပါတယ်။ အဲဒါဟာ ကျွန်မကို စိုးရိမ်စေပါတယ်။ လွယ်ကူတဲ့ အဖြေတစ်ခုလည်း မရှိပါဘူး။ ဘာသာရေး စိတ်ထက်သန်မှု ဆန္ဒဇောတွေဟာ ဘာလဲဆိုတာ ရှင်သိပါတယ်။ ကျွန်မတို့ အတွက်နှစ် ဆလောက် ပိုပြီး ခက်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘာသာရေး နဲ့ နိုင်ငံရေး ရောထွေးမှုကို အခြေခံဥပဒေက တားမြစ်ထားလို့ပါ။ ဒါကြောင့် ကျွန်မဟာ ကျွန်မပြောတာတွေနဲ့ ပတ်သတ်ပြီး အလွန် သတိထားရပါတယ်။ NLD ကလည်း အလွန် သတိထားရပါတယ်။ အဲဒါတွေ လုပ်ပေမဲ့ အရေးယူမခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ ကျွန်မတို့ အတွက်တော့ အခြေခံဥပဒေကို ချိုးဖောက်သလို ဖြစ်သွားမယ့် အန္တရာယ် ရှိတာမို့ ဒီလို ကိစ္စတွေအပေါ်မှာ မှတ်ချက်ပေးဖို့ အလွန့်အလွန်ကို ခက်ခဲပါတယ်"

"ဟုတ်ပါတယ်။ ကျွန်မဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ဒါပေမဲ့ "ကျွန်မဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်" ဆိုပြီး ဆိုးဆိုးဝါးဝါး လျှောက်ပြောနေလို့ မရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အဲဒါဟာ အခြေခံဥပဒေကို ဆန့်ကျင်နေလို့ပါ။ အဲဒါကို လုပ်တဲ့ တခြားသူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် တရားမျှတမှုကို ကျွန်မတို့ လိုချင်ပါတယ်။ ဒီမိုကရေစီဆိုတာ လူမျိုး၊ ဘာသာ စတာတွေကို ထည့်မတွက်ဘဲ လူတိုင်းအတွက် တရားမျှတမှု ရှိရေးကို အခြေခံရမယ်ဆိုတာ ထင်ရှားပါတယ်"

"အဲဒါဟာ ဒီအစိုးရ ကြိုးစားဆောင်ရွက်နေတဲ့ ကိစ္စ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို မေးခွန်းထုတ်လို့ ရပါတယ်။ ကျွန်မတို့ကို မေးမယ့်အစား ဒီအစိုးရကို ပိုပြီး မေးခွန်းထုတ်ရမှာပါ။ ကျွန်မတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်တွေမှာ အကန့်အသတ် ရှိပါတယ်။ ကျွန်မတို့ဟာ နိုင်ငံရေးပါတီ တစ်ခု၊ တရားဝင် နိုင်ငံရေးပါတီတစ်ခု ဖြစ်တာမို့ အခြေခံဥပဒေရဲ့ မူဘောင်အတွင်းကနေ၊ ပြီးတော့ နိုင်ငံရေးပါတီတွေအတွက် ချမှတ်ထားတဲ့ ဥပဒေတွေ အတွင်းကနေ ဆောင်ရွက်ရမှာပါ"

"ဘာသာရေးကို အသုံးချပြီး NLD ကို တိုက်ခိုက်နေကြတဲ့ သူတွေဟာ ဥပဒေကို ဆန့်ကျင်ပြီး လုပ်နေကြတာ ဖြစ်ပေမဲ့ ဒီအစိုးရက အရေးယူဆောင်ရွက်မှု သိပ်မလုပ်ပါဘူး"

မေးခွန်း။ ။ အရှင်ဝီရသူဟာ မြန်မာမှာ ဗုဒ္ဓဘာသာရဲ့ မျက်နှာစာ တစ်ခုလား။ သူဟာ မြန်မာ့ စံနမူနာလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ "မဟုတ်ပါဘူး။ ဒါဟာ တစ်ပါးချင်းစီနဲ့ပဲ ဆိုင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာ လေးစားစရာကောင်းတဲ့ ရဟန်းတွေ အများကြီး၊ အများကြီး ရှိတာကို မမေ့ပါနဲ့။ ပြီးတော့ ဗုဒ္ဓဘာသာရဲ့ မျက်နှာစာ အစစ်က ဘာလဲဆိုတာကို ရှင် ရှာဖွေချင်ရင် သူတို့နဲ့ ဆွေးနွေးပြောဆို သင့်ပါတယ်"

"သူဟာ ဗုဒ္ဓဘာသာ ရဟန်း တစ်ပါးပါ။ အဲဒါထက် မပိုပါဘူး"

မေးခွန်း ။    ။ ဒီအင်တာဗျူးကို ခင်ဗျားရဲ့ အကြောင်း နည်းနည်း ပြောရင်းနဲ့ အဆုံးသတ်ချင်ပါတယ်။ ခင်ဗျားဟာ ၁၉၉၀ ကတည်းက ခံစားချက်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အတက်အကျတွေ၊ မသေချာ မရေရာ အခြေအနေတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ခင်ဗျားဟာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့၊ ရလဒ် ပျက်ပြယ်အောင် အလုပ်ခံခဲ့ရပါတယ်။ ပြီးတော့ နေအိမ် အကျယ်ချုပ်နဲ့ စုစုပေါင်း ၁၅ နှစ်လောက် နေခဲ့ရပါတယ်။ အဲဒီအချိန်တွေမှာ ခင်ဗျားဟာ မိသားစုနဲ့လည်း ကွဲကွာခဲ့ရပါတယ်။ ဒီနေ့အချိန်မှာတော့ ခင်ဗျားဟာ အာဏာရရှိတော့မယ့်ဆဲဆဲ အခြေအနေမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံကို အုပ်ချုပ်စီမံရမယ့် တာဝန်ကို ထမ်းဆောင်ဖို့အတွက် ခင်ဗျား အသင့်ဖြစ်ပါပြီလား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ "ရှင်ဟာ နိုင်ငံရေးလုပ်ဖို့ ရွေးချယ်လိုက်ပြီဆိုရင် ဒီတာဝန်အတွက် အသင့် ဖြစ်နေရပါမယ်"

မေးခွန်း။ ။ ဒါပေမဲ့ ခင်ဗျားရဲ့ အခန်းထဲမှာ ခင်ဗျား တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ၊ ဒါဟာ (အုပ်ချုပ်ရေးတာဝန် ယူဖို့ဟာ) ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှု တစ်ခုလို့ ခင်ဗျားတွေးမိတဲ့ အခိုက်အတန့်တွေ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ "ဒါဟာ ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှု တစ်ခု ဟုတ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ အခန်းထဲမှာ ကျွန်မ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးမှာမှ အဲဒီလိုမျိုး တွေးမိတာ မဟုတ်ပါဘူး။ ဒါဟာ ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှု တစ်ခုပါ။ ဒါကို ကျွန်မ လက်ခံပါတယ်။ ဒါကြောင့်မို့လည်း အဲဒါကို ရင်ဆိုင်ဖို့ ကျွန်မတို့ အသင့်ဖြစ်နေရမှာပါ"

မေးခွန်း ။     ။ စိန်ခေါ်မှုတွေဟာ လူတစ်ယောက်ရဲ့ အကောင်းဆုံးစွမ်းရည်တွေကို ဆွဲထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ စိန်ခေါ်မှုတွေဟာ လူတစ်ယောက်ကို အနည်းငယ် စိုးရိမ်ပူပန်စေနိုင် ပါတယ်။ စိန်ခေါ်မှုဟာ ခင်ဗျားရဲ့ အကောင်းဆုံး စွမ်းရည်ကို ဆွဲထုတ်ပေးမှာလား။ ဒါမှမဟုတ် ခင်ဗျားကို စိုးရိမ်ပူပန်စေမှာလား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ စိန်ခေါ်မှုဟာ ကျွန်မရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ဆွဲထုတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မဟာ အချိန်တစ်ချိန်မှာ ခြေလှမ်းတစ်လှမ်း အကြောင်းပဲ အာရုံစိုက်တွေးလေ့ ရှိတာမို့ကျွန်မ စိုးရိမ်ကြောင့်ကြမယ်လို့ ကျွန်မ မထင်ပါဘူး။ အခု အခိုက်အတန့်မှာဆိုရင် ကျွန်မတို့ဟာ မဲစာရင်းတွေနဲ့ရွေးကောက်ပွဲ အကြောင်းကိုတွေးနေတာပါ။ အဲဒီထက်ကျော်လွန် ပြီးတော့ အထူးသီးသန့်ကြီး တွေးမနေပါဘူး။ နောက်ပိုင်းကိစ္စတွေကိုလည်း ကျွန်မ တွေးရမယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အခုချက်ခြင်း လှမ်းရမယ့် ခြေလှမ်းတွေ အကြောင်းကိုလည်း ကျွန်မ တွေးရပါတယ်။ တကယ်လို့ ရှင်ဟာ အဲဒီနည်းလမ်းအတိုင်း တွေးပြီဆိုရင် ရှင်ဟာ စိုးရိမ်ကြောင့်ကြမှာ မဟုတ်တော့ပါဘူး။ အလွန်လက်တွေ့ကျတဲ့သူ ဖြစ်လာမှာပါ။

မေးခွန်း။ ။ ခင်ဗျားရဲ့ ချဉ်းကပ်ပုံဟာ အရမ်း နည်းစနစ်ကျရပါမယ်။ တစ်ချိန်မှာ ခြေလှမ်းတစ်လှမ်းကိုပဲ အာရုံအထူးစိုက်ရမှာ ဖြစ်ပေမဲ့ နောက်ထပ် ခြေလှမ်း သုံး၊လေး လှမ်းကိုလည်း ကြည့်ထားရမှာ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ ဟုတ်ပါတယ်။ ကြည့်ရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် လမ်းပျောက်သွားနိုင်ပါတယ်။

မေးခွန်း ။ ။ ဝိရောဓိတစ်ခုကတော့ ခင်ဗျားကို icon တစ်ယောက်လို အမြဲတမ်း မြင်လေ့ရှိကြတဲ့ အနောက်နိုင်ငံက လူ တော်တော်များများဟာ ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ခင်ဗျားဟာ မျှော်လင့်ထား တဲ့အတိုင်း မဟုတ်ဘူး ဆိုပြီး စိတ်ပျက်လာကြပါတယ်။ ရိုဟင်ဂျာတွေကိစ္စမှာ ခင်ဗျား နှုတ်ဆိတ်နေတယ် ဆိုတာတွေ၊ ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေးဝါဒ အပေါ် ဝေဖန်ဖို့ ခင်ဗျား တွန့်ဆုတ်နေတယ် ဆိုတာတွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်လာကြပါတယ်။ "သူက icon တစ်ယောက် မဟုတ်ဘူး။ လက်တွေ့ဆန်တဲ့ နိုင်ငံရေး သမားတစ်ယောက်ပဲ" ဆိုပြီး ပြောလာကြပါတယ်။ အောင်ဆန်းစုကြည်ရေ … အဲဒါ သူတို့ နားလည်မှုလွဲနေကြတာလား။

ဒေါ်အောင်ဆန်းစုကြည် ။      ။ ကျွန်မဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား တစ်ယောက်ပဲ အမြဲတမ်း ဖြစ်နေတာပါ။ icon တစ်ယောက်လို့ အခေါ်ခံရတာကို ကျွန်မ မကြိုက်ပါဘူးလို့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ icon တွေဟာ တံတိုင်းပေါ်မှာ ခွထိုင်တာက လွဲလို့ ဘာမှ မလုပ်ကြလို့ပါ။

ပြီးတော့ ကျွန်မဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပါတယ်။ ဒီလိုမျိုး ပြောတဲ့ သူတွေကိုလည်း ကျွန်မ ကန့်ကွက်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်မတို့ နိုင်ပြီးတဲ့အခါ "အခု... သူ နိုင်ငံရေးသမားအဖြစ် စပြီး ခံယူရတော့မယ်" လို့ ပြောလာကြတဲ့ သူတွေပါ။ ကျွန်မ ပြောခဲ့ပါတယ်။ အဲဒီလို နှစ်တွေအားလုံးမှာ ကျွန်မ ဘယ်လိုဖြစ်တည် နေတယ်လို့ ရှင်တို့ ထင်ကြသလဲလို့။ ကျွန်မ နေအိမ်အကျယ်ချုပ် ကျခံရခြင်းဟာ ကျွန်မ နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူးလို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။ ပြီးတော့ နေအိမ်အကျယ်ချုပ် ဆိုတာကလည်း နိုင်ငံရေးပါပဲ။

မေးခွန်း ။      ။ အဲဒါဆိုရင် အနောက်နိုင်ငံတွေက အဲဒီလို အသံတွေကို ခင်ဗျား ဘယ်လို တုံ့ပြန်မလဲ။ ပြီးတော့ အိန္ဒိယက လူတွေအပါအဝင် အရှေ့ကမ္ဘာက တချို့သူတွေကလည်း အဲလို ယူဆနေကြတယ်လို့ ကျွန်တော် ပြောရဲတယ်။ ခင်ဗျားနဲ့ ပတ်သတ်ပြီး အနည်းငယ် စိတ်ပျက်တာကို သူတို့ ဖော်ပြကြတယ်။ ဘာကြောင့်လည်းဆိုတော့ ဟောဟောဒိုင်းဒိုင်း ဝေဖန်ပြောဆိုမှုတွေကို သူတို့ ဖြစ်စေချင်သလောက် ခင်ဗျားက မလုပ်လို့ပါ။ အဲဒါကို မကျေမချမ်း ဖြစ်မိပါသလား။ အဲဒါကို နားလည်ပေးနိုင်ပါသလား။ ဒါမှမဟုတ် သူတို့ ခင်ဗျားကို နားလည်မှု လွဲနေကြတာလို့ တွေးမိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ အဲဒါကို ကျွန်မ အရမ်း အလေးအနက်ကြီး မခံစားပါဘူး။ အတိုင်းအတာ တစ်ရပ်အထိ ကျွန်မ အလေးအနက်ထားရမယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ရှင်ဟာ နိုင်ငံရေးသမားတစ်ယောက်ဆိုရင် အများပြည်သူရဲ့ အထင်အမြင်တွေ၊ မီဒီယာတွေရဲ့ အထင်အမြင်တွေကို အလေးထားရပါမယ်။ ဒါပေမဲ့ လူတိုင်းဟာ အရင်တုန်းက ကျွန်မအပေါ် သူတို့ ဝေဖန်ခဲ့ပုံတွေကို အခု မေ့နေကြပါတယ်။ ရှင်တောင် မေ့နေသေးတာပဲ။ ကျွန်မဟာ အရင်တုန်းက အဝေဖန် မခံခဲ့ရသူလို ရှင်ပြောနေတယ်လေ။ ဒါပေမဲ့ အရင်ကလည်း အိန္ဒိယက လူတွေ နဲ့ အနောက်နိုင်ငံ စာနယ်ဇင်းလောက က လူတွေဟာ ကျွန်မကို ဝေဖန်မှု အများအပြား လုပ်ခဲ့ကြပါတယ်။ အရင်တုန်းက ကျွန်မ နေအိမ်အကျယ်ချုပ် ကျနေတုန်းက ကျွန်မဟာ လုံလောက်တဲ့ သဘောထားပျော့ပြောင်းမှုမျိုး မရှိဘူးလို့ အပြောခံခဲ့ရပါတယ်။ တကယ်လို့ ကျွန်မသာ သဘောထား ပိုပျော့ပြောင်းခဲ့မယ်ဆိုရင်၊ တင်းမာတဲ့ သဘောထားရပ်တည်ချက်မျိုး မရှိခဲ့ဘူးဆိုရင် စစ်အစိုးရနဲ့ ဆက်ဆံရေး ပိုပြေပြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့တဲ့သူ တော်တော်များများ ရှိခဲ့ပါတယ်။ အခုကျတော့ သူတို့ဟာ ဆန့်ကျင်ဘက် ပြောနေကြပြန်ပါပြီ။ ကျွန်မဟာ ကြံ့ကြံ့ခံ ရပ်တည်တာမျိုး မလုပ်ဘူး၊ ခိုင်မာတဲ့ ရပ်တည်ချက် မရှိဘူးလို့ ပြောနေကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ အဲဒီလိုပါပဲ။ မီဒီယာဆိုတာ အဲလိုပါပဲ။

မေးခွန်း ။    ။ ဒါဆိုရင် အရေထူလာအောင် ခင်ဗျား ကြိုးစားရမှာပေါ့။ ပြီးတော့ အဲဒါကြောင့် စိတ်အနှောင့်အယှက် မဖြစ်အောင် သင်ယူရမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ။    ။ အရေထူလာအောင် လုပ်ရမယ်ဆိုတာ စိတ်ကူးကောင်း တစ်ခုလို့ ကျွန်မ မထင်ပါဘူး။ ရှင်ဟာ နိုင်ငံရေး နယ်ပယ်ထဲမှာ လုပ်ကိုင်နေတယ်ဆိုရင် အများပြည်သူတွေရဲ့ အထင်အမြင်တွေကို အလေးအနက်ထားရပါမယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ရှင့်ကို ဝေဖန်လာတိုင်း စိတ်ဒဏ်ရာ ရဖို့အထိတော့ မဟုတ်ပါဘူး။

မေးခွန်း ။     ။ ကျွန်တော် တစ်ခု မေးချင်ပါတယ်။ အနောက်ကလူတွေ တော်တော်များများ နဲ့ အိန္ဒိယက လူ တော်တော်များများဟာ အသွင်ကူးပြောင်းမှုကို နားမလည်နိုင်ကြတာလို့ ခင်ဗျား ထင်မိသလား။ နိုဘယ်ဆုရှင် တစ်ယောက်၊ icon ဖြစ်လာခဲ့သူ တစ်ယောက် အဖြစ်ကနေ ဒီနေ့လို အခါမျိုးမှာ အောင်မြင်ပြီး ရေပန်းစားတဲ့ နိုင်ငံရေးသမား တစ်ယောက် အဖြစ် ပြောင်းလဲလာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကြောင့်လည်း ဒီ အသွင်ကူးပြောင်းမှု ပေါ်ပေါက်လာတာပါ။ တခြား နိုင်ငံရေးသမားတွေ အားလုံးလိုပဲ လိုအပ်တဲ့ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ရတာမို့၊ ဒီ အသွင်ကူးပြောင်းရေးမှာ သူတို့ဟာ သူတို့သိထားခဲ့တဲ့ အောင်ဆန်းစုကြည်ကို ဆုံးရှုံးလိုက်ရပြီလို့ ထင်သွားကြတာမျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ။    ။ မဟုတ်ပါဘူး။ ကျွန်မ အဲဒီလို မထင်ပါဘူး။ အရမ်း စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုက၊ နေအိမ် အကျယ်ချုပ်ကနေ ကျွန်မ လွတ်လာပြီးတော့ နိုင်ငံရေးမှာ ကျွန်မ ပြန်ပြီး တက်တက်ကြွကြွ ပါဝင်လာနိုင်ခဲ့ပြီးတော့မှ သူတို့က ကျွန်မကို icon တစ်ယောက်လို သဘောထားလာကြတာပါ။ အဲဒီအချိန်မတိုင်မီတုန်းက သူတို့ဟာ ကျွန်မကို icon တစ်ယောက်လို အမှန်တကယ် သဘောထား ဆက်ဆံမှုမျိုး မရှိခဲ့ပါဘူး။ ကျွန်မ နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ၊ နေအိမ်အကျယ်ချုပ် ကျနေတုန်းကထက် ကျွန်မအပေါ် စိတ်ဝင်စားမှုတွေ ပိုများလာပါတယ်။

ဒါကလည်း သဘာဝကျပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်စုံတစ်ယောက်ဟာ နေအိမ်အကျယ်ချုပ်ကျလို့ အများနဲ့ ကင်းကွာနေပြီဆိုရင် ရှင်ဟာ သူ့မွေးနေ့ အကြောင်း၊ ဒါမှမဟုတ် သူအကျယ်ချုပ် ကျတဲ့ နှစ်ပတ်လည်နေ့ အကြောင်း စတာတွေကိုပဲ ပြောနိုင်မှာပါ။ ဒါပေမဲ့ စိတ်ဝင်စားမှု အမြဲ သက်ဝင်နိုးကြားနေစေမယ့်ဟာမျိုး ဘာမှ မဖြစ်ခဲ့ပါဘူး။ ၂၀၁၀ မှာ နေအိမ်အကျယ်ချုပ်ကနေ ကျွန်မ လွတ်လာ ခဲ့ပြီး နောက်ပိုင်းမှာမှ အဲဒါမျိုးတွေ ရှိလာခဲ့တာပါ။ ကျွန်မ လွတ်မြောက်နေခဲ့တဲ့ ကာလတွေတုန်းက ကျွန်မ အမြဲတမ်း လုပ်ခဲ့သလို နိုင်ငံရေးအရ လှုပ်ရှားမှုတွေ ပြန်စတင်လာနိုင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ ကျွန်မကို ဒီမိုကရေစီ icon လို့ စပြောလာကြပါတယ်။ "ကျေဇူးပြုပြီး ဒီ icon ဆိုတဲ့ စကားလုံးကို မသုံးကြပါနဲ့" လို့ ကျွန်မ အမြဲ ပြောဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမှာပါ။ icon တွေဟာ ဘာမှ မလုပ်ကြပါဘူး။ သူတို့ဟာ တံတိုင်းပေါ်မှာ ခွထိုင်နေရုံပါပဲ။

မေးခွန်း ။       ။ ကျွန်တော် ဒီလို ကောက်ချက်ချမယ်ဆိုရင် မှန်မလား။ ခင်ဗျားဟာ icon တစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘူး။ ခင်ဗျားကိုယ် ခင်ဗျား icon တစ်ယောက်အဖြစ် မမြင်မိဘူး။ ခင်ဗျားကိုယ် ခင်ဗျား နိုင်ငံရေးသမားတစ်ယောက်အဖြစ် မြင်ထားတယ်။ ပြီးတော့ ခင်ဗျားဟာ သမ္မတ ဖြစ်ချင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ။    ။ ကျွန်မကိုယ် ကျွန်မ နိုင်ငံရေး သမားတစ်ယောက် အဖြစ် မြင်ကြည့်လို့ ရပါတယ်။ ကျွန်မ သမ္မတ ဖြစ်ချင်သလားဆိုတာကတော့ မသေချာပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အစိုးရအဖွဲ့ကိုတော့ ကျွန်မ တကယ် ဦးဆောင်ချင်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ဖို့ပါ။



No comments: