Monday, November 10, 2014

ကုရာနတ္ထိ ဆေးမရှိမှသည် မှုစရာနတ္ထိ ဘေးမရှိဖြစ်လာပြီလား HIV



HIV/ AIDS တိုက်ဖျက်ရေးအတွက် Global Fund က ယခုနှစ်တွင် ဒေါ်လာ သန်း ၁၆ဝ ထောက်ပံ့ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် HIV ပိုးစစ်ဆေးတွေ့ရှိထားသူ ၁၉ဝဝဝဝ ဝန်းကျင်ရှိပြီး ART ဆေးထောက်ပံ့မှု ရရှိသူ ၅၃ဝဝဝ ကျော်ရှိကာ ၁၂၅ဝဝဝ ကျော် ART ဆေး လိုအပ်လျက်ရှိသည်။

ဒေါ်လာသန်း ၁၆ဝ မှာ NGO များနှင့် အစိုးရကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၆ ခုနှစ် ၄ နှစ်စာ အတွက်ဖြစ်သည်။ ၂ဝ၁၂ အကုန်အထိ ART ဆေးဝါး ထောက်ပံ့ ရရှိ မှုရာခိုင်နှုန်းမှာ ၄၃ ရာခိုင်နှုန်းရှိပြီး ၂ဝ၁၆ တွင် ၈၅ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

ထိုအချက်ကပင် လက်ရှိတွင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်ကို သိနိုင်ပြီး ဖြစ်ပွားမှုနှုန်းမှာလည်း ဆက်လက်မြင့်မားနေဆဲဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ထိုရောဂါ ကို မထူးဆန်းတော့သည်လား သို့မဟုတ် မိမိတို့သိထားသမျှဖြင့် လုံခြုံနေပြီဟု ယူဆ ထားကြသည်လား မသေချာသော်လည်း ကြောက်စရာအနေအထားမှ သာမန်အနေ အထားမျိုး သဘောထားလာကြသည်က အသေအချာပင်။

ထို့အတွက် အနုပညာနယ်ပယ်နှင့် အခြားကဏ္ဍများမှ ပြည်သူများအား မေးမြန်း ဖော်ပြလိုက်ရပါသည်။

လူမင်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)
ဒီရောဂါစပြီးတော့ လူအပြောများတဲ့ ကာလတွေမှာ အရှိန်အဟုန်နဲ့ဝိုင်းဝန်းနိုင် ကြတုန်းက အစ်ကိုတို့ အနုပညာရှင်တွေ လည်း ပညာပေးဇာတ်လမ်းတွေ ရိုက်ကြ တယ်။ ခုထိလည်း ပညာပေးတဲ့ ဇာတ်ဝင် ခန်း ပြကွက်တွေ ထည့်သွင်း ရိုက်ကူးနေ တုန်းပါပဲ။ အရင်တုန်းကလို အရှိန်အဟုန်နဲ့ လှုပ်ရှားမှုကတော့ နည်းသွားတာပေါ့။ ဒါ ပေမဲ့ ကမ္ဘာ့ AIDS နေ့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆောင်ရွက်မှုတွေတော့ ရှိပါတယ်။

ဒီ AIDS ရောဂါကို ခုဘာကြောင့် အပြောနည်းလာသလဲပေါ့။ ဒီရောဂါက မေ့လို့မရတဲ့ ရောဂါပါ။ ကုရာနတ္ထိဆေးမရှိ အစွဲကိုဖျောက်လို့လည်း မရသေးပါဘူး။ ပညာပေး မှုအပိုင်းမှာလည်း တအားနည်းလာတယ်။ ဟောပြောပွဲတွေလည်း အရင်က လိုတော့ များများစားစားမလုပ်တော့ဘူး။ ဒီရောဂါက ဆေးထိုးအပ်ကနေ တစ်ဆင့်၊ သွေးကနေ တစ်ဆင့်၊ လိင်ကနေတစ်ဆင့် ကူးစက်တာဖြစ်တယ်။ အပ်နဲ့ခန္ဓာကိုယ်ထဲ ကို ထိုးသွင်းရတဲ့မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူတွေမှာလည်းကူးစက်တယ်။ အဓိကကတော့ အသိ ပညာကျယ်ပြန့်လေလေ လူတွေက အသိအမြင်ကျယ်လာလေလေပါပဲ။ ဒီဇင် ဘာ ၇ ရက်နေ့မှာ HIV Positive Group  က ပညာပေးဆွေးနွေးပွဲမှာလည်း အနု ပညာ ရှင်တွေ ပါဝင်ကူညီသွားမှာပါ။ အပြောနည်းလာပေမယ့် ဒီရောဂါက ခုထိ ကြောက်စရာ ကောင်းနေတုန်းပါပဲ။ ပညာပေးတွေ ထိရောက်ခဲ့လို့ အခုဆိုရောဂါ လူနာရှင်တွေကို အရင်ကလို အပြင်ကို တွန်းထုတ်တာမျိုးမဟုတ်တော့ဘဲ ရင်းရင်း နှီးနှီး ပြောဆို ဆက်ဆံလာကြပြီ။

ကောင်းမြတ်ထွန်း (MWD Digital Editor)
HIV ဆိုတာ ဗိုင်းရပ်စ်၊ AIDS ဆိုတာ ရောဂါလို့ နားလည်ထားတယ်။ သွေး ကနေကူးမယ်။ လိင်ဆက်ဆံရင်ကူးမယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ အသိပညာ နည်းသေးလို့ အပြောနည်းတာပေါ့။ အသိ ပညာနည်းတော့ လူတွေက ဒီအကြောင်း အရာကို ပြောရမှာရှက်လို့။ HIV/AIDS နဲ့ပတ်သက်ပြီး မသိတုန်းကတော့ ကြောက် တယ်။ သိပြီးတော့ အရာရာ သတိထားမိ တယ်။ အရင်တုန်းကလိုတော့ သိပ်မကြောက်တော့ဘူး။ အခုနောက်ပိုင်းဆေးတွေ ပေါ်လာတယ်။

အကာအကွယ်တွေ ပေါ်လာတော့ ဒါကြောင့်မကြောက်တော့ဘဲ ဒါအားကိုးနဲ့ဆိုတာကတော့ ဆေးက ရောဂါကို အမြစ်ပြတ်သတ်နိုင်တဲ့အထိ မဖြစ်နိုင် သေးပါဘူး။ ဆံပင် ညှပ်ဆိုင်တွေ ဘာတွေသွားရင်လည်း သတိထားကြည့်မိပါတယ်။ ဆိုင်တော်တော်များများကတော့ ဓားအသစ်တွေကို သုံးပါတယ်။ HIV/AIDS မဖြစ် အောင်လို့ေ တာ့ ရှောင်စရာရှိတာရှောင်ကြဉ်တယ်။ ပတ်ဝန်းကျင်ကို အသိပေးတယ်။ HIV/AIDS ပိုးကူးရင် ကြောက်စရာ မလိုပါဘူး။ ဆေးမှန်မှန်သောက်၊ အာဟာရရှိ တဲ့ အစား အစာတွေစား၊ ကျန်းမာရေးကို ဂရုစိုက်၊ ဒါဆိုရင်တော့ သက်တမ်းစေ့နေ နိုင်ပါတယ်။ HIV ပိုးကူးစက်ခံရတဲ့ လူတွေ့ရင် အားပေးမယ်။ ကူညီမယ်။ ဒီရောဂါနဲ့ ပတ်သက် တဲ့အကြောင်းပြောပြမယ်။ အခြားလူတွေ မကူးစက်အောင် ပြောပြမယ်လို့ တော့ ခံယူထားတယ်။

ချစ်သုဝေ
AIDS သည် ရောဂါဖြစ်တယ်။ ဒီ ရောဂါမဖြစ်ခင် HIV ပိုးလို့ခေါ်တဲ့ ပိုးကူး စက်ခံရတယ်။ သူတို့တွေဘာကြောင့် ကူး စက်လဲမေးကြမြန်းကြတဲ့အခါမှာ သွေးမှ တစ် ဆင့်၊ သုတ်ပိုးမှတစ်ဆင့်၊ ဆေးထိုးအပ် မှတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးဖြစ်တယ်။ ဇနီးမယား၊ လင်ယောက်ျားမှာပိုးရှိလို့ တစ် ဖက်ကူးစက်တယ်။ မိခင်သန္ဓေမှတစ်ဆင့် ကူးစက်တယ်။ ပြီးတော့ မူးယစ်ဆေးထိုး တဲ့အခါမှာ အပ်တစ်ချောင်းတည်းနဲ့ မျှယူ သုံးစွဲတဲ့အခါမှာ ဒီရောဂါပိုးက ကူးစက်တယ်။ ဒီလိုဆိုရင် ဘယ်သူစမှားလဲ မေးလာ မယ်။ လောကမှာ ဘယ်သူမှ အမှားနဲ့မကင်းကြပါဘူး။ ပြင်လို့ရတဲ့အမှား၊ ပြင်လို့မရ တဲ့အမှား၊ သေးတဲ့အမှား၊ ကြီးတဲ့အမှားပဲ ကွာခြားသွားမယ်။ ဒီလူတွေ မှားလို့ အပြင် ကိုထုတ်လိုက်ရင် ကြာလာရင် လူ့လောကက အနုတ်လက္ခဏာ ဖြစ်သွားမှာပေါ့။ ဒီလူတွေ မှားသလို နောက်လူတွေမမှားအောင် ပညာတွေ၊ အသိတရားတွေပေးရ မယ်။ HIV/AIDS နဲ့ပတ်သက်ပြီးတော့ ဟောပြောပွဲတွေ၊ ပညာပေးဇာတ်လမ်းတွေ လုပ် ဆောင်ကြပါတယ်။ သိထားရမှာက ဒီရောဂါက ကူးစက်တတ်တဲ့ရောဂါ၊ ကုရာဆေး မရှိသေးတဲ့ရောဂါဖြစ်တယ်။ အရင်ကဆိုရင်ဒီရောဂါဖြစ်ရင် လူ့ဘောင်အပြင်ကို နှင် ထုတ်ချင်ကြတယ်။ ကူးစက်မှာကြောက်တယ်။ လူတိုင်းမှာ အရည်အချင်းတန်ဖိုးရှိ တယ်။ ရောဂါသည်တွေကလည်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေဝင်ပြီး အပြင်ကို ရောက်သွားသလိုစိတ် ဝင်ဝင်လာတယ်။ တချို့က ဒီရောဂါဟာ မကောင်းမှုပြု လုပ်သော သူတွေကိုသာကူးစက်တဲ့ရောဂါလို့ တစ်ဖက်စောင်းတွေးခေါ်ကြတယ်။ အဲဒါကြောင့် ဒီရောဂါဝေဒနာသည်ဖြစ်ပြီဆိုရင် ခွဲခြားဆက်ဆံလာတာ တွေ့ရတယ်။ ဒီလူနာတွေ ကလည်း လူ့ဘောင်အပြင်ကိုရောက်သွားတယ်။ ပြီးရင်အသက်ဆုံးရှုံးသွားကြတယ်။

အခုပြောင်းလဲမှုတွေများလာပါပြီ။ ဒီရောဂါနဲ့ပတ်သက်ပြီး အကာအကွယ်တွေ များလာသလိုဆေးဝါးတွေလည်းပေါ်လာပြီ။ ပျောက်တဲ့ဆေး မဟုတ်ပေမယ့် ဝေဒနာ ကို သက်သာစေတဲ့ဆေးပေါ်လာတယ်။ ပညာပေး အစီအစဉ်တွေကလည်း ထိရောက် ပါတယ်။အစိုးရအနေနဲ့ရော၊ NGO အနေနဲ့ရော အနုပညာရှင်တွေအနေ နဲ့ရော ပေး လာတာတွေအများကြီးပါပဲ။ ဒီအကာအကွယ်တွေပေါ်လာလို့ အရေးမစိုက်တာ မဟုတ်ပါဘူး။ အကာအကွယ်ဆေးတွေ ပေါ်လာတော့ လူ့သက်တမ်းစေ့အောင် နေ ခွင့်ရ ကြတယ်။ ဒီရောဂါသည်တွေကိုလည်း အရင်ကလို ခွဲခြားဆက်ဆံတာမျိုးလုံးဝ ပပျောက်အောင် လုပ်နေကြတယ်။ အမြင်တွေကျယ်လာတော့ လူလူချင်း ချစ်ခြင်း တန်ဖိုး ထားရမှန်းသိလာတော့ လူ့ဘောင်လူ့ပတ်ဝန်းကျင်မှာ သူတို့တွေ အတူတူသွား လာ စားသောက်တယ်။ အဓိကနှလုံးသွင်းရမှာက ဒီရောဂါက သွေး၊ ဆေးထိုးအပ်၊ သုတ်ပိုး ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။

တိုးဝေအောင် (မားကက်တင်းဝန်ထမ်း)
HIV/AIDS က ရောဂါဆိုးကြီး တစ် ခုပါပဲလို့ နားလည်ထားပါတယ်။ အဓိက ကတော့ သွေးကနေတစ်ဆင့် ကူးစက်တာ မျိုးလို့ပဲ နားလည်ထားပါတယ်။ ကြားလိုက် တာနဲ့ အရင်တုန်းကတော့ တုန်လှုပ်ပြီး ကြောက်တာပေါ့။ အခုနောက်ပိုင်း ရောဂါ ကို ရပ်တန့်ထားနိုင်တဲ့ ဆေးတွေပေါ်လာပြီ ဆိုတော့ အရင်ကလောက်တော့ မကြောက် တော့ပါဘူး။ သက်တမ်းစေ့လည်း နေနိုင် တယ်ဆိုတော့လေ။ ဒါပေမဲ့ ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင်နေသင့်ပါတယ်။ အပျော်အပါးနဲ့ မူးယစ် ဆေး ဝါးတွေက စိတ်ကိုလွတ်ထွက်သွားချိန်အခိုက်အတန့်မှာ မှားယွင်းနိုင်တယ်လေ။ အဲဒီဟာလေးတွေတော့ ဆင်ခြင်သင့်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အပြောနည်းတယ် လို့ေ တာ့လည်း မဟုတ်ဘူးပေါ့။ အခုခေတ် လူငယ်တော်တော်များများ သိလာတာမျိုး ရှိကြပါတယ်။ ပြီးတော့ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း အသိပညာတွေကို ဖြန့်ဝေ တာမျိုး၊ တီဗွီ၊ ရေဒီယို၊ ဟောပြောပွဲတွေ လုပ်တာတွေလည်း များပါတယ်။ ဒါကြောင့် လူငယ်တချို့လည်း ဒီံ HIV/AIDS အကြောင်းပြောဖြစ်ကြပါတယ်။ လူကြီး တချို့ လည်းပြောဖြစ်ကြပါတယ်။

ဆေးပေါ်လာလို့ အကာအကွယ်ရှိလို့ မိုက်ကြတာ တော့ ရှိတော့ရှိပါတယ်။ သိပ်ပြီးမကြောက်တော့ဘူးပေါ့။ ဆေးတွေက ယတိပြတ် မပျောက်သွားပေမယ့် ရပ်တန့်ပေး ထားနိုင်တယ်ဆိုတော့ အရင်ကထက်စာရင် သိပ် မကြောက်ပါဘူး။ ဒါပေမဲ့ဂုဏ်သိက္ခာပိုင်းနဲ့ ကြည့်ရင်တော့ အချို့က စိတ်ဓာတ်ကျချင် ကျမှာပဲဆိုတာကို တချို့ကျတော့   ပြန်ကြည့်ကြပါတယ်။ ကိုယ်ကိုယ်တိုင်ပဲ အဓိက ကျပါတယ်။ ကိုယ်ကိုယ်တိုင်ကျတော့ အသေးအဖွဲအစ ဂရုစိုက်ပါတယ်။ ဂရုစိုက်ပြီး နေတော့မမှားဘူးပေါ့။ ဆံပင်ညှပ် ဆိုင်က ဓားဆိုလည်း ကြည့်ပါတယ်။ အခုဆို ကျန်း မာရေးအဖွဲ့အစည်းတွေကလည်းရှိနေပြီလေ။ 

သူတို့နဲ့လည်း ဆွေးနွေးတိုင်ပင်လို့ရတာ လေးတွေရှိတယ်။ ဖုန်းနဲ့ ဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲသွားရောက်ပြီးဖြစ်ဖြစ် ကိုယ်တကယ် ရောဂါခံစားနေရတာလေးကိုပြောပြပြီး သူတို့လမ်းညွှန်မှုပေးတာလေးတွေကတော့ ပိုကောင်းပါ တယ်။ ကိုယ် သိထားတာလေးတွေကိုလည်း ကျန်းမာရေးသင်တန်းတက် ထားတဲ့ သူတွေကလည်း  ပြန်လည်ပြောပြကြပါတယ်။ ဒီ HIV/AIDS နဲ့ ပတ်သက် တာတွေကိုပေါ့။

အာကာကျော် (လူငယ်ဂရပ်ဖတီ အနုပညာရှင်)
အဓိကကတော့ လူကလူပါပဲ။ လူ တစ်ဖက်သားကို သဘောထားပြည့်ပြည့်ဝဝ နဲ့ ပြောဆိုဆက်ဆံဖို့ အရေးကြီးတယ်။ HIV/AIDS နေ့မှာ ကျွန်တော်လည်းပါ ဝင်ပြီး အစီအစဉ်တွေလုပ်ဆောင်ဖို့ရှိတယ်။ တကယ်တော့ ကျွန်တော်လည်း လူငယ်တစ် ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ်တောင်မနည်း ထိန်းသိမ်းရတဲ့အနေအထားပါ။ ကျွန်တော်   ပြောချင်တာက လူငယ်တွေက စူးစမ်းလေ့ လာလိုစိတ်ရှိတယ်။ ကောင်းတဲ့အလုပ်တွေကို လုပ်စရာရှိတာလုပ်ပါ။ ရပ်တန့်မနေ ဘဲ ရှေ့ဆက်လုပ်နေဖို့လိုတယ်။ ဘယ်အ လုပ်မဆို လုပ်ရင်ဖြစ်တယ်။ ဒီရောဂါသည် တွေကိုလည်း ပြောချင်တယ်။ ဒီရောဂါခံစားနေရလို့ စိတ်ဓာတ်ကျစရာမလိုပါဘူး။ အဓိကကစိတ်ဓာတ်ခိုင်မာဖို့ပါပဲ။ ဒီရောဂါနဲ့ပ တ်သက်ပြီး အပြောနည်းလာတာက လူလူချင်းပါလို့ ခံစားတတ်လာလို့ ထင်တယ်။

ကောင်းထက် (ကျောင်းသား)
HIV/AIDS နဲ့ပတ်သက်ပြီး ဘယ်လို နားလည်ထားလဲဆိုတော့ HIV ဆိုတာပိုး။ AIDS ဆိုတာ HIV ရဲ့ နောက်ဆက်တွဲ ရောဂါပေါ့။ သွေးနဲ့ပတ်သက်သမျှ အရည် ကိုယ်တွင်းရည်တွေ၊ သုက်ရည်ယောက်ျား၊ မိန်းမလိင်အင်္ဂါက ထွက်တဲ့အရည်၊ မိခင်နို့ စတာတွေကနေ ကူးစက်တာလို့ ထင်ပါ တယ်။ အခု နောက်ပိုင်းမှာတော့ လူတွေက ဗဟုသုတများလာတာကြောင့် အပြောနည်း လာတာထင်ပါတယ်။ သာမန်အနေအထား နဲ့ ကူးစက်ဖို့ မလွယ်တာကြောင့်မို့လို့ မကြောက်ပါဘူး။ အခုနောက်ပိုင်း ဆေးတွေ က ရောဂါကိုပိုမတိုးအောင်သာ ထိန်းထားနိုင်တာပါ။ ရောဂါကို မပျောက်ကင်းနိုင်ပါဘူး။ အဲဒါကြောင့် မကြောက်ကြတော့တာတော့ မမှန်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒီရောဂါနဲ့ ပတ်သက်ပြီး ကူးစက်မခံရအောင် ဂရုစိုက်ပါတယ်။ သတိထားမိပါတယ်။ HIV နဲ့ ပတ်သက်ပြီး အပြုအမူတွေကို လေ့လာဖြစ်ပါတယ်။ HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပိုလေ့လာဖြစ်ပါတယ်။ HIV/AIDS ဆိုတာ ကြောက်စရာ၊ လန့် စရာမဟုတ်လို့ ကြိုတင်ကာကွယ်နိုင်သလို ဖြစ်သွားရင်တောင်မှ ဂရုတစိုက် ဆေး ကုသမှုခံယူရင် သက်တမ်းစေ့နေနိုင်တာကြောင့် ကြောက်ရွံ့မနေဘဲ ရောဂါရှိသူတွေ ကို ကူညီအားပေးသင့်ပါတယ်။

မြတ်စုငြိမ်း၊ ထူးထူး
Popular - ကုရာနတ္ထိ ဆေးမရှိမှသည် မှုစရာနတ္ထိ ဘေးမရှိဖြစ်လာပြီလား HIV

မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို

မြန်မာနိုင်ငံ၏ HIV ကူးစက်ပျံနှံ့မှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၀.၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် HIV ရောဂါပိုးရှိနေသော လူနာဦးရေ တစ်သိန်းနှစ်သောင်းကျော်ခန့်ကို ဆေးဝါးကုသမှုများ တိုးမြှင့်ပေးသွားရန် ရည်ရွယ်ထားသည်။ ၂၀၁၃ ခုနှစ်က စစ်တမ်းကောက်ယူမှုများအရ တစ်နှစ်လျှင် လူပေါင်း ခုနှစ်ထောင်ခန့် HIV ပိုး ကူးစက ခံနေရကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အဆုတ်နာနှင့် ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးဝါးကု ပေးမှုများ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် ယင်းရောဂါကြောင့် သေဆုံးမှုတို့ကို လျော့ကျစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ဆေးယဉ်ပါး ငှက်ဖျားရောဂါကို ထိန်းချုပ်ရန် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကျပ် ၆၅၀ ဘီလျံ သုံးစွဲသွားမည်ဟု လျာထားကြောင်း သိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် HIV၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် ပြည်တွင်း ပြည်ပ NGO များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ လှူဒါန်းသည့် အခြားအဖွဲ့အစည်းများ စသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း ဆင်ဟွာမှ သတင်းတစ်ရပ်ကို ကိုးကားတင်ဆက်လိုက်ပါသည်။
Myanmar News - မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို

No comments: