Tuesday, November 4, 2014

ဗိုလ်ချုပ်ပြောခဲ့သမျှ



ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။ (သြဂုတ်လ ၁၉၄၅)

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ဂုဏ်ထက်ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။ ( ၂၀ . ၁၀ . ၁၉၄၆ )

ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်တစ်ဦးကိုတစ်ဦးစိတ်ကောက်ပြီးထိုင်နေ၍မဖြစ်သကဲ့သို့
ဗမာ့သေရေးရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်းမကျေနပ်မှုအသေးအဖွဲ့ကလေးတွေကို
ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။ ( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )

ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊အခြားလူမျိုးများကိုလည်းငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ်လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံးဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။ ( ၁၈ . ၁၁ . ၁၉၄၅ )

နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ( ဧပြီ ၁၉၄၇ နတ်မောက် )

သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာတော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝ မမှန်ဘူး။
တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။ ( ၂၈ . ၃ . ၁၉၄၇အောင်လံမြို့ )

လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )

စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊အဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။ ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့တလွဲဆံပင်ကောင်းနေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာအသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ
လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။
တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်ပဲဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ
ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာလွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။  ( ၁၉၄၅ သြဂုတ်လ )

ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့
မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်းရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ဒီအကြောင်းထောက်ပြီး ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။ ( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )

တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ငွေအားပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက်အားတိုက်လုပ်နိုင်မှအကျိုးခံစားခွင့်ရှိကြမှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ
အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။ ( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )

ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။
( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )

ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ရာဇ၀င်မှာအရေးခံမယ့်လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံးဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။
သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကိုလုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကိုရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင်လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင်အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို
အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာကျနော် ကနေ့ ပြောခဲ့ချင်တယ်။
( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )

Ref: Congratulations

No comments: