ဗုဒ္ဓဘာသာ
မြန်မာလူမျိုးတွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ
စတာတွေကို
ကျင့်ကြံအားထုတ်ဖို့ ဝန်မလေးသလို ဟိရိသြတ္တပ္ပ တရားကိုလည်း လေးစားတန်ဖိုးထားကြပါတယ်။
ဒါ့အပြင် (ကတညု တာ) သူတစ်ပါးကျေးဇူးကိုသိခြင်းဆိုတဲ့ ကျေးဇူးတရားကိုလည်း မမေ့ မလျော့ရှိကြပြန်တယ်။
လူမျိုးမရွေး၊ ဘာသာမရွေးလမ်းမှာဒုက္ခရောက် သူကိုတွေ့ခဲ့လျှင်လည်း ရှိတာလေးနဲ့ စေတနာကုသိုလ်ယူတတ်တာ
မြန်မာ့သဘာဝမဟုတ်လား။
သို့ပေမယ့်လည်း
ခင်မင်လေးစားမှုနဲ့ စေတနာတွေကို ခုတုံးလုပ်ပြီး အခွင့်အရေးယူတတ်တာတွေလည်း ရှိပြန်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အခုတလော မြန်မာပြည်အနှံ့အပြားမှာ လူပြောများနေတဲ့ အီဘိုလာ ရောဂါထက်ဆိုးတဲ့ကိစ္စလေးတစ်ခု
ကိုရင်သာမောင်တွေ့ရတယ်ဗျ။
အဲဒီအကြောင်းပြောရလျှင်
ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသလို ဖြစ်နေပေမယ့် မပြောမပြီး၊ မတီးမမြည်ဆိုသလို မျက်နှာပူစွာနဲ့ပဲ
ပြော ရတော့မယ်ဗျာ။
ဒီလဆန်းပိုင်းကပါပဲ။
ကိုရင်သာမောင်တို့မြို့လေးမှာ နိုင်ငံခြားသား ခရီးသွားတစ်ယောက် ရပ်ကွက်ထဲမှာ ပစ္စည်းလိုက်ရောင်း
တာပါ။
ဈေးကွက်စီးပွားရေးစနစ်ဖွင့်ထားတာကိုး။
(သူ့အပြော)ထိုင် ဝမ်တစ်ယောက်ပါတဲ့။ လက်တော့ပ်ကွန်ပျူတာရယ်၊ နီကွန် ကင်မရာ တစ်လုံး၊
လက်ကိုင်ဖုန်းတစ်လုံး လိုက်ရောင်းနေတာပါ။ ပစ္စည်းတွေကို လည်း မြန်မာကျပ်ငွေနဲ့ ရောင်းပေးမှာပါတဲ့။
လက်တော့ပ်က နှစ်သိန်း၊ ကင်မရာနှစ်သိန်းခွဲ၊ i Phone-5 က နှစ် သိန်းဆိုပြီး ဈေးစကားပြောပါတယ်။
အင်္ဂလိပ်လို
ရေရေလည်လည်ပြောတာ ခင်ဗျ။ သူ့နိုင်ငံမှာဝယ်ခဲ့တဲ့ ဘောက်ချာ စာရွက်စာတမ်းတွေလည်း ထုတ်ပြပါတယ်။
ပစ္စည်းအားလုံးကိုလည်း သေသေချာချာ စမ်းသပ်ပြပါတယ်။ သူ့မှာ လမ်းစရိတ် ပြတ်သွားလို့ သူ့နိုင်ငံပြန်ဖို့မရှိတော့တာ
ကြောင့် ရောင်းရတာလို့လဲဆိုတယ်ဗျာ။
ကိုရင်သာမောင်တို့
မြန်မာလူမျိုး တွေက ဗုဒ္ဓတရားတော်တွေနဲ့အညီ သနားကြင်နာတတ်တာ သဘာဝပဲလေ။ သြော်...သူတကယ်ဒုက္ခရောက်နေပါ
လားဆိုပြီး ကူညီချင်တဲ့သူကခပ်များများ မဟုတ်လား။ အခုလဲ စေတနာရှင်ကိုရွှေ မြန်မာက ပစ္စည်းလာရောင်းတဲ့
ထိုင်ဝမ်ပုဂ္ဂိုလ်ကိုသနားပြီး ထမင်းလဲ လိုက်ကျွေးတယ်။ အိမ်မှာ မရှိမဖြစ်ပစ္စည်းက ဖုန်းမဟုတ်လား။
မကြာ ခင်မှာ telenor ဆင်းမ်ကတ်တွေထွက်တော့မယ်ဆိုတော့ အတော်ပဲဆိုပြီး i phone-5 ကို
အတတ်နိုင်ဆုံးဈေးဆစ်ပြီး တစ်သိန်းနှစ်သောင်းခန့်နဲ့ အားပေးလိုက်ပြန်ရော။ အသစ်ဆိုလျှင်
ခြောက်သိန်းကျော်လောက် ရှိတာ၊ အခုတော့ တန်လိုက်တာဆိုပြီး စိတ်ထဲမှာ ဝမ်းသာပီတိဂွမ်းဆီထိ
နဲ့ပေါ့။
ထိုင်ဝမ်ငတိလဲ
ကြည်ကြည်ဖြူဖြူနဲ့ ရောင်းခဲ့တာခင်ဗျ။ ကျန် တဲ့ပစ္စည်းနှစ်မျိုးကို ရောင်းရဦးမယ်ဆိုပြီး
နှုတ်ဆက်ကာ ပြန်သွားခဲ့ ပါတယ်။ မကြာပါဘူးခင်ဗျာ။ ကိုရင်သာမောင်တို့ ရပ်ကွက်ထဲမှာ ပူညံပူညံအသံကြားရတော့တာပါပဲ။
ကိုရွှေမြန်မာက
လက်ကိုင်ဖုန်းလေးတကိုင်ကိုင်နဲ့ သူငယ်ချင်းတွေ ကို ခပ်ကြွားကြွားလေးပြတယ်ခင်ဗျ။
သူငယ်ချင်းတွေက
တစ်ယောက် တစ်လှည့်ကိုင်ကြည့်ပြီး ''မင်းကအသစ်မဟုတ်ဘူး'' ''ပစ္စည်းကြီးကတော့ အသစ်ကြီးပဲဟ''
''ကျန်ကျောင်းကြီးပါကွာ'' ဒါနဲ့ ငြင်းခုံကြရင်း မြို့မ ဈေးရှေ့က ဖုန်းဆိုင်ကြီးကို
သွားပြကြပါတယ်။ ဖုန်းပညာရှင်ကသေသေ ချာချာစစ်ဆေးပြီး ''i phone-5 တံဆိပ်က ဒီလိုကပ်ခွာလို့မရဘူး။
အစစ် က အသားတံဆိပ်'' အောင်မြတ်လေး...ကိုရွှေမြန်မာ ငါးပိကိုင်ပြီးငရုတ် သီးဝါးစား မိသလိုဖြစ်သွားလေရောဗျာ။
ရှက်ရှက်နဲ့ ဘယ်သူ့ကိုမှ မပြော ပေမယ့် ကိုရင်သာမောင်တို့မြို့လေးမှာ မောင်းတီးစရာမလိုဘဲ
အဆော် ပလော် အတီးခံလိုက်ရတဲ့အကြောင်း မချိတင်ကဲ ပြောနေကြတာပါပဲ။
နိုင်ငံခြားခရီးသွားတွေဟာ
ကမ္ဘာပတ်ပြီး ဗဟုသုတရှာဖွေတဲ့သူ တွေရှိပါတယ်။ အမျိုးမျိုးပေါ့။ ကမ္ဘာပတ်တယ်ဆိုမှတော့
ကိုယ့်ထက် လည်လို့ ကမ္ဘာပတ်နေတာမဟုတ်လား။ ဘယ်နိုင်ငံက ဘယ်လိုရှိတယ်။ ဘယ်လူမျိုးက ဘာအားသာချက်၊
အားနည်းချက်ရှိတယ်ဆိုတာ သေသေ ချာချာစုံစမ်းပြီးမှ ကမ္ဘာပတ်ကြတာလေ။ ကိုရင်သာမောင်တို့
မြန်မာ လူမျိုးက နိုင်ငံခြားသွားလည် ကမ္ဘာပတ်ဖို့နေနေသာသာ တစ်နှစ်တစ်ခါ မြန်မာပြည်အနှံ့
ဘုရားဖူးထွက်ဖို့ဆိုတာတောင် စီးပွားရေးမကောင်းကြ လို့ မသွားနိုင်ကြပါဘူး။
တလောက
ကိုရင်သာမောင် ကိစ္စလေးရှိလို့ မင်္ဂလာဒုံဘက်ကအ ပြန် ၅၁ဘတ်စ်ကားစီးခဲ့ပါတယ်။ ဆယ်မိုင်ကုန်းမှတ်တိုင်ရောက်တော့
နိုင်ငံခြားသားနှစ်ဦးသုံးပေလောက်မြင့်တဲ့ ကျောပိုးအိတ်ကိုယ်စီနဲ့ ဘတ်စ် ကားပေါ်တိုးတက်တာကို
တွေ့လိုက်ရပါတယ်။ ဒါကို စပယ်ယာက ဆင်းဖို့ ပြောတာကို ကိုယ်တော်ချောနှစ်ယောက်က မသိချင်ယောင်ဆောင်ပြီး
မဆင်းဘူးဗျ။ စပယ်ယာလဲ စိတ်ညစ်သွားတယ်ထင်ပါတယ်။ ဘာကိုမှ မပြောတော့ပါဘူး။ ဒါ့အပြင် ကိုယ်တော်ချောနှစ်ယောက်က
ယာဉ်စီးခ အတွက် မြန်မာငွေကျပ် ၂ဝဝကို အသင့်ကိုင်ဆောင်ထားတာလဲတွေ့ရ တယ်ဗျ။ မြန်မာနိုင်ငံအကြောင်း
ကောင်းကောင်းလေ့လာထားပုံရပါ တယ်။
ကိုရင်သာမောင်လည်း
စပ်စပ်စုစုစပယ်ယာကို မေးလိုက်မိပါ တယ်။ ''ကျွန်တော်တို့ကို နိုင်ငံခြားခရီးသွားတွေ
ဘတ်စ်ကားပေါ် မတင်ဖို့ကို ညွှန်ကြားထားတာကြာပြီဗျ။ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာတို့၊
ခရီး သည်နဲ့ အချင်းများတာတို့၊ ကားအက်စီးဒင့် ဖြစ်ခဲ့လျှင်ရှင်းရခက်တယ်။ ကျွန်တော်တို့
လဲ အရေးယူခံရတယ်။ ဒါကြောင့် မတင် တာပါဗျာ''ဟု ပြောပြသည်။ နိုင်ငံခြားသား ခရီးသွားများအတွက်
သီးသန့်ငှားစီးနိုင်ရန် အပြာခံနံပါတ်ပြားပါသည့် အငှားယာဉ် များ စီစဉ်ထားသည်ကို တွေ့ရပါသည်။
အခုတော့
ရပ်ကွက်ထဲဝင်လာပြီး ပေါ်ပေါ်တင်တင် ဖိုးတွမ်တီးလုပ်တာကို တွေ့နေရပါပြီ။ ဒါနဲ့ပတ်သက်ပြီးထိုင်နေကျ
လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးမှာ ကိုရင်သာမောင်က လူတတ်ကြီးလုပ်ပြီး ''ဒီလိုရပ်ကွက်ထဲမှာ
နိုင်ငံခြားသားတွေ ပစ္စည်းလာရောင်းတာနဲ့ ကြုံခဲ့လျင် ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်ပြီး
သူ့ရဲ့ပတ်စ်ပို့လေးတောင်းကြည့်ပါ။ အခက်အခဲရှိလျင် ရဲစခန်းကိုခေါ် သွားပါ။ ရဲစခန်းကနေတစ်ဆင့်
သက်ဆိုင်ရာသံရုံးကို အကြောင်းကြား ပြီး ကူညီနိုင်ပါတယ်။
သူ့မှာပါတဲ့ပစ္စည်းကို
ဘာမှသွားမထိနဲ့၊ ပျောက် ပါတယ်ဆိုလျင် ပြဿနာကြီးလိမ့်မယ်။ ဝယ်ဖို့ဆိုလျင် ပိုပြီးပြဿနာ
ရှိနိုင်တယ်။ မြန်မာလူမျိုးတို့ရဲ့ အိမ်ရှင်ဆိုတဲ့ ရိုင်းပင်းကူညီမှုကိုပြသ ကြပါ''
အခုလို
ကိုရွှေမြန်မာတွေကို မအဖို့၊ မညံ့ဖို့ ဆော်သြနေတုန်း ဘေး ဝိုင်းက လူတစ်ယောက်က ထပြောပါတော့တယ်။
''ဒီမှာ ကိုရင်သာမောင် ထိုင်ဝမ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်အားလုံး စာရေးတာ တုတ်ချောင်းပါ
တဲ့ ငတိတွေပဲ ဘယ်လိုဒုက္ခပေးရမလဲဆိုပြီး ရောက်လာကြတာ၊ စဉ်း စားကြည့်လေ။ ဆီးဂိမ်းမှာ
Head to Head မသိတဲ့နည်းပြနဲ့ ဖိနပ် စက်ရုံအလုပ်သမားတွေကို လစာမပေးဘဲ ထွက်ပြေးတဲ့ငတိလဲ
သူတို့ စာက တုတ်ချောင်းပဲ။ လက်ပံတောင်းတောင်ကို အသံမမြည်အောင် ဝါးစားလိုက်တဲ့ငတိ သူတို့စာက
တုတ်ချောင်းပဲ။ မြန်မာပြည်ထဲ ဆူနာမီ ကားတွေကို သနပ်ခါးလိမ်းပြီးပို့တဲ့ ငတိတို့စာလဲ
တုတ်ချောင်းပဲ။ အခုပဲ ကြည့် ထိုင်ဝမ်ဆိုတဲ့ ငတိတုတ်ချောင်းကိုကိုင်ပြီး ရပ်ကွက်ထဲမှာမွှေသွား
လိုက်တာ မြန်မာနိုင်ငံအနှံ့အပြားမှာ တုတ်ချောင်းကိုင်ပြီး မြန်မာတွေ အရိုက်ခံနေရတာ
ခါးကော့နေပါပြီဗျာ။ အေးလေ လိမ်ရတာ အလွယ်ကူ ဆုံးက ကမ္ဘာမှ မြန်မာကွဆိုပြီးသိလို့ ဝင်လာကြတာ။
လူထုက အလိမ်ခံရတာများတော့ အရေခွံထူနေပါပြီဗျာ။ ဒီအလိမ် သံသရာက ဘယ်လောက်ရှည်နေဦးမယ်ဆိုတာ
မသိပါဘူး ကိုရင်သာမောင် ရယ်''တဲ့လေ။
ကိုရင်သာမောင်လည်း
အလိမ်သံသရာကလွတ်ကင်းအောင် ကိုရွှေ မြန်မာတွေ စာများများဖတ်ပြီး ဗဟုသုတရှာဖွေဆည်းပူးဖို့၊
ကမ္ဘာ့အပြင် ဘက်ကို ခေါင်းထွက်ပြီး မျက်စိပြူးကြည့်ဖို့၊ လူတိုင်းကို ကူညီတယ်ဆိုတာ ဥပဒေဘောင်ထဲ
ကဖြစ်ဖို့၊ မြတ်ဗုဒ္ဓတရားတော်တွေနဲ့အညီ စေတနာမေတ္တာ ယဉ်ကျေး သိမ်မွေ့တာကို ပြသဖော်ဆောင်ဖို့၊
စည်းကမ်းရှိကြဖို့ စတာတွေ ကို ပြောချင်ပါတယ်။
ဒါပေမဲ့
လူထုရဲ့စိတ်ထဲမှာ အလိမ်ခံနေရတာကို ခံနိုင်ရည်ရှိပြီး ကျင့်သားရနေတာကိုတွေ့ရပါတယ်။ ဒေါသဖြစ်တာကိုလဲ
မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ အလိမ်သံသရာမလည်အောင်တော့ ကိုရွှေ မြန်မာတွေ စဉ်းစားလိမ့်မယ်လို့
ယုံကြည်မိပါတယ်။
#Democracytoday
(ဒီမိုကရေစီတူဒေး
သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment