Tuesday, September 30, 2014

လူပျို ဘုရားလုံးဝမရှိ





အရှင်ဘုရား....
ပွင့်တော်မူခဲ့ပြီးသမျှ ဘုရားရှင်တွေထဲမှာလူပျို ဘုရားဘယ်နှစ်ဆူလောက် ပါပါသလဲဘုရား။ လုံးဝမပါဘူးဆိုရင်လည်း ဘာကြောင့်ဆိုတာ သိပါရစေ။ တောထွက်ဘုန်းကြီးထက် ငယ်ဖြူ ဘုန်းကြီးက ပိုပြီးကြည်ညိုစရာကောင်းသလို တောထွက်ဘုရားထက် ငယ်ဖြူ ဘုရား
ကပိုပြီးကြည်ညိုစရာကောင်းမယ်ထင်လို့ပါ....။ မေးတာမှားရင် ခွင့်လွှတ်တော်မူပါဘုရား...  
မာဂျေ ၊ အင်တာဗျူးဂျာနယ်

ဒကာမာဂျေရေ...
သမ္ဗု ဒေဘုရားရှိခိုးဂါထာမှာ ''အပ္ပကာ ဝါဠု ကာဂင်္ဂါ၊အနန္တာ၊နိဗ္ဗူ တာ ဇိနာ''လို့ ပါတယ်မဟုတ်လား။ 

''ဂင်္ဂါ မြစ်ကမ်း သဲသောင်ပြင်ပေါ်ကသဲမှုန်သဲလုံးလေးတွေကမှ နည်းပါးသေးတယ်။ နိဗ္ဗာန်နန်းကိုစံမြန်းတော်မူ သွားကြတဲ့ ငါးမာရ်အောင်မြင် ဘုရားရှင်တွေကမရေမတွက်နိုင်လောက် အောင်အဆုံးအပိုင်းအခြားမရှိ အသင်္ချေအနန္တ များပြားလှပါတယ်'' ...တဲ့

လောကမှာသမ္မာသမ္ဗု ဒ္ဓဘုရားရှင်တွေမရေမတွက်နိုင်လောက်အောင်အသင်္ချေ အနန္တပွင့်တော်မူခဲ့ကြ
ပြီးပါပြီ။နောင်လည်းမရေမတွက်နိုင်လောက်အောင်အသင်္ချေအနန္တပွင့်တော်မူကြဦးမှာပါ။ပွင့်ပြီး၊ပွင့်ဆဲ၊ပွင့်လတ္တံ့ သမ္ဗာသမ္ဗု ဒ္ဓဘုရားရှင်တွေထဲမှာလူပျိုဘုရားတစ် ဆူမှမပါပါဘူး။ ဘုရားအားလုံးအိမ်ထောင်ရှင်ဘုရားတွေ ချည်းပါပဲ။ ဒကာမာဂျေ့မေးခွန်းမှာပါတဲ့အသုံးအနှုန်း သို့မဟုတ် ခုခေတ်ရဟန်းလောကရဲ့အသုံးအနှုန်းနဲ့ ပြောရရင် ငယ်ဖြူ ဘုရား တစ်ဆူမှမရှိပါဘူး။ 

ဘုရားအားလုံးတော ထွက်ဘုရားတွေချည်းပါပဲ။ ''ဗောဓိကုက္ကို ညောင်ထိုထို လူပျို ဘုရားမရှိငြား''ဆိုတဲ့ စကားရပ်ထဲမှာပါတဲ့''ဘုရား'' ဆိုတာသမ္ဗာသမ္ဗု ဒ္ဓဘုရားကိုပြောတာပါ။ ပစ္စေကဗုဒ္ဓဘုရားမပါပါဘူး။ ပစ္စေကဗုဒ္ဓဘုရားကတော့ လူပျို ဘုရားလည်းရှိပါတယ်။ အိမ်ထောင်ရှင်ဘုရားလည်းရှိပါတယ်။ ငယ်ဖြူ ဘုရားလည်း ရှိပါတယ်။တောထွက်ဘုရားလည်း ရှိပါတယ်။

လူပျို ဘုရားဘာကြောင့်မရှိသလဲဆိုတာကို ကျမ်းဂန်မှာ တိုက်ရိုက်ပြမထားပေမယ့် ကျမ်းဂန်လာဒေသနာ အမျိုးမျိုးနဲ့ ချိန်ထိုးဆက်စပ်ကြည့်မယ်ဆိုရင်တော့ကျေနပ်လောက်တဲ့အဖြေထွက်လာနိုင်ပါတယ်။ အားလုံးသိကြတဲ့ဗုဒ္ဓဝင်ဒေသနာတော်မှာ ဘုရားရဲ့မွေးဖွားရာဇာတိမြို့ ခမည်းတော်မယ်တော်အမည်၊ လူ့ဘဝအမည်၊ကြင်ယာတော်သားတော် နန်းစံသက်၊တောထွက်ချိန်... စတဲ့မြတ်စွာ ဘုရားရှင်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲဒီလိုဖော်ပြရခြင်းရဲ့အကြောင်းပြချက်က ဘာလဲဆိုတော့
''မြတ်စွာဘုရားရှင် ဟာလူသားစစ်စစ်ဖြစ်တယ်ဆိုတာထင်ရှားစေချင်လို့ပါ''....တဲ့။

မွေးဖွားရာဇာတိမြို့က သက္ကတိုင်း၊
ကပိလဝတ်မြို့ ခမည်းတော်ကသုဒ္ဓေါဒနမင်းကြီး၊
မယ်တော်က မဟာ မာယာဒေဝီ၊
လူ့ဘဝအမည် သိဒ္ဓတ္ထ၊
ကြင်ယာတော်က ယသော်ဓရာ၊
သားတော်က ရာဟုလာ၊
နန်းစံသက်က ၁၃နှစ်၊
တောထွက်ချိန်ကအသက်၂၉နှစ်...
စသည်အားဖြင့်လူသားတစ်ဦးမှာရှိထိုက်တဲ့ကိုယ်ရေးရာဇဝင်အချက်အလက်တွေကိုဖော်ပြလိုက်ခြင်းအားဖြင့် ''ဗုဒ္ဓ''ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နတ်ဒေဝါလည်း မဟုတ်ဘူး၊ သိကြား ဗြဟ္မာလည်း မဟုတ်ဘူး၊ အနန္တတန်ခိုးရှင်လည်း မဟုတ်ဘူး၊ထာဝရဖန်ဆင်းရှင်လည်း မဟုတ်ဘူး။ လူသားအစစ်လူသားဆိုမှ တကယ့်လူသားအစစ် ဆိုတာကို အထင်အရှားသက်သေပြပြီးသားဖြစ်သွားပါတယ်။

အဲဒီလိုမှမဟုတ်ရင်ဗုဒ္ဓမပွင့်ခင်က လူတွေကိုး ကွယ်နေကြတဲ့ နတ်ဒေဝတာတွေ၊သိကြားဗြဟ္မာတွေနဲ့ ရောထွေးသွားပြီး ''ဗုဒ္ဓ''ဆိုတာ နတ်ဒေဝါတစ်ဦးဦး ပဲလို့လူတွေထင်မှတ်သွားနိုင်ပါတယ်'' ဗုဒ္ဓကနတ်ဗြဟ္မာပဲတန်ခိုးကြီးမှာပေါ့၊ဟောအားရှိမှာပေါ့'' ဆိုပြီးမြတ်ဗုဒ္ဓရဲ့
တရားစကားတော်တွေကို မလေးမစားနဲ့ယုံကြည်မှုကင်းမဲ့သွားနိုင်ပါတယ်။

အဲဒီလိုဆိုရင်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်လာတာဟာ လူသားတွေအတွက် ဘာမှအဓိပ္ပါယ်မရှိသလိုဖြစ် သွားပါလိမ့်မယ်။ ရဟန်းမပြုခင် အိမ်ထောင်ပြု တယ်ဆိုတာလည်း လူသားတစ်ဦးရဲ့ လူပီသမှုသဘာဝကို ထုတ်ဖော်ပြသရာ ရောက်ပါတယ်။ နို့မဟုတ်ရင် ''နတ်ဗြဟ္မာမို့အိမ်ထောင်မပြု တာ၊ ဘီလူးသဘက်မို့မိန်းမမယူတာ''လို့ အထင်လွဲစရာ ဖြစ်နိုင်ပါတယ်။

''ဗုဒ္ဓကလူသားစစ်စစ်မို့ အိမ်ထောင်ပြုတာပေါ့ကလေးတစ်ယောက်တောင် ရလိုက်သေးတယ်'' လို့မြတ်ဗုဒ္ဓရဲ့ လူသားစစ်မှုအပေါ် သံသယကင်းသွားပြီဆိုရင်မြတ်ဗုဒ္ဓရဲ့ စွမ်းရည်သတ္တိတန်ခိုးတွေကိုလည်း အထင်ကြီးလေးစားသွားသလိုမြတ်ဗုဒ္ဓဟောကြားတဲ့ တရားဒေသနာတွေကိုလည်း ယုံကြည်လက်ခံသွားပါတယ်။

''လူသားစစ်စစ်ဖြစ်ကြောင်းပြသနိုင်ခြင်း''ဆိုတဲ့အချက်ကလူပျို ဘုရားမရှိခြင်းရဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။

အရှင်ဆန္ဒဓိက

Credit: https://www.facebook.com/501057299977813/photos/a.501060999977443.1073741826.5

No comments: