Sunday, September 7, 2014

ကီးမား ပလာတာ



ကီးမား ပလာတာ (၆ခုစာ)




မလေးရှားမှာ Street Food Murtabak လို့ ခေါ်တဲ့ ကီးမားပလာတာ လုပ်နည်းပါ။ ဒီကီးမားပလာတာ လုပ်နည်း ရန်ကုန်မှာ စားနေကျ ကီးမားပလာတာ လုပ်နည်းနဲ့လည်း တော်တော်ဆင်ပါတယ်။ စားလို့ အရမ်းကောင်းတာမို့ ကီးမားပလာတာ လုပ်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..

ပလာတာတွင် ပါဝင်ပစ္စည်းများ
  • ဂျုံ – ၄၅၀ ဂရမ်
  • ဆီ – ခွက် ၃ပုံ၁ပုံ
  • ရေ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပလာတာ ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (ဂျုံ၊ ဆီ၊ ရေ၊ ဆား) တို့ကို သမအောင် ရောနုယ်ပေးပါ။



၂။ ဂျုံသား နူညံ့သည်အထိ နုယ်ပေးပါ။ မာနေလျှင် ရေအနည်းငယ် ထည့်ပေးပါ။
၃။ ဂျုံသား နူညံ့သွားလျှင် လက်နှစ်ဖက်ကို ဆီသုတ်ပေးပြီ ဂျုံဒိုးကို ၆ပိုင်းပိုင်းပေးကာ အလုံးလုံးပေးပါ။
၎။ အပေါ်မှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ဖြူးပေးပြီ အ၀တ်သန့်ဖြင့် အပေါ်က အုပ်ပြီ ၃နာရီခန့် နုပ်ထားပေးပါ။

 
ကီးမားပလာတာ အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား (သို့) ဆိတ်သား – ၄၅၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီးစိမ်း – ၄-၅ တောင့် (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)

ကီးမားချက်နည်း
၁။ ကီးမားချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်သွန်နီ ဆီသပ်ပေးပါ။


၂။ ပြီလျှင် ခရမ်းချဉ်သီး၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။


၃။ ထို့နောက် ကြက်သား(သို့)ဆိတ်သား၊ ငရုတ်သီးစိမ်း၊ ဇီယာ၊ နံနံစေ့မှုန့်၊ တို့ကို ထည့်ပြီ ၂မိနစ်ခန့် ရောကြော်ပေးပါ။


၎။ နောက်ဆုံးမှ မဆလာ၊ နံနံပင် အုပ်ပေးပြီ ပန်းကန်တစ်ခုထဲ တွင် ပြန်ဆယ်ကာ ခေတ္တအအေးခံထားပါ။

ကီးမား ပလာတာ လုပ်နည်း
၁။ ပလာတာဒိုးရိုက်ရန် စားပွဲကို ဆီသုပ်၊ လက်ကို ဆီသုပ်ပြီမှ ဂျုံဒိုး တစ်ခုကို လက်ဖြင့် အပြားဝိုင်း ပြုလုပ်ပါ။
၂။ ပြီနောက် လက်နှစ်ဖက်ကို သုံးပြီ ပုံတွင်ပါသည့်အတိုင်း ဂျုံပြား ပါးလွှားသည်အထိ ရိုက်ပေးပါ။



၃။ ဂျုံပြား ပါးလွှားသည့်အနေထားရလျှင် အလယ်ကို ကြက်ဥသုပ်၊ ကြက်သွန်နီ ပါးပါးလှီး အနည်းငယ် ဖြူးပေးပါ။


၎။ ထို့နောက် ကြက်သား(သို့)ဆိတ်သား ကီးမားကို အလယ်တွင် ထည့်ပေးပါ။


၅။ ပြီလျှင် ပလာတာဒိုးကို စတုဂံပုံ လေးခေါက်ခေါက်လိုက်ပါ။
၆။ ပြီနောက် ဆီသုတ်ထားသော ဒယ်ပြားပေါ်သို့ တင်ပြီ အညှိရောင်သန်းအထိ တဖက်စီလှန်ပြီ ကြော်ပေးပါ။ ကြော်ပေးစဉ် ဆီ(သို့) ထောပတ် စားပွဲတင်ဇွန်း ၁ဇွန်း ထည့်ပေးပါ။


၇။ ကီးမားပလာတာ ရပြီဆိုလျှင် ဓားဖြင့် ၄ပိုင်းပိုင်းပြီ သံပရာသီး၊ ကြက်သွန်နီ တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…



မှတ်ချက် ။ ။ ထို့နည်းအတိုင်း ကျန် ကီးမားပလာတာ များကို ပြုလုပ်ပါ။ ပလာတာ ရိုက်တဲ့ အခါ ၁ကြိမ်၊ ၂ကြိမ် လုပ်ရခက်ပါလိမ့်မယ်။ လုပ်သားကျရင် အဆင်ပြေသွားပါလိမ့်မယ်..

No comments: