“မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား? ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ။
အချိန်မရှိရင်တော့ မင်းသဘောပဲ။ တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုမထိရောက်ဘူး မင်းပြောတယ်။
တို့နိုင်ငံရဲ့ ဥပဒေတွေကလဲ အိုဟောင်းပြီ ခေတ်မမီတော့ဘူး မင်းပြောတယ်။ စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်။ ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာ ခပ်များများလို့ မင်းပြောတယ်။ မီးရထားဆိုတာ
ဟာသ တစ်ခုပဲ။ လေကြောင်းလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး။ စာပို့စနစ်မှာလဲ ဘယ်တော့မှ
ပို့တဲ့စာကမရောက်ဘူး။ တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲလို့
မင်းပြောတယ်။ မင်းအဲဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး မင်းကရော ဘာတစ်ခုလုပ်လဲ?
ကောင်းပြီ မင်း စင်ကာပူကိုရောက်တဲ့အခါကျတော့ စင်ကာပူက လမ်းတွေပေါ်
မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး။ စတိုးဆိုင်မှာ မုန့်မစားရဲဘူး။ ညနေ ၅နာရီနဲ့ ၆နာရီအကြား
အောခတ်လမ်းပေါ် ကားဖြတ်မောင်းဖို့ ငါးဒေါ်လာ မင်းပေးတယ်။
အဲ့လိုလုပ်ရတာနဲ့ပတ်သက်လို့ စင်ကာပူမှာ မင်းတစ်ခုခုများ
ဝေဖန်ခဲ့လား၊ပြောခဲ့လား? ဒူဘိုင်းမှာ ဥပုသ်လမျိုး အပြင်ထွက်ရဲလား။ ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား။ မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ၊
ငါဘာကောင်လဲ သိလား၊ ငါဘယ်သူ့သားလဲသိလားလို့ ရဲကို မင်းပြောရဲလား။ အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ
စားပြီးသားအုန်းခွံတွေကို တွေ့ကရာ မင်းလျှောက်ပစ်ရဲလား။ တိုကျိုကလမ်းတွေပေါ်မှာ မင်းကွမ်းတံတွေးလျှောက်ထွေးရဲလား။
ဒါတွေက မင်းကိုမေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး
ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား၊ စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲမေးနေတာ။
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့ စိတ်ထင်သလို ဆေးလိပ်တွေ၊ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကိုမေးနေတာ။
တခြားတိုင်းတစ်ပါးမာ စည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက
ကိုယ့်မွေးရပ်နိုင်ငံမှာကျတော့ ဘာလို့ပုံစံတူတူမလုပ်နိုင်ရတာလဲ။ အင်တာဗျူးတစ်ခုမှာ
အငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr. Tinaikar ဘာပြောသွားလဲသိလား။ လူ့မလိုင်တွေက
သူတို့ခွေးတွေနဲ့ လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတော့ အဲဒီလူတွေကပဲ တစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူအဖွဲ့အစည်းတွေ
ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်။ တာဝန်ရှိသူတွေကို သူတို့က ဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှအညစ်အကြေးတွေကို
တကောက်ကောက် လိုက်ရှင်းပေးစေချင်တာလား။ အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီ ကထွက်တဲ့
အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်။ ဂျပန်မှာလဲ ဒီလိုပဲ။ ဒီအိန္ဒိယကလူတွေ
အဲလိုလုပ်သလား?
တို့လူတွေကျတော့ မဲပေးပွဲသွား မဲလေးပေးပြီး ဖြစ်သမျှအကုန်လုံးကို
တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။ ကိုယ်ကိုယ်တိုင်က ဘာတာဝန်မှမရှိသလိုနေပြီး
အရာအားလုံးကို အစိုးရကပဲ ကကြီး ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့် နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှုက သုည။
အမှိုက်လေးတွေကြုံသလိုလျှောက်ပစ်ရင်း မြို့တော်စည်ပင်သာယာလှပဖို့
အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်။ အဲဒီအစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့
မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်။ ဒါပေမဲ့
အဲ့ဒီသန့်စင်ခန်းတွေကို ကျကျနနဘယ်လိုသုံးမလဲတော့ အလေးမထားဘူး။ အိန္ဒိယလေကြောင်းလိုင်းတွေမှာ
အကောင်းဆုံးအစားအသောက်တွေ၊ ရေအိမ်တွေရှိစေချင်ကြတယ်။ ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး
ပိုယူလာဖို့၊ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ စနစ်နဲ့ဖြစ်စဉ်တွေအတွက်
ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဘယ်သူတွေက ပြောင်းလဲဖို့ လိုနေတာလဲ။ အဲဒီစနစ်ကြီးမှာ ဘယ်သူတွေပါဝင်လှုပ်ရှားလည်ပတ်နေတာလဲ။
ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်ကျင်၊ ကိုယ့်မြို့၊ ကိုယ့်အဖွဲ့ အစည်း၊ တခြားအဖွဲ့အစည်းတွေနဲ့
အစိုးရအကုန်လုံးပါဝင်နေတာ မဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ် တကယ်တမ်းလက်တွေ့ကျကျပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်အချိန်ကျတော့
အားလုံးက ကိုယ့်မိသားစုလေး နဲ့အတူတူ စိတ်ချလုံခြုံတဲ့ အိမ်လေးထဲမှာ အတူတူနေထိုင်ကြပြီး
ပြတင်းပေါက်ကနေ ဒီပြောင်းလဲရေးကို ခပ်လှမ်းလှမ်းပဲ စောင့်ကြည့် နေကြမှာပါ။ သူတို့စိတ်ထဲမှာတော့
မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အားလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်
လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့ စောင့်စားရင်းနဲ့ မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြား တိုင်းတစ်ပါးကို ပြောင်းရွှေ့သွားရင်လဲ သွားလိမ့်မယ်။
ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေးကြီးလက်ကနေ
ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနား တယ်လို့ထင်ရတဲ့
အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာ နေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမစနစ်တွေကို
တဖွဖွ ချီးမွမ်းခန်းဖွင့်နေကြလိမ့်မယ်။ အဲဒီလိုနေရင်းနဲ့ နယူးယောက်က မလုံခြုံဘူးလို့
ခံစားလာရရင် အင်္ဂလန်ကို ဆက်ပြေးကြ။ အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကိုလေယာဉ်နဲ့ပြေး၊
ပင်လယ်ကွေ့မှာစစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေး အစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့စနစ်နဲ့ခေတ်ကို အားပြည့်တိုးတက်လာဖို့ကိုတော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး။ အကောင်းအဆိုးပိုင်းခြားနိုင်တဲ့ အသိဉာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြ လိုက်သလိုဖြစ်နေတယ်။ (၃၅)ယောက်မြောက် အမေရိကန်သမ္မတ J.F Kennedy က သူ့နောက်လိုက်
အမေရိကန်တွေကို တောင်း ဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်။ ‘DO NOT ASK WHAT YOUR COUNTRY DO FOR YOU.
ASK WHAT YOU CAN DO FOR YOUR COUNTRY’ တိုင်းပြည်ကသင့်ကို ဘာပေးနိုင်လဲလို့ မေးနေမယ့်အစား
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲဆိုတာပဲ မေးပါတဲ့။
အယ်ဒီတာတစ်ဦး (www.dailydemocracytoday.com)
(Note: အိန္ဒိယသမ္မတဟောင်း Dr. A.P.J. Abdul Kalm အိန္ဒိယနိုင်ငံတောင်ပိုင်း
ဟိုက်ဒရောဘတ်မြို့မှ ပြောခဲ့တဲ့မိန့်ခွန်းထဲက ကောက်နှုတ်ချက် လေးပါ။)
Credit:
Aye Sad – Translated From Awesome Quotes ကို ကိုးကားပါသည်။
No comments:
Post a Comment