Friday, September 26, 2014

သွေးသားရောင်းရန် ရှိသည်




နီနီရဲရဲ နှုတ်ခမ်းဆိုးဆေးများ၊ သနပ်ခါးအဖွေးသား နဲ့ အမျိုးသမီးတချို့၊ စကပ်တိုတို၊ ရွှေအိုရောင် ဆံစနဲ့ မိန်းမငယ်လေးတချို့၊ တချို့က နေလောင်အသားနဲ့။ သူတို့အားလုံးဟာ ရန်ကုန်မြို့ရဲ့နေရာ တော် တော်များများမှာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ရော၊ ညပါ သူတို့ကို အဖော်ပြုမယ့်သူများအား မျှော်လင့်တကြီး ရှိကြပါတယ်။
ဆင်းရဲမှုကိုအကြောင်းပြု မိသားစုစားဝတ်နေရေးအ တွက် သူတို့ရဲ့ဘဝတွေကို ရင်းခဲ့ရသူများက အများစုဖြစ်တယ် လို့ ၁ဝနှစ်ကျော် ပြည့်တန်ဆာလောကကို ဖြတ်သန်းလာခဲ့ သူ မခရေ(အမည်လွှဲ)က ပြောပါတယ်။ ပညာမတတ်တဲ့ သူတို့ရဲ့ဘဝတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း မည် မည်ရရမရှိတော့ ငွေရလွယ်တဲ့ ပြည့်တန်ဆာလောကကို သူမကိုယ်တိုင် ခြေချမိခဲ့တယ်လို့ဆိုပါတယ်။

တရားဝင်လုပ်ကိုင်ခွင့်မရှိ၊ ဘဝအာမခံချက်မရှိတဲ့ သူတို့ရဲ့ ပြည့်တန်ဆာလောကကိုစိတ်ကုန်ပြီး ကျောခိုင်းဖို့ကြံ တိုင်း ဆင်းရဲတဲ့၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတို့မိသားစု ဝင်တွေရဲ့မျက်နှာတွေ၊ ပုံရိပ်တွေကြောင့် ရုန်းထွက်ဖို့ ခက်ခဲ ခဲ့တယ်လို့ သူမက ဆိုပါတယ်။ ''လွယ်လွယ်နဲ့ ဆုံးဖြတ်လိုက်ကြတာတော့ မဟုတ်ဘူး။ သူတို့ရဲ့မာနတွေ၊ သူတို့ရဲ့သိက္ခာတွေကိုချပြီးတော့ သူတို့ မိသားစုကိစ္စတွေကို လတ်တလောဖြေရှင်းကြရတာ''။

မခရေတို့လို ပြည့်တန်ဆာလောကဟာ စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြုပြီး အခုလိုပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ နဂိုကထက် အပြန့်ကျယ်ပြီး တိုးပွားလာခဲ့ပါ တယ်လို့ မန္တလေးမြို့ခံ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်နေသူ တစ်ဦးက ရန်ကုန်တိုင်းမ်ကိုပြောပါတယ်။

''နိုင်ငံပွင့်လင်းလာတာနဲ့အမျှ နိုင်ငံခြားသားတွေ အဝင် များလာတယ်။ နိုင်ငံခြားသားအဝင်များလာတော့ ပြည့်တန် ဆာဈေးကွက်လိုအပ်ချက် ပိုကြီးလာတယ်။ ရှင်းရှင်းလေးပဲ'' လို့ ၄င်းက ဆိုပါတယ်။ အသို့ဆိုသော် မြန်မာနိုင်ငံမှာက ပုံမှန်လိင်လိုက်စားပြီး ပိုက်ဆံဖြုန်းနိုင်တဲ့အရေအတွက်ဟာ အနည်းငယ်သာရှိပြီး စီးပွားရေးလုပ်ဖို့၊ ကုမ္ပဏီထောင်ဖို့၊ အကြံပေးလုပ်ဖို့ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြည်တွင်းကိုရောက် လာတဲ့ နိုင်ငံခြားသားတွေကပဲ ပြည့်တန်ဆာတွေနဲ့ ချိတ် ဆက်ပြီး တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် အတွဲခုတ် ကြတယ်လို့ သူက ဆက်ပြောပါတယ်။

''အရင်က နိုင်ငံခြားသားတွေဟာ မိန်းမလိုချင်ရင် ဟိုတယ်ကတစ်ဆင့်ပဲ ချိတ်ကြတယ်။ အခုတော့ ပုံစံပြောင်းသွားပြီး သူတို့ကိုယ်တိုင် ကလပ်သွားတယ်။ အင်္ဂလိပ်စာ တီးမိခေါက်မိ မြန်မာမလေးတွေနဲ့ စကားပြောတယ်။ ချိတ်ကြည့်တယ်။ အဆင်ပြေရင် သူတို့တည်းခိုတဲ့နေ ရာကို မ,သွားကြတယ်''။

နောက်ပိုင်းမှာတော့ အဲဒီကောင်မလေးနဲ့ပဲ အီးမေးလ်တို့၊ ဖုန်းတို့ဖြင့် အပြန်အလှန်ချိတ်ဆက်ပြီး အဲဒီနိုင်ငံခြား သားတွေ မြန်မာပြည်ကိုလာတဲ့အခါတိုင်း အတူနေမိန်းမတွေ အဖြစ် လုပ်ပေးရတယ်လို့ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်သူက ဆိုပါတယ်။ ''တချို့ဆိုရင် ကုမ္ပဏီမန်နေဂျာအဆင့်ရှိတဲ့ လစာ မြင့်ကောင်မလေးတွေတောင် ပါတယ်။
အဲဒီကောင်မလေး တွေက ဒီကောင်တွေ မြန်မာပြည်ရောက်လာပြီဆိုရင် သူတို့ ကုမ္ပဏီက ခွင့်တစ်ပတ်၊ ၁ဝ ရက်ယူပြီး ဒီကောင်နဲ့လိုက်နေ ပေးတာပဲ။ တစ်ပတ်ကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ရတော့ ဒီနည်းနဲ့ ပြည့်တန်ဆာလဲမဟုတ် ကီပင်လဲမဟုတ်တဲ့ မိန်းမတွေ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပေါလာတယ်''။

မခရေတို့၊ လိင်လုပ်ငန်းဦးစီးတို့ရဲ့အဆိုအရတော့ နိုင်ငံခြားသားအများစုဟာ သူတို့နဲ့ချိတ်ဆက်တဲ့ ပြည့်တန်ဆာတွေကို အသက် ၁၈ နှစ် ပြည့်မပြည့် အရင်မေးတတ်တယ်လို့ သိရပါတယ်။ အသက် ၁၄၊ ၁၅ နှစ်လိုမျိုး ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးများဆိုရင် သိပ်လက်မခံဘူးလို့ဆိုပါတယ်။ အထူး သဖြင့်တော့ အရွယ်မရောက်သေးသူများဖြင့် လိင်မှုဆက်ဆံမှုပြုလျှင် နိုင်ငံတကာဥပဒေတွေအရ အဖမ်းခံထိမှာကို သူတို့က အတော်ကြောက်တယ်လို့ လိင်လုပ်ငန်းဦးစီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည့်တန်ဆာလောကမှာတော့ အခြေ အနေအရပ်ရပ်ရဲ့ တွန်းပို့မှုကြောင့် အသက် ၁၄၊ ၁၅ အရွယ် ကနေ အသက် ၄ဝ ကျော်အရွယ် အမျိုးသမီးများအထိ ကျင်လည်ကျက်စားလျက်ရှိတယ်လို့ မခရေက ပြောပါတယ်။ မခရေပြောပုံ အရဆိုရင်လည်း ဥပဒေပိုင်းအကာအကွယ်မဲ့ နေတဲ့ သူတို့ရဲ့ဘဝတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ဆိုတာကြီးကို အသုံးပြုပြီး ရဲများရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူ၊ ထောင်ချနေမှုများကလည်း ပြည့်တန်ဆာလောကကြီး ကို ပိုမိုအပြန့်ကျယ်စေတယ်၊ ပိုမိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။

''တစ်ယောက်ကိုဖမ်းပြီဆိုရင် နောက်ထပ်နှစ်ယောက် လောက်က ဝင်လာတာ။ ဆတိုးပွားတယ်လို့ပြောချင်တာ''လို့ မခရေက ပြောပါတယ်။

ဥပမာ- ကျွန်မက အိမ်မှာ ဦးဆောင်နေတာ။ ဒီအိမ်က တာဝန်ကို အဓိကထမ်းဆောင်နေတာ။ ကျွန်မအဖမ်းခံရရင် ကျွန်မအောက်ကညီမတွေက အိမ်ထောင်ဦးစီးပြန်ဖြစ်သွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း အစ်မကိုမှီခို နေရတာ။ ဖြစ်ခိုင်းတာတော့မဟုတ်ဘူး။ သူ့အလိုလိုဖြစ်သွား တာ။ သူတို့အသိစိတ်ဓာတ်က အိမ်ရဲ့ကိစ္စတွေက ငါ့တာဝန် ဖြစ်သွားပြီဆိုပြီး အစ်မဖြစ်သူရဲ့လမ်းအတိုင်း မဖြစ်မနေ လုပ်ဖြစ်သွားတာ။ ဆိုတော့ ဖမ်းဆီးတာက ပြည့်တန်ဆာတွေ ကို ပိုပွားအောင်လုပ်တာနဲ့တူနေတယ်။ ဒါကြောင့် ပြည့်တန်ဆာတွေကိုဖမ်းတယ်၊ ထောင်ချ တယ်ဆိုရင်လည်း အတတ်ပညာတွေ သင်ပေးသင့်တယ်။

အသက်မွေးဝမ်းကျောင်းတစ်ခုခုကိုတတ်ထားရင် အခုလို ငွေမရှိလို့၊ အလုပ်မရှိလို့ ဒီလောကထဲရောက်နေတဲ့သူတွေ က ဆက်လုပ်စားမှာမဟုတ်တော့ဘူးလို့ မခရေက ပြောပါ တယ်။ ဒါက ဆင်းရဲမှုကို အကြောင်းပြုပြီး ရောက်လာတဲ့သူ တွေအတွက် ပြောတာပါ။ မခရေပြောသလိုပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရန် ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲမှူးကြီးတစ်ဦးကလည်း ပြည့်တန်ဆာလုပ်ကိုင်နေသူများကို တည်ဆဲဥပဒေ အရ ဖမ်းဆီးအရေးယူနေခြင်းအားဖြင့် ပြည့်တန်ဆာများ ပပျောက်သွားနိုင်လိမ့်မယ်မဟုတ်လို့ သတင်းမီဒီယာတချို့ ကို ပြောဆိုခဲ့ပါတယ်။ ပြည်သူလူထုက သတင်းပေးလို့ ဖမ်း ဆီးခဲ့ရတဲ့အမှုတွေက နှစ်နဲ့ချီလို့ မနည်းတော့သည့်တိုင် ပြည့် တန်ဆာလုပ်ကိုင်သူများ လျော့ကျသွားခြင်းမရှိတဲ့အတွက် ပြည့်တန်ဆာပပျောက်ရေး ဥပဒေမျိုးမဟုတ်ဘဲ သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ်ရပ်တော့ ရှိသင့်နေ ပြီလို့ ရဲမှူးကြီးကဆိုပါတယ်။
''ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အောက် ခြေကပြည်သူတွေဘဝကို သိသင့်တယ်။ ပြည့်တန်ဆာလုပ် တဲ့သူကလဲ ပြည်သူပဲလေ''။

မြန်မာနိုင်ငံမှာတော့ ၁၉၄၉ခုနှစ်ကတည်းက ပြည့်တန် ဆာနှိပ်ကွပ်ရေးဥပဒေ ရှိခဲ့တာပါ။ ဒီဥပဒေအရ လမ်းတွေ ပေါ်မှာ၊ လူထုရဲ့မြင်ကွင်းမှာ ဒီလိုလိင်ကိစ္စကိုလုပ်မှသာ အဖမ်း ခံထိရမှာပါလို့ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဒေါက် တာညိုညိုသင်းက ဆိုပါတယ်။ ပါမစ်ထုတ်ပေးတဲ့ပုံစံမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို မဆိုလိုသော်လည်း ဥပဒေအတိုင်းဖြစ်ဖို့ တော့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။

''ဥပဒေအတိုင်းမဟုတ်ဘဲ ထင်ရင်ထင်သလိုဖမ်းပြီး တော့ ဒီပြည့်တန်ဆာဥပဒေနဲ့ ထောင်ချတာဟာ လူတွေကို သက်သက်မဲ့နှိပ်ကွပ်တာ''။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကတော့ ဥပဒေကို အကောင်အထည်ဖော်နေတဲ့ ရဲတွေကို ပညာပေးမှုတွေလုပ် ပေးဖို့လိုတယ်လို့ အကြံပြုပါတယ်။

ပြည့်တန်ဆာနှိပ်ကွပ်ရေးလို့ဆိုတိုင်း ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုကာ ဥပဒေရဲ့ရည်ရွယ်ချက် ကို မှန်းဆကာ ရဲများရဲ့ ကျင့်သုံးလုပ်ဆောင်နေမှုကို သူမက ယခုလို ဝေဖန်လိုက်ပါတယ်။ ''လမ်းပေါ်မှာ လုပ်မှဆိုရင် တကယ်လမ်းပေါ်မှာ မလုပ် မှပဲ အပြစ်ဖြစ်မယ်။ ဥပဒေအတိုင်း လက်တွေ့အကောင် အထည်ဖော်ဖို့ အရမ်းအရေးကြီးတယ်''။ ဒေါက်တာညိုညိုသင်း ပြောသလိုပါပဲ။ ကိုယ်တိုင်ကြုံ တွေ့ရတဲ့ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မခရေဆိုရင် လည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

''ဒီ ဥပဒေအပေါ်မှာအခြေခံပြီး ရဲတွေက ကြိုက်တဲ့အချိန်ဖမ်း တယ်၊ အမှုလိုတဲ့အချိန်မှာ ဖမ်းတယ်။ ပြည့်တန်ဆာမလေး တွေဟာ သူတို့အမှုလိုရင် ဆွဲယူလို့ရတဲ့သူတွေပဲ''။

သူတို့ရဲ့ ပြည့်တန်ဆာလောကကြီးမှာ တရားဥပဒေအရ အကာအကွယ်ပေးမှုမရှိဘဲ နှိပ်ကွပ်မှုများဖြင့် ထိတွေ့နေရသည်က အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီလို့ မခရေကဆို ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖောက်သည်များ၊ စားသုံးသူများ ရဲ့ အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်မှုတွေဆိုတာလည်း အားလုံး မဟုတ်သည့်တိုင် မကြာခဏဆိုသလို ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

''ငါးသောင်း၊ တစ်သိန်းပေးမယ်ဆိုပြီး ကိစ္စပြီးတော့မှ နင့်ကိုပိုက်ဆံမပေးဘူး ဆိုလဲ ကျွန်မတို့မှာ တိုင်စရာနေရာ မရှိဘူး။ 
သူတို့သိထားတာက ကြိုက်တဲ့ နေရာမှာတိုင် နင်တို့ ဖာမှုနဲ့တောင် အဖမ်းခံရဦးမယ်ဆိုတာမျိုး။ အနိုင်ကျင့်မှု တွေ ရှိတယ်''။
ဒါကြောင့် သူတို့ပြည့်တန်ဆာလောက အပေါ်မှာ လူ တွေရဲ့ အထင်အမြင်သေး မှုတွေ၊ ဥပဒေပိုင်းက အကာအ ကွယ်ပေးမှုတွေ၊ အစိုးရရဲ့ထိန်းကျောင်းမှုတွေကို အချိန်နှင့် အမျှ မျှော်လင့်နေပါတယ်လို့ မခရေက ဆိုပါတယ်။ ဆင်းရဲ လို့ ပညာကမတတ်၊ ပညာမတတ်လို့ ငွေရလွယ်တဲ့လမ်းကို ရွေးချယ်မိတဲ့ သူတို့လောကသားတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပါပဲလို့ သူမက ခွန်းတုံ့ပြောပါတယ်။

''အစကတည်းက ပညာကမတတ်၊ ဆင်းရဲတဲ့သူတွေ ဆိုတော့ အတွေးအခေါ်ပိုင်းက ကြောက်တာကိုပဲသိတယ်။ ပြဿနာကိုသွားရှင်းရင် ကိုယ့်ကို အရင်ဆုံး စဖမ်းမှာလေ။ အဲဒါကို အရမ်းကြောက်တာ။ ကိုယ့်ကိုဖမ်းရင် ကိုယ့်မိသားစု က ဒုက္ခရောက်သွားမယ်''။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကတော့ သူမထောင်ကျစဉ်က ထောင် ထဲမှာ တွေ့ဆုံခဲ့ဖူးတဲ့လိင်လုပ်သားတွေ ရဲ့ ဘဝကို တော် တော်စာနာမိနေပါတယ်။ ပညာမတတ်ခြင်း၊ စားဝတ်နေရေးအရမ်းခက် ခဲခြင်း၊ ကိုယ့်အခြေအနေ၊ အဆင့်အတန်းကိုမသိဘဲနဲ့ ဝတ် ချင်စားချင်စိတ် အလွန်တရာများပြားခြင်း စတဲ့အချက်သုံး ချက်ကြောင့် သူတို့တွေ လိင်လုပ်သားတွေဖြစ်သွားရတာလို့ ဒေါ်စန္ဒာမင်းက ကောက်ချက်ချပါတယ်။

''ဒီဘဝကနေ သူတို့ရုန်းထွက်ဖို့ အလွန်တရာခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရလွယ်တာကို သိလာတယ်။ ငွေရှိတော့ ဝတ်ရစားရတယ်။ ခေါင်းပုံဖြတ် ခံရတာကို သိပေမယ့် ငွေရ  လွယ်နေတော့ နောက်အလုပ်တစ်ခုကို ရှာဖို့ ပျင်းသွားတယ်။ နောက်ဆုံးတော့ ပင်ပန်းတဲ့ အလုပ်ကိုပြောင်းပြီး မလုပ်ချင်တော့တဲ့ စိတ်ဓာတ်တွေလဲ ပါတယ်''။

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည်ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
''ကျွန်မက ဧရာဝတီတိုင်းကလာတာပါ။ အဖေအမေ နဲ့ မောင်တစ်ယောက်က နာဂစ်မှာပျောက်သွားတယ်။ အခု ကျွန်မနဲ့ ညီမအငယ်တစ်ယောက်ရှိတယ်။ သူကတော့ လှိုင် သာယာမှာ အဆင်ပြေသလို အလုပ်လုပ်နေတယ်။ ကျွန်မ ကတော့ အခုမြင်တဲ့အတိုင်းပဲ။ နာဂစ်ဖြစ်တုန်းက ကျွန်မ ကိုးတန်းပေါ့။ အဲဒါပြီးတော့ ကျွန်မ ကျောင်းဆက်မတက်နိုင် တော့ဘူး။ နောက်ပိုင်း ရန်ကုန်ကိုရောက်လာပြီး လှိုင်သာ ယာစက်မှုဇုန်မှာ ရတဲ့အလုပ်တစ်ခု ဝင်လုပ်တယ်။ ဒါပေမဲ့ စားမလောက်တော့ အဲဒီက အသိအစ်မကြီးတစ်ယောက် အဆက်နဲ့ တရုတ်တန်းက ကေတီဗွီတစ်ခုမှာဝင်လုပ်ရင်း နောက်ဆုံး ဒီဘဝရောက်သွားတာပဲ''ဟု သူမဘဝအကြောင်း ကို ရှင်းပြပါတယ်။

နှင်းဆီလေးက သူမ ကေတီဗွီဆိုင်မှ ယခုလိုကြေးစား ဘဝရောက်လာရခြင်းမှာ ငွေကိုအလျှံပယ်သုံးနိုင်တဲ့ မြန်မာ စကားကို မပီကလာပီကလာပြောတဲ့ လုပ်ငန်းရှင်တစ်ယောက် က အစပြုကြောင်း ပြောပြပါတယ်။ သူမဟာ အဲဒီလုပ်ငန်း ရှင်ကတစ်ဆင့် သူနဲ့လိုက်ပါလာတဲ့မိတ်ဆွေများကို ပြုစုရ ကြောင်း၊ တချို့က မြန်မာစကားကို ပြောဆိုနိုင်သော်လည်းတချို့ဖောက်သည်များ ဟာ မြန်မာစကားကို လုံးဝပြောဆိုနိုင်ခြင်းမရှိသည့် မျက်ရစ်မရှိ အသားဖြူများဖြစ် ကြောင်း ပြောပြပါတယ်။ နောက်ပိုင်းတွင် ကေတီဗွီဆိုင်သို့ လာရောက် ပျော်ပါးသည့် အချို့လူငယ်များနှင့် သက်လတ်ပိုင်းများက လည်း သူတို့၏လိပ်စာကတ်နှင့် ဖုန်းနံပါတ်များကိုပေးခြင်း၊ လုပ်ငန်းခွင်ပြင်ပ အချိန်များတွင် တွေ့ဆုံရန်ချိန်းဆိုခြင်း များ ပြုလုပ်ခဲ့ကြောင်း သူမက ဆိုပါတယ်။

''ကျွန်မတို့ကေတီဗွီကိုလာရင်းဖုန်းနံပါတ်ပေးသွားလို့အပြန်အလှန်ဖုန်းဆက်ဖြစ်တဲ့ လူတွေ ရှိတယ်။ တချို့က ရွယ် တူတွေ။ တချို့ကလဲ ကျွန်မတို့ထက် အသက်ကြီးပါတယ်။ နေ့ခင်း အဆောင်မှာအိပ်တဲ့အချိန်မျိုးဆိုရင် သူတို့ဖုန်းဆက် တယ်။ ပြီးတော့ ကျွန်မကို ချစ်ကြောင်း၊ အပြင်မှာ တွေ့ချင် ကြောင်း ပြောတာပေါ့နော်။ ကိုယ်လဲ နေ့ခင်းပျင်းတော့ သူတို့ ချိန်းတဲ့နေရာကိုလိုက်သွားပြီး စားသောက်ပျော်ပါးကြတာ ပေါ့။ ပြန်ရင် သူတို့လိုက်ပို့တာရှိသလို တစ်ခါတလေ တက္ကစီ ငှားပြီး ပြန်ပို့တာလဲရှိပါတယ်။ အပြင်စစလည်ချင်းကတော့ ရှော့ပင်တွေဘာတွေဝယ်ဖြစ်ပါတယ်။

နောက်ပိုင်းကျတော့ သွားနေကျတည်းခိုခန်းမှာပဲ တစ်နေ့ခင်းလုံး အချိန်ဖြုန်းကြ တာများတယ်။ ညနေပြန်မှပဲ သူတို့စေတနာရှိသလောက် သုံးသောင်းစ ငါးသောင်းစပေးတာယူပြီး ကိုယ့်အဆောင် ပြန်တာပေါ့။ တစ်ခါတလေကျတော့လည်း ပိုက်ဆံမဟုတ်ဘဲ သူတို့ပေးတဲ့လက်ဆောင်လေး တွေယူပြီး ပြန်လာတဲ့နေ့ တွေလဲ ရှိတာပေါ့''ဟုဆိုသည်။ ထိုသို့ ကေတီဗွီကတစ်ဆင့် သိကျွမ်းခင်မင်သူများနဲ့ အပြင်မှာ ချိန်းဆိုသွားလာနေသည့်အတွက် မိမိဘဝကို မည် သို့နာမည်တပ်ရန် ကိုယ်တိုင်မသိတော့ကြောင်း နှင်းဆီလေး ကပြောပါတယ်။

''ကျွန်မတို့ သိတာက အခန်းတွေ၊ အိမ်တွေနဲ့ သီးသန့် လုပ်စားမှ ပြည့်တန်ဆာ(ဖာ)လို့ ပြောကြတာပေါ့နော်။ အခု ကျွန်မတို့က ကိုယ်နဲ့ ဖုန်းနံပါတ်အဆက်အသွယ်ရှိတဲ့လူတွေ နဲ့ အပြင်မှာ ချစ်သူလို၊ မိတ်ဆွေလိုသွားလာတယ်။ သူတို့ လိုအပ်တဲ့အချိန်မှာ သူတို့အိမ်ခန်း၊ ဟိုတယ် အဆင်ပြေတဲ့ နေရာတွေမှာ ပျော်ပါးတယ်။ အဲဒီတော့ ကိုယ်ဟာ ပြည့် တန်ဆာလား၊ ကီပင်လား၊ အပျော်မယားလားဆိုတာ ကိုယ့် ဘာသာကိုယ်တောင် ဘာမှန်းမသိတော့ဘူး''ဟု ဆိုပါတယ်။

လိင်လုပ်သား သို့တည်းမဟုတ် ပြည့်တန်ဆာတွေဟာ ထောင်ကျရာက ပြန်လည်လွတ်မြောက်ခဲ့ရင်တောင် လူ ၁ဝဝမှာ ၉ဝလောက်က ဒီလောက၊ ဒီသံသရာထဲကိုပဲ ပြန် ရောက်ကြလေ့ရှိတယ်လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ ကျန် တဲ့ ၁ဝရာခိုင်နှုန်းကတော့ ကံကောင်းလို့ အလုပ်ကောင်းရ ရှိသွားတာပါ။ အဲဒိလိုပြန်ရောက်မသွားအောင်သူတို့လေးတွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းတွေကို အစိုးရပိုင်းက လုပ်ဆောင်ဖို့လိုအပ်တယ်လို့ သူမက အကြံပြုပါတယ်။
''ကျွန်မတို့လုပ်နိုင်တာက Sex Worker တွေ ထောင် ကျပြီးလို့ဖြစ်စေ၊ ဖမ်းမိလို့ဖြစ် စေ ဒီလူအားလုံးကို စိတ်ဓာတ် မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့ သင်တန်းကျောင်း တစ်ခု လိုအပ်နေတယ်''။

ရာဇဝတ်မှုတစ်ခုလိုဖြစ်နေတဲ့ ပြည့်တန်ဆာလုပ်ငန်း ဟာ တွေ့ရင်ဖမ်း၊ ထောင်ချ၊ ပြန်လွှတ် စသဖြင့် လုပ်ဆောင် နေရုံမျှဖြင့်တော့ ဒီလုပ်ငန်းကို ဟန့်တားရာမရောက်နိုင်ဟု ဒေါ်စန္ဒာမင်းက ယုံကြည်နေပါတယ်။ အခုလို တံခါးဖွင့်စီး ပွားရေးကို ကျင့်သုံးနေတဲ့ တိုင်းပြည်ထဲကို မကောင်းတဲ့သူ တွေ၊ လိင်ကိစ္စကိုမှ စိတ်ပါဝင်စားတဲ့ နိုင်ငံခြားသားခရီးသွား တွေကြောင့်လည်း ဒီလုပ်ငန်းဟာ ပိုမိုကြီးထွားလာနိုင်ပါ တယ်။ ဒေါ်စန္ဒာမင်းက ယခုလိုလည်း ဥပမာပေးပါတယ်။

''ဟောင်ကောင်တို့၊ ယိုးဒယားတို့၊ စင်ကာပူတို့ကို ကြည့်ပါ။ တိုင်းပြည်ဖွံ့ဖြိုးလာ တာနဲ့အမျှ ဒီလိုမျိုးလုပ်ငန်း တွေဟာလဲ ဖွံ့ဖြိုးလာပါတယ်။ သူတို့ဆီမှာ အဆင့်မြင့်နည်း ပညာနဲ့ ဘယ်လိုထိန်းချုပ်နေလဲဆိုတာ မိမိပတ်ဝန်းကျင်က တိုင်းပြည်ကိုသွားပြီးတော့မှ နိုင်ငံတော်အနေနဲ့ စီမံချက် ကောင်းကောင်း ထားသင့်ပါတယ်''။
ပြီးခဲ့တဲ့နှစ်အနည်းငယ်ကမှ စင်ကာပူနိုင်ငံမှပြန်လာ သူ၊ မြန်မာနိုင်ငံသား ကိုမင်းမင်းကတော့ စင်ကာပူနိုင်ငံရဲ့ ပြည့်တန်ဆာ လောကအပေါ် အစိုးရပိုင်းကထိန်းကျောင်းပုံ ကို ယခုလိုရှင်းပြပါတယ်။

''စင်ကာပူကိုရောက်ဖြစ်ရင် ဂေလန်းဆိုတဲ့ ရပ်ကွက် လေးကို သွားပါ။ အဲဒီရပ်ကွက်လေးဟာ စင်ကာပူရဲ့ ပြည့် တန်ဆာရပ်ကွက်ဆိုလဲ မမှားပါဘူး။ ရပ်ကွက်ထဲကိုဝင်သွား လိုက်တာနဲ့ နီယွန်မီးမှိန်ပြပြနဲ့ လမ်းဘေးတစ်လျှောက်မှာ ဖြူနီပြာဝါအရောင်အသွေးစုံတဲ့ ညငှက်မလေးများကို တွေ့ ရပါလိမ့်မယ်။ နှစ်ယောက်တွဲတစ်စု၊ သုံးယောက်တွဲတစ်စု၊ တချို့က တစ်ယောက်တည်း ဆေးပေါ့လိပ်သောက်လျက်။ အများစုက ပြည်ကြီးတရုတ်မတွေဖြစ်သလို ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်စတဲ့ အာရှနွယ်ဖွားအမျိုးသမီးတွေလည်း ပါပါ တယ်။ နီဂရိုးမလေးတွေကိုလည်းတွေ့ရပါလိမ့်တယ်။
ဟေ့ ဒီမှာ ၃ဝတည်း၊ ဟေ့စမ်းကြည့်မလား၊ ဟေ့အချစ် လေးစသဖြင့် အမျိုးမျိုးမြှူဆွယ်ဖိတ်ခေါ်ကြလေ့ရှိပါတယ်။ ဂေလန်းရပ်ကွက်ထဲက လမ်းကြိုလမ်းကြားတွေမှာ ည ၁ဝ နာရီလောက်ကနေ မနက် ၄နာရီလောက်အထိ ဒီလိုပုံစံနဲ့ပဲ စည်ကားနေပါတယ်။ နိုင်ငံခြားသား အဖြူကောင်တွေကို ဟိုတစ်ယောက် ဒီတစ်ယောက်တွေ့နိုင်သလို မြန်မာ၊ ဖိလစ် ပိုင်၊ ထိုင်း၊ ဂျပန်စတဲ့ အာရှသားတွေကိုလည်း လမ်းကြိုလမ်း ကြားတွေမှာ နေရာအနှံ့မှာတွေ့ရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတွေကိုတော့ အုပ်စု လိုက်၊ အုပ်စုလိုက်တွေ့ရပါမယ်။ တချို့ကကိုယ်တိုင်လိင်ပျော်ပါးကြဖို့အတွက် ရပ်ကွက်ထဲ မှာ ညလုံးပေါက်လှည့်နေသလို တချို့လဲဟိုကြည့်ဒီကြည့်နဲ့ ဂေလန်းညကို ကုန်ဆုံးကြတာပါ။

စင်ကာပူနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတာဟာ နိုင်ငံခြားသားလိင်လိုက်စားသူ တိုး ပွားနေတာ ကြောင့် ဖြစ်ပါတယ်။ အလားတူ ပြည့်တန်ဆာ အများစုဟာလည်း နိုင်ငံခြားသူတွေဖြစ်သလို ဒီလုပ်ငန်း တစ်ခုလုံးရဲ့ အဓိကပင်မသွေးကြောဟာ နိုင်ငံခြားသားတွေ လို့ဆိုနိုင်ကြောင်း ကိုမင်းမင်းကပြောပြပါတယ်။ ကိုမင်းမင်း ရဲ့အလိုကတော့ ပြည့်တန်ဆာလုပ်ငန်းအပေါ် စင်ကာပူရဲ တွေရဲ့ ထိန်းကျောင်းပုံကို တော်တော်သဘောကျနေပါ တယ်။
''ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်မနစ်နာအောင် ထိန်း ကျောင်းတယ်။ တကယ်လို့များ အခန်းထဲမှာ ပြည့်တန်ဆာ နဲ့အတူ လိင်ဆက်ဆံနေတာကိုမိရင်တောင် စလုံးရဲတွေက ကိစ္စပြီးတဲ့အထိ အပြင်ကစောင့်နေပေးတယ်။ ဂေလန်းမှာ လာရောက် ပျော်ပါးသူတွေ ပေးရတဲ့ငွေ အလဟသ မဖြစ်အောင် ကိစ္စပြီးတဲ့အထိ ခွင့်ပြုပေးလိုက်တဲ့သဘောပေါ့။ အားလုံးပြီးမှသာ အထဲကနှစ်ယောက်ကို အပြင်ခေါ်ထုတ်ပြီး လိုအပ် တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်တာပါ။ အဓိကက လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကို သူတို့နိုင်ငံက ဘယ်လောက် လေးစားလဲဆိုတာ ပြလိုက်တာပါပဲ။''

မည်သို့ဆိုစေ လိပ်စာကတ်လေးတစ်ခုက အစပြုပြီး တည်းခိုခန်းမှာ အဆုံးသတ်သွားတဲ့ သူတို့ရဲ့ ပြည့်တန်ဆာ ဇာတ်လမ်းရှည်ကြီးကို သူတို့ရဲ့ လောကသား အများစုက တော့ စိတ်ကုန်နေကြပါပြီလို့ မခရေကပြောပါတယ်။ ဒါ ပေမဲ့ စားဝတ်နေရေးအခြေအနေများကြောင့် ရုန်းမထွက် နိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ သူတို့အပေါ်ခွဲခြားဆက်ဆံခံ ရမှုတွေကလည်း ဒီလောကကို စိတ်ကုန်နေသည့်တိုင် အရွဲ့တိုက်ချင် လောက်အောင်ဖြစ်မိ တယ်လို့ မခရေကဆိုပါတယ်။

အချုပ်ဆိုရသော် အိုင်တီခေတ်ရဲ့အကျိုးဆက်ဟာ လူသားတို့ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြောင်းလဲနေပါပြီ။ အရင်က ပြည့်တန်ဆာများနဲ့ ပျော်ပါးချင်ပါက ပြည့်တန်ဆာ အိမ်ကိုသွားရောက်ရပါတယ်။ ယခုအခါ ဖုန်း၊ အင်တာ နက်ကနေ တစ်ဆင့်ချိတ်ဆက်ပြီး လူမသိသူမသိ အခန်း ကျဉ်းလေးတစ်ခုမှာ ကိစ္စအားလုံးပြီးစီးနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်လာမှု၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကလည်း ပြည့် တန်ဆာများ အတွက် ပြည်တွင်းဈေးကွက် သာမက နိုင်ငံ တကာဖောက်သည်များ အထိပါ ကျယ်ကျယ်ပြန့်ပြန့် ဝင်ငွေ ရှာဖွေနိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ အထင်ကရ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနဲ့ စင်ကာပူ နိုင်ငံတွေမှာ ပြည့်တန်ဆာလုပ်ငန်းကိုရပ်တန့်၍မရတော့ တဲ့အခြေအနေဖြစ် နေကာ အလားတူ ပွင့်လင်းကာစမြန်မာ နိုင်ငံဟာလည်း နိုင်ငံခြားခရီးသွား များနဲ့ စီးပွားရေးလုပ် ငန်းရှင်အများအပြား ဝင်ရောက်လာချိန်မှာ ထိုသူများကို အမှီပြုပြီး ပြည့်တန်ဆာလုပ်ငန်းဟာလည်း တစ်စထက် တစ်စကျယ်ပြန့် လာနေသည်မှာ ငြင်းဆန်၍မရနိုင်ပေ။ ထို့ပြင် ကိုရီးယားယဉ်ကျေးမှု ရိုက်ခတ်မှု၊ ပြည်တွင်းအလုပ် အကိုင်နဲ့ စီးပွားရေးအဆင်မပြေမှုများမြင့်တက်နေခြင်းဟာ ယနေ့မြန်မာ့လူ့အဖွဲ့အစည်းမှာ အကျင့်စာရိတ္တယိုယွင်းပြီး အမျိုးသမီးငယ်များ လမ်းမှားရောက်သွားစေခဲ့တဲ့ အဓိက အကြောင်းတရားများပင် ဖြစ်နေပါတော့ ကြောင်း ရေးသား လိုက်ရပါတယ်။

မင်းညီ၊ နှင်းကို
Yangon Times Journal, အတွဲ ၁၀ ၊ အမှတ် ၃၇
Yangon Media Group - https://www.facebook.com/yangonmediagroup/posts/844259425592979

No comments: