Thursday, August 14, 2014

အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး


HIV ပိုးကူးစက်ခံရသူများသည် ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကိုသာ မှီဝဲသင့်ပြီး စနစ်တကျ သုတေသန ပြုထားခြင်း မရှိသော ဆေးဖက်ဝင် အပင်များ၊ ဆေးမြီးတိုများကို မသုံးစွဲသင့်ဟု အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ရောဂါ သီးသန့်ကုသပေးနေသော မင်္ဂလာဒုံ အထူးကု ဆေးရုံ၊ အထူးကုဆရာဝန် ဒေါက်တာ ဦးအောင်စန်းက သတိပေးလိုက်သည်။

အထူးသဖြင့် ART ဆေးနှင့် ဆေးမြီးတို တွဲဖက်သုံးစွဲမှုများ လုံးဝမလုပ်သင့်ဟုလည်း တိုက်တွန်းသည်။ “ဆေးပညာအမြင်ကနေ ကြည့်ရင် အန္တရာယ်များတယ်။ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို သွားပြီး ဆေးက အကျိုးသက်ရောက်နေရင် လူနာအတွက် မကောင်းဘူး။ အခုထက်ထိ ကမ္ဘာမှာ  HIV လူနာတွေရဲ့ အသက်ကို ဆွဲဆန့်နိုင်တဲ့ ဆေးဆိုလို့ ART ဆေးပဲရှိပါတယ်။  HIV ပိုးပျောက်နိုင်တဲ့ တိုင်းရင်းဆေး၊ ဆေးမြီးတို လုံးဝ မရှိပါဘူး” ဟုလည်း ပြောသည်။

မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗီဖြင့် နေထိုင်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်ကလည်း ရိုးရာဆေးဝါးများ သည် တိတိကျကျ စမ်းသပ်စစ်ဆေးထားခြင်း မရှိသောကြောင့် ART သောက်သုံးနေသောHIV ပိုး ကူးစက် ခံရသူများ မသုံးသင့်ဟုလည်း ပြောသည်။
“အပြင်က ဆေးဘက်ဝင်အပင်တွေနဲ့ HIV ပိုး ပျောက်သွားတဲ့သူတစ်ယောက်မှ မရှိသလို ကောင်းသွား တယ်ဆိုတဲ့ သက်သေပြစရာလည်း မရှိပါဘူး” ဟု ပြောသည်။

ယခင်ကဘီးစပ်ရွက်ကို သောက်ပါကပျောက်သည်ဟု ပြောစကားထွက်ပေါ်ခဲ့သဖြင့် ရောဂါပိုးရှိသူများ သောက်ခဲ့ကြရာ နောက်ပိုင်းတွင် ၀မ်းသွားသည့်ဝေဒနာ သိသိသာသာဖြစ်လာသည်ကို တွေ့ရှိရသည်ဟု ဦးမျိုးသန့်အောင်က ပြောသည်။
HIV ရှိသူများအား ကူညီထောက်ပံ့ပေးနေသည့် ရတနာမေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ က HIV ပိုးရှိသူများသည် ဆေးမြီးတိုများမှီဝဲ၍ အကျိုးတစ်စုံတစ်ရာ ထင်ထင်ရှားရှား မတွေ့ရသောကြောင့် ART ဆေးကိုသာ အချိန်မှန်စွာ သောက်သုံးခြင်းက ပို၍အကျိုးရှိမည်ဟု မဇ္ဈိမကို ပြောသည်။

Mizzima - အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး

အေအိုင်ဒီအက်၏ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ်နိုင်မည်ဟု ကုလသမဂ္ဂထုတ်ပြန်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ အေအိုင်ဒီအက်ရောဂါရဲ့ ကပ်ရောဂါ (Epidemic) အသွင်ဖြစ်ပွားနေမှုကို ၂၀၃၀ ခုနှစ်မှာ ထိန်းချုပ်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ UNAIDS  ကတော့ လက်ရှိအချိန်မှာ HIV  ပိုးကူးစက်ခံရမှု အသစ်တွေ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးရမှုတွေဟာ ကမ္ဘာနဲ့အ၀ှမ်း ဖြစ်နေဆဲပဲလို့ ပြောကြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဘန်ကီမွန်းရဲ့ ပြော ကြားချက်အရ အခုလက်ရှိအချိန်မှာ လူဦးရေ ၃၅ သန်းဟာ HIV  ပိုးကူးစက်ခံရပြီး အသက်ရှင်နေရသလို ၂၀၁၃ ခုနှစ်အတွင်းမှာပဲ ပိုးကူးစက်ခံရသူ အသစ် ၂.၁ သန်းရှိနေကြောင်း၊ ဒါပေမယ့် ၂၀၀၁ ခုနှစ်က အရေအတွက်ဖြစ်တဲ့ ၃.၄ သန်းထက်တော့ လျော့ကျသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ 

လာမယ့်နှစ်များအတွင်းမှာ၂၀၃၀ ခုနှစ်ထိဦးတည်ပြီး ကြိုးပမ်းရာမှာ ဒီနှစ်အတွင်းမှာတော့ ပိုးကူးစက်ခံရသူ ၁၀ ဦးမှာ ၄ ဦးကို ဗိုင်းရပ်ပိုး သေဆေးဝါးတွေ တိုက်ကျွေးနိုင်ပြီး အဖြစ်အများဆုံး နိုင်ငံ ၁၅ နိုင်ငံမှာ ရောဂါပိုးအသစ် ကူးစက်ခံရမှုကို လျှော့ချဖို့ အပူတပြင်း လုပ်ဆောင် နေကြပါတယ်။

UNAIDS ရဲ့ တာဝန်ခံ ဒါရိုက်တာဖြစ်တဲ့ Michael Sidibe့ က HIV အတွက် လှုပ်ရှားမှု၊ ကမ်ပိန်းများ၊ ဆေးတိုက်ကျွေးမှုများကို ၂၀၂၀ ခုနှစ် မှာ ယခုအရှိန်ထက် ၂ ဆမြှင့်တင်ပြီး ၂၀၃၀ ခုနှစ်အရောက်မှာ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် တော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

သန့်စင်
ref;AN

Health Updates Journal - အေအိုင်ဒီအက်၏ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ်နိုင်မည်ဟု ကုလသမဂ္ဂထုတ်ပြန်

No comments: