Wednesday, August 20, 2014

မိရိုးဖလာ အစဉ်အလာ



`လာမည့်ခေတ်ကား ပြောတိုင်းယုံမည့်ခေတ် မဟုတ်တော့။ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ စဉ်းစားစိစစ်လိုသော ပညာခေတ် ဖြစ်တော့မည်။ သူတို့ သင်ယူအပ်သော ဆင်ခြင်စဉ်းစားဉာဏ်ကို အရင်းခံ၍ အရာရာ ဝေဖန်ကြတော့မည်။´

(အရှင်ဇနကာဘိဝံသ)

မြန်မာအဘိဓာန်တွင် `မိရိုးဖလာ´နှင့် `အစဉ်အလာ´ကို ဤသို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။

မိရိုးဖလာ၊ န - မိဘရိုးရာ အစဉ်အလာ။

အစဉ်အလာ၊ န - ၁၊ အစဉ်အဆက်။
                        ၂၊ အစဉ်အဆက် ကျင့်သုံးသော ဓလေ့ထုံးစံ။

သမိုင်းနှင့်ချီ၍ ဖွဲ့တည်လာခဲ့သော လူမျိုးအသီးသီးတွင် အစဉ်အလာ မိရိုးဖလာ၊ ဓလေ့ထုံးစံများ ရှိကြသည်သာဖြစ်ပါ၏။ ဘေးဘိုးဘီဘင် အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြသော ဓလေ့၊ အယူအမြင်၊ အစွဲများနှင့် ကင်းကွာပြီး ရှင်သန်ကြီးပြင်းသူဟူ၍မရှိပါ။ ယင်းသို့ အစဉ်အလာများ ရှိရာတွင် အစဉ်အလာအတိုင်း ကောင်းသည်ဟု ဆို၍မရနိုင်ပါ။ ကောင်းသော အစဉ်အလာရှိသလို ဆိုးသော အစဉ်အလာလည်း ရှိပါ၏။ ဆက်ခံသင့်သော အစဉ်အလာရှိသလို စွန့်လွှတ်အပ်သော အစဉ်အလာလည်း ရှိပါ၏။ အစဉ်အလာနှင့် ပတ်သက်၍ လူတိုင်းတွင် တာဝန်သုံးရပ် ရှိသည်ဟု ဆိုချင်ပါ၏။

ယင်းတို့မှာ -
၁။ အစဉ်အလာကောင်းများကို ဆက်ခံထိန်းသိမ်းပြီး မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်၊
၂။ အစဉ်အလာဆိုးများ၊ အကျိုးမရှိသော အစဉ်အလာများကို ဝေဖန် ချေချွတ်ရန်နှင့် လက်လွှတ် စွန့်လွှတ်ရန်၊
၃။ ကောင်းမွန်သော အစဉ်အလာသစ်များကို ပျိုးထောင်တည်ဆောက်ရန် ဟူ၍ဖြစ်ကြပါသည်။

ထို့ပြင် အစဉ်အလာနှင့်ပတ်သက်၍ ခံယူချက် ပြတ်သားမှန်ကန်ရန် လိုအပ်ပါသည်။ လူသားသည် အစဉ်အလာ၏ ကျေးကျွန်မဟုတ်ပါ။ သားကောင် မဟုတ်ပါ။ ခြယ်လှယ်ခံ မဟုတ်ပါ။ အပြဋ္ဌာန်းခံ မဟုတ်ပါ။ လူသားကသာ အစဉ်အလာကို ခြယ်လှယ်သူ၊ဖန်တီးသူ၊ ပြဋ္ဌာန်းသူ ဖြစ်ပါသည်။ လူသည် လွတ်လပ်ပေါ့ပါးသော စိတ်ခွန်အားဖြင့် အစဉ်အလာကို အသုံးချရန် လိုပါသည်။

မိရိုးဖလာ အစဉ်အလာဟုဆိုတိုင်း မစူးစမ်း မဆင်ခြင်ဘဲ ဆက်ခံခြင်းသည် လူ့ဘောင်လောကတွင် ကောင်းမြတ်သော အသွင်လက္ခဏာ ကိုမဆောင်ပါ။ အစဉ်အလာ၏ ကျေးကျွန်ဖြစ်နေလျှင် လူ့တန်ဖိုး၊ လူ့ဂုဏ်ဒြပ်၊ လူ့အားမာန်များ ယုတ်လျော့နိမ့်ကျလာပေမည်။ စင်စစ်သော် စဉ်းစား၊ ဝေဖန်၊ သုံးသပ်မှုပြုရမည်ကို ၀န်လေး ပျင်းရိသောကြောင့် အချို့သော အစဉ်အလာဆိုးများ၊ အကျိုးမရှိသော အစဉ်အလာများ ချုပ်ငြိမ်း ပပျောက်သင့်ပါလျက် မချုပ်ငြိမ်း မပပျောက်ဘဲ ရှိနေကြခြင်းပင်ဖြစ်ပါ၏။ ဤနေရာတွင် အလျဉ်းသင့်သဖြင့် ဆရာကြီး ရွှေဥဒေါင်း၏ စကားကို တင်ပြလိုပါသည်။

``၀ါဒ အသစ်အဆန်းတစ်ခု ပေါ်လာသည့်အခါ ရာခိုင်နှုန်းအတော်များသည့် လူသတ္တ၀ါများသည် စဉ်းစားဖို့ အတော်ပျင်းရိကြ၏။ နက်နဲသော အခြင်းအရာတစ်ခုကို စဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ၀ါသနာပါသူ အနည်းငယ်အဖို့မှာလည်း အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများ ရှိနေကြပြန်လေသည်။

၎င်းအတားအဆီးများမှာ -
၁။ မိရိုးဖလာ အစဉ်အလာကို မပယ်နိုင်ခြင်း၊
၂။ သဘာဝကျ မကျကို ဆုံးဖြတ်တတ်သည့် ဉာဏ်မျိုး နုန့်နဲ့ခြင်း၊
၃။ မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်းတို့ ဖြစ်ကြလေသည်။´´

စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း -

`မြန်မာတို့သည် ရောင့်ရဲနေခဲ့ကြ၏။ ပင်ကိုဉာဏ်ကို သိုဝှက်ထားကြသဖြင့် ပုပ်သိုးကုန်ကြ၏။ ပင်ကိုဉာဏ်ကို သုံး၍အရဲစွန့်သူ ပေါ်ပေါက်လာပါက ကလေးကလားဟု ပြက်ရယ်ပြုကြ၏။ ရှုတ်ချခြင်း ခံရပေ၏။ ဟိန္ဒူအငွေ့အသက်များကိုလည်း ရှေးမြန်မာတို့သည် နှစ်ခြိုက်စွာ လက်ခံကြ၏။´ ဟုရေးခဲ့ဖူးပါ၏။

မှန်ပါ၏။ မိရိုးဖလာ အစဉ်အလာများထဲတွင် ဟိန္ဒူ၊ ဗြာဟ္မဏ၀ါဒတို့၏ အငွေ့အသက်များ လွှမ်းခြုံထားသော အယူအစွဲ၊ ဓလေ့များ ရှိကြပါ၏။ ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် မဆီလျော်သော အစွဲအလမ်းနှင့် ဓလေ့ထုံးတမ်းများလည်း ရှိကြပါ၏။ နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ အစဉ်အလာ လက်ခံလာသောအခါ ယင်းအစွဲအလမ်းနှင့် ဓလေ့ထုံးစံအားလုံးပင် ဗုဒ္ဓဓမ္မနှင့် ညီညွတ်သည် ဟူ၍ ရိုးရိုးသားသားပင် ထင်မှတ်လာကြတော့သည်။ `အမှားကြာ အမှန်ဖြစ်´ဟူသော ဆိုရိုးစကားနှယ်ပင် ဖြစ်လာတော့သည်။ စင်စစ်အားဖြင့် `အမှား´သည် အမှားသာလျှင်တည်း။ မည်သည့်အခါမျှ အမှန်ဖြစ်မလာနိုင်။အမှန်ဟုထင်မှတ်မှားသော ပုဂ္ဂိုလ်အရေအတွက် တိုးပွားလာခြင်းသာဖြစ်ပါ၏။

ကျွန်တော်သည် ထေရ၀ါဒ ဗုဒ္ဓဓမ္မများကို နှစ်အတန်ကြာ ဖတ်ရှုလေ့လာသောအခါ အချို့သော အစဉ်အလာများကို ထေရ၀ါဒ ဗုဒ္ဓဓမ္မ မှတ်ကျောက်ပေါ်တင်လျက် သုံးသပ်ဝေဖန်ခြင်းများ ပြုခဲ့ပါသည်။ ယင်းသို့ သုံးသပ်ဝေဖန်ရာ၌ -

၁။ အစဉ်အလာများတွင် အချို့သည် `ထေရ၀ါဒ ပိဋကတ်တော်´နှင့် မသက်ဆိုင်ကြောင်း တွေ့ရသည်။ ဆိုချင်သည်မှာ ဘုရားရှင်က မပြုမနေရဟု ညွှန်ကြားထားခဲ့သော မိရိုးဖလာအစဉ်အလာ မဟုတ်ကြောင်းတွေ့ရပါသည်။

၂။ အချို့သော အစဉ်အလာများသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ကြောင်း တွေ့ရပါသည်။

၃။ အချို့သော အစဉ်အလာများသည် သာသနာ့ပြင်ပ၀ါဒီများ၏ လောင်းရိပ်အောက်မှ ဖြစ်တည်လာခဲ့ကြောင်း တွေ့ရပါသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ဦးထိပ်ပန်ဆင်သူတိုင်းသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် လျော်ညီသော အစဉ်အလာများကို ဆက်ခံထိန်းသိမ်း ရန် လိုသကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော အစဉ်အလာများကို လက်လွှတ် စွန့်လွှတ် ရှောင်ကြဉ်ရန်နှင့် မျိုးဆက်သစ်များသို့ လက်ဆင့်မကမ်းမိစေရန်လည်း လိုပါမည်။

မင်းနန် (မော်ကျွန်း)
ဓမ္မရံသီ၊ ၂၀၀၁၊ ဇန်န၀ါရီလ။




No comments: