တောင်ပြုန်းပွဲတော် ဘက်မှ ဆိုက်ရောက် လာတဲ့ ပွဲတော် အထူးရထား
ကြီးက မန္တလေး ဘူတာကြီး အမှတ်(၂) စင်္ကြံမှာ ထိုးဆိုက် လိုက်ပါတယ်။ ရထား ပြတင်းပေါက်က ခုန်ချသူကချ၊
အတက်အဆင်း တံခါးမကြီးက မဆံ့မပြဲ စုပြုံတိုးဆင်း ကြသူတွေက ဆင်းနဲ့ သူ့ထက်ငါ အလုအယက်
ဆင်းနေကြတယ်။ တက်သူကလဲ အလုအယက် တက်နေတယ်။ ဦးခေါင်း တွေမှာလဲ ကျောက်ပန်းခက် ခွေတွေ
စွပ်ထား ကြတယ်။ ရင်ဘတ်တွေ မှာက တောင်ပြုန်း လက်ဆောင် ဝင်းဝင်း ပြောင်ပြောင်တွေ ဆွဲထား
ကြတယ်။ တချို့ကလဲ ရှောက်ပန်းသီး တွဲတွေ ဝယ်လာကြတယ်။ ကလေး တွေကတော့ ဗန္ဓုလဓား၊ ခမောက်တွေ
နဲ့ တောင်ပြုန်းပွဲပြန် သင်္ကေတ၊ တောင်ပြုန်းပွဲပြန် အမှတ်တရတွေ။ ဆင်းသူက ဆင်း၍ မကုန်သေး
ပွဲတော်သွားမယ့် သူတွေနဲ့ ရထားကြီး လူပြန်ပြည့် သွားပြီ။
ဒီမြင်ကွင်းကို မြင်ရတာဟာ အရင်က ရောက်ဖူးခဲ့တဲ့ တောင်ပြုန်းပွဲ ကို ပြန်ပြီး အမှတ်ရ မိတယ်။ အဲဒီတုန်း ကလဲ နာရီဝက် တစ်စီးကျလောက် ပြေးဆွဲနေတဲ့ ရထားကြီးက အမြဲ လူပြည့်နေတယ်။ အခုလည်း ခက်ခက် ခဲခဲ တိုးဝှေ့ တက်ပြီး ရထားပေါ်မှာ ခြေထောက် တစ်စုံစာ နေရာကို မနည်းရှာရပ် ရတယ်။ ပူအိုက်ပြီး အသက်ရှူကြပ် လွန်းလို့ မော့ပြီး အသက်ရှူ နေရတယ်။ ရထားစထွက် လိုက်မှ လေအနည်း အကျဉ်း တိုးဝင်လာပြီး လူငွေ့တွေနဲ့ ပူအိုက်နေတာ သက်သာ သွားတယ်။ ဘူတာကြီးက ထွက်လို့ နန်းတွင်းကို ဖြတ်ကျော်ပြီး ခဏမှာပဲ သရဲဈေး ဘူတာကို ရောက်တယ်။ ပွဲတော်သွားဖို့ ဇောသန်သန်နဲ့ စောင့်ဆိုင်း နေတဲ့ လူအုပ်ကြီးကလဲ တိုးကြ၊ ဝှေ့ကြ၊ တက်ကြ ပြန်တယ်။ အော်ကြ၊ ဟစ်ကြ၊ ဆဲကြ၊ ဆိုကြ နဲ့ ရထား ပြန်ထွက်တယ်။ ရထားထွက်ပြီး အလံတိုင် အလွန်လောက် ရောက်တာနဲ့ ''တံခါးပိတ်ပိတ်'' ဆိုပြီး အပေါက်ဘေး ထိုင်နေ သူတွေက တံခါးတွေ အတင်းဆွဲချ ပိတ်တယ်။ တံခါး ပိတ်ပြီးတာ နဲ့ ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ ရထားဘေး ဝဲယာ နံရံတွေကို ဒုံးဒုံးဒိုင်းဒိုင်း အသံတွေနဲ့ အတူ ခဲတွေ၊ လောက်စာလုံး တွေ ထိမှန်လာတယ်။ အောက်ကနေ ခဲတွေနဲ့ ပစ်ကြတာ ဖြစ်ပါတယ်။ အပေါ်ကလူ အချို့လဲလေးခွတွေ ထုတ်ပြီး ပြန်ပစ် ကြတယ်။ တောင်းပြုန်း မရောက် ခင်ကြား အောက်ကပစ်၊ အပေါ်ကပစ် ရထား ပြတင်းပေါက်တွေ တင်လိုက်၊ ချလိုက် အကြိမ် တော်တော်များများ လုပ်ခဲ့ရတယ်။
အောက်က လူတွေ ဘာဖြစ်တယ် မသိ။ ရထားပေါ်မှာ လူအချို့ ဦးခေါင်း ပေါက်ပြဲ ကုန်တာ တွေ့ရတယ်။ ဘာဖြစ်ကြ တာလဲ ဘာဖြစ်လို့ လဲ ဘေးနားက လူတွေ မေးကြည့်တော့ အပေါ်က လူတွေ ပြောင်ကြ၊ စကြတာကို အောက်က မခံနိုင်လို့ ခဲနဲ့ပြန်ပစ် ရာက ဓလေ့ကြီး တစ်ခုလို ဖြစ်နေပြီး ရထား အသွား၊ အပြန် ခဲတွေနဲ့ ပစ်နေတယ်လို့ ပြောကြတယ်။ မှတ်သား လောက်တဲ့ ဓလေ့ တစ်ခုပါပဲ။ အခုတော့ ဒီဓလေ့ ရှိသေးလား မသိပါ။ တောင်ပြုန်း ဘူတာ ရောက်တော့ မန္တလေး ဘူတာကြီး အတိုင်း အပေါ်နဲ့ အောက် အတက် အဆင်း ပြိုင်ပွဲ လုပ်ကြပြန် ပါတယ်။ ဆင်းသူ က ဇွတ်ဆင်း၊ တက်သူက ဇွတ်တက် နဲ့ တိုးသူ၊ ဝှေ့သူ ကြားညှပ်ပြီး မိမိလဲ အောက်ရောက် ခဲ့တယ်။
တစ်ခါမှ မရောက်ဖူး ပေမယ့် ရွေ့လျား နေတဲ့ လူကြောကြီးနဲ့ မျောပါရင်း ပွဲတော်သို့ ရောက်ခဲ့ ပါတယ်။ ခမ်းနားလှတဲ့ ကရေကရာ ဆိုင်ကြီးတွေ၊ တောင်ပြုန်း လက်ဆောင် လည်ဆွဲ အစရှိတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကြီး တွေက ပွဲတော် အဝင်ဝက ကြိုဆို နေကြတယ်။
ဟိုဟိုဒီဒီ ကြည့်ရင်း တိုးဝှေ့ လျှောက်ခဲ့တယ်။ မြူးကြွ လှုပ်ရှားပြီး ရင်ကို တဒိန်းဒိန်း ခုန်စေတဲ့ နတ်ဒိုး၊ နတ်ဆိုင်း သံတွေ၊ ဟေး...ဟေး...ဆိုတဲ့ လူငယ် ယောက်ျားလေး တွေရဲ့အော်ဟစ်သံတွေ ကြားနေ ရပါတယ်။ တိုးရင်း လျှောက်ရင်းနဲ့ နန်းကြီးကို ရောက်ခဲ့ပြီ။ လူလတ်ပိုင်း နဲ့ လူငယ် အများစု ပန်းစည်းတွေ မြှောက်ပြီး ခုန်ပေါက် ကနေ ကြတယ်။ ကျွန်တော် တို့ သူငယ်ချင်း သုံးယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး မတိုင်ပင် လိုက်ရပါဘဲ ဝင်က မိလျက်သား ဖြစ်သွားတယ်။ ဝင်လိုက်တာ နဲ့ တစ်ပြိုင်ထဲ အရှိုက်ဆီကို ဒူးတစ်ဖက် ဝင်လာ ပါတယ်။ ပယ်ထုတ်ပြီး ဆက်က မိတယ်။ နောက်ထပ် ရင်ညွန့်ဆီကို ပေါက်ခြေ တစ်ချောင်း ဝင်လာ ပြန်တယ်။
ကြည့်လိုက်တော့ ရိုးရိုး ကနေကြသူက မပါသလောက် လက်သီးတွေ ထိုး ၊ဒူးတွေ တိုက်၊ ခြေထောက်နဲ့ ကန် လုပ်နေကြ သူတွေများတယ်။ အန္တရာယ် အလွန်များလှ ပါတယ်။ က ရင်းနဲ့ လူအုပ် အလယ်ထဲ ရောက်သွားရာ အပေါ်စီးက ဝင်လာတဲ့ လက်သီး တစ်လုံးက မျက်နှာကို ခွပ်ခနဲ ခပ်ပြင်းပြင်း ထိသွားမှ အထိုးခံ လိုက်ရတာ သိလိုက် ပါတော့တယ်။ မျက်နှာ တစ်ပြင်လုံးလဲ ပူထူသွားတယ်။ မော့ကြည့် လိုက်တော့ တက်တူး တစ် ကိုယ်လုံး အပြည့်နဲ့ လူထွားကြီး တစ်ယောက် ဖြစ်နေတယ်။ ကျွန်တော့်ကိုလဲ လက်ဝှေ့ ကြိုးဝိုင်းထဲက ထိုးဘက် တစ်ယောက်လို သဘောထား သလားမသိ၊ ဒေါသအပြည့် မျက်နှာနဲ့ ကြည့်နေတယ်။ မင်း ဘာလုပ်ချင်လဲ ဆိုတဲ့ စိန်ခေါ်တဲ့ သဘောပါ။ လူအုပ်ကြားက အလန့်တကြား ခုန်ထွက် မိတယ်။
တစ်ခေါက်မှ မရောက်ဖူး သူတွေ၊ တစ်ခါမှ မမြင်ဖူး သူတွေ အပျော် လွန်ပြီး သူတို့ကို အားကျလို့ ကခဲ့မိ ပါတယ်။ ကျွန်တော်တို့ အားလုံး ကိုယ်စီ လက်သီးနဲ့ထိုး ခြေထောက်နဲ့ အကန်ခံခဲ့ ရတယ်။ ပွဲတော်ရက် အတွင်း ချိုးရေတော် သုံးပွဲ ယုန်ကြိုပွဲနဲ့ ထိန်ခုတ်ပွဲ စတဲ့ လူစည်ကားတဲ့ နေ့တွေ မှာ တောင်ပြုန်း အနီးတစ်ဝိုက် ကျေးရွာသား များက သူ့ရက်နဲ့ သူ နန်းကြီး ပေါ်တက်၍ ကတတ်ကြောင်း၊ အခြားသူများ ဝင်ကလျှင် ရန်ပြု တတ်ကြောင်း နောက်မှ သိရပါတယ်။ တစ်ဖက်က အုပ်စုများ လျှင်လဲ အုပ်စု အချင်းချင်း ရန်ဖြစ်တတ် ကြတယ်။ ကျွန်တော်တို့ ရပ်ကြည့် နေစဉ် တစ်ခဏတာ အတွင်းမှာ ရန်ပွဲပေါင်း များစွာ တွေ့လိုက် ရတယ်။ ကနေတဲ့ လူအုပ် အတွင်းက ပုံကနဲ၊ ခွေကနဲ သွေးသံရဲရဲ လဲကျ လာတာလဲ မြင်ရတယ်။ ဘယ်သူ ထိုးလိုက်၊ ရိုက်လိုက်လဲ မသိလိုက် ရပါ။ ပွေ့ထုတ်သူ၊ ထမ်းထုတ်သူ၊ ထွက်ပြေးတဲ့ သူတွေနဲ့ ရှုပ်ထွေး နေတာ တွေ့ရပါတယ်။ ပွဲတော် လုံခြုံရေး နဲ့ ရဲများက ဖမ်းသူဖမ်း၊ ဆွဲသူဆွဲလဲ ရှိပါတယ်။ ကျန်တဲ့လူတွေ အကမပျက် ဆက်ကကြ ပြန်တယ်။ ဆိုင်းဆရာ အတီးရပ် သွားရင် ကတဲ့ လူငယ်တွေက တစ်ကျပ်ဖိုး၊ နှစ်ကျပ်ဖိုး၊ ငါးကျပ်ဖိုး တီးပေး ခိုင်းတယ်။ ဆိုင်းဆရာ ကလဲ သူ့ကြေးနဲ့သူ တန်ရုံ တီးပေးတယ်။ တောင်ပြုန်း ဗဟုသုတ မရှိတဲ့ ကျွန်တော်တို့ အမြင်ဆန်းတွေ မြင်နေ ရပါတယ်။ ကြည့်နေရင်း ရန်တစ်ပွဲ ဖြစ်ပြန် ပါတယ်။ ထွက်ပြေး သူနောက် လက်ထဲ ကိုင်ထားတဲ့ ပန်းစည်း နဲ့ လှမ်းပေါက်လိုက် ပါတယ်။
ပန်းစည်းက တိုင်မှန်ပြီး ဖွေးခနဲ ဓားမြှောင် တစ်ချောင်း ထွက်တာလဲ တွေ့လိုက် ရရော ကျွန်တော်တို့ တစ်တွေ နန်းကြီးပေါ်က ဆင်းပြေး ခဲ့ပါတော့တယ်။ ဒုစရိုက် နှိမ်နင်းရေး၊ မှုခင်း ကျဆင်းရေး အတွက် အဲဒီအချိန်က မန္တလေးတိုင်း ဒေသကြီး နှစ်ဆယ့်ကိုး မြို့နယ် ရဲစခန်းများမှ ရဲများနဲ့ အထူးတပ်ဖွဲ့ ဖွဲ့ပြီး ကြပ်မတ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကြားထဲက တစ်နေ့ တစ်နေ့ အမှုပေါင်း မြောက်မြားစွာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။
တောင်ပြုန်းရွာ အတွင်း သုံးဆယ့် ခုနစ်မင်း နန်းအစုံကို တွေ့ရတယ်။ နန်းတိုင်း လိုလို နတ်ချော့ နတ်က နေတဲ့ နန်းက များတယ်။ နတ်ကတော်များ၊ နတ်ဟောသူ တွေကလဲ ဈေးသည်တွေလို အခန်းကိုယ်စီ နဲ့မေးမြန်းသူ၊ ပူဇော်ပသသူ ကိုယ်စီနဲ့ အခန်းတိုင်း လိုလို ပြည့်နေတယ်။ နတ်ကတော်၊ နတ်ဆရာ များက မိန်းမလျာ များသာ အများစု ဖြစ်ကြပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွေက အများဆုံး ဖြစ်ကြတယ်။ ပွဲတော် တစ်ခွင်လုံး နတ်ပန်းတွေနဲ့ သင်းနေတယ်။ လူတိုင်း လက်ထဲလဲ ပန်းစည်းနဲ့ မြေကြီးမှာလဲ နေရာတိုင်း ပန်းစည်းတွေ ကျနေတာ တွေ့ရတယ်။ အောင်မြင်ရေးပန်း၊ လှပ မွှေးကြိုင်တဲ့ပန်း၊ မြတ်နိုးစရာ ပန်းစည်းများ ကိုင်ဆောင် ထားကြပြီး နှလုံးသား မနူးညံ့ကြ ပါလား လို့လဲ တွေးမိတယ်။ ဗြောင်ဗြောင် ဆိုတဲ့ဆိုင်းသံ၊ ကသူတွေရဲ့ ဟေး... ဟေး... ဆိုတဲ့အသံ၊ နတ်သီချင်းသံ၊ နတ်ဆိုင်းသံ တွေက ပျံ့လွင့်နေတယ်။ တစ်ဦးနဲ့ တစ်ဦး အားရပါးရ စကြ၊ နောက်ကြတယ်။ ဘုန်းဘုန်း တွေတောင် နောက်က ဧည့်သည် မိန်းကလေး ပါရင် အနောက်ခံ ရတယ်။
တစ်နိုင်ငံလုံးမှာ ထူးထူး ခြားခြား အထူး စည်ကားတဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်တာ အမှန်ပါပဲ။ မျိုးရိုး အစဉ်အဆက် မိဘရိုးရာမို့ သွားသူရော၊ အပျော် သွားသူရော များပြား စည်ကားလှ ပါတယ်။ နှစ်ဆယ်ရာစု နှောင်းပိုင်းက ထူးခြားတဲ့ ပွဲတော်ကို အထူးရထားနဲ့ သွားတဲ့ ကျွန်တော်တို့ ဘယ်သူမှ မပြောင်လှောင်၊ မစမနောက် ရပါဘဲ ဦးဦးဖျားဖျား ဘာမသိ၊ ညာမသိ ခံလိုက်ရတဲ့ လက်သီးဒဏ် ကိုတော့ ယနေ့အထိ တောင်ပြုန်း လက်ဆောင် အဖြစ် သတိရ နေပါတယ်။
ယဉ်အောင်ဟိန်း
#Themyawadydaily
http://myawady-myawady.blogspot.com/2014/08/blog-post_64.html

No comments:
Post a Comment