Sunday, August 31, 2014

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲပြောနိုင်ပြီ




တစ်ချိန်က ကုရာနတ္ထိ ဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက် နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင်သည့် အခြေအနေ ရောက်လာပြီ။

အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အေအိုင်ဒီအက်စ် ရောဂါကို ၂၀၃၀ ခုနှစ်မှာ အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ္ထိ ဆေးမရှိ၊ ယခုလည်း အမြစ်ပြတ် ကုစရာ ဆေးမရှိသေး သည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ် ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ် ပြတ်ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိ ပေါ်နေပြီဖြစ်သော အေအာဗွီကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ် နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့် ဖြစ်သည့် အေအိုင်ဒီအက်စ် ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ် နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ်ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာ တစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့ နေနိုင်အောင် စောင့်ရှောက် ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေ မသတ်နိုင်သော်လည်း  ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျအိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီ ပိုးသည် ခန္ဓာကိုယ် ခုခံ အားစနစ်ကို ဒုက္ခမပေးနိုင်တော့။  ထိုအခါ ခုခံ အားကျဆင်းသည့် အေအိုင်ဒီအက်စ် ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့ နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီ ပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့် ကူးစက် ခံရသည့်နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည် ဖြစ်သည်။ ဆိုလိုသည် မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦး ရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦး အောက်သာရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။

အိပ်ခ်ျအိုင်ဗွီ ကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃)နှစ် လောက်သာ ရှိသေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီ ကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုး ရှိလာသည်မှာ ကြီးမားသော အောင်မြင်မှု ကြီးဖြစ်သည်။ သိပ္ပံ သုတေသန ပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေးပိုင်း ကလည်း အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အားတက်သရော ရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့် တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅) သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံး ဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက် သိသာစွာ လျော့ကျလာပြီ ဖြစ်သည်။ သေဆုံးနှုန်း လျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီး တစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ခုနှစ် ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝ ထိန်းချုပ်နိုင် ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက် ဖြစ်သည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက် ကောင်းများ ကို ပြီးခဲ့သည့် အပတ်က သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သော “အကြိမ် ၂၀ မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ် အရေး ဆွေးနွေးပွဲ”တွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြ သည်။

ကူးစက်မှု ဘရိတ်အုပ်
အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက် လာသော တောင်အာဖရိက “အေအိုင်ဒီအက်စ် သုတေသန စင်တာ”မှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်းနည်း၊ အေအာဗွီကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများ ပေးခြင်းနည်းများသည် လွန်စွာ ထိရောက်သော နည်းလမ်းများ ဖြစ်လာပြီ။ ထိရောက်သော နည်းလမ်းများထဲမှ ပို၍ ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီ ရှိသူ ခန္ဓာကိုယ်ထဲက ပိုးကို သိသိ သာသာ ထိန်းချုပ်ပေးနိုင်ရာ ထိုသူမှ တစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်း သွားသည်အထိ ထိန်းချုပ် ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှု တစ်ရပ်အရ ဇနီး ခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီ ရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေး သုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ် ပြုစု ထားသည်။ တောင်အာဖရိက နိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်း ပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ ပိုးရှိသူ (၃၀) မှ (၄၀) ရာခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီဆေး (၁၀) ရာခိုင်နှုန်းခန့် သာတိုက်ကျွေး ထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်းများများ တိုက်ကျွေး ထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံရနိုင်ခြေ (၃၈) ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီ ရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများ အတွက်လည်း Truvada  ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများ ရှိသေးသည်။ ဆန်ဖရန်စစ္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် မှ ရောဘတ်ဂရန့် သည် Truvada ဆေးကို အစဦး စမ်းသပ် တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ် အရေး ဆွေးနွေးပွဲတွင် မစ္စတာဂရန့်က ကမ္ဘာ့တိုက်ကြီး လေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၄င်းတို့၏ သုတေသနများ အကြောင်း ဆွေးနွေး တင်ပြသွားသည်။
Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် ၉၀ ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ် သောက်လျှင် စိတ်ချရသည်။ နေ့တိုင်း ဆေးသောက်ဖို့ မေ့တတ်သူများ အတွက် အဆင်ပြေစေမည် ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်း နေသေးသည်။ ဆေး တစ်လစာကို ဒေါ်လာ (၁၃၀၀) လောက် ကျသင့်သည်။ ဈေးကြီးလွန်းခြင်းက Truvada ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက် ရှိသည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက်ကောင်း တော်တော်များများ ရှိလာပြီ။ သို့သော် Truvada ဥပမာ ကဲ့သို့ပင် ဈေးကြီး နေသေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အား ထက်သန်စွာ အားပေးမှု အရှိန်မသေဖို့လည်း လိုသေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင်အထည် ဖော်ခဲ့သော ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် များထဲတွင် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်းစဉ်ကြီး တစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့နိုင်ငံများသည်လည်း အင်တိုက် အားတိုက် ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်း ကုန်ဆုံးတော့မည်။ ၂၀၁၅ လွန် ရည်မှန်းချက် မူကြမ်းများထဲတွင်ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ကို အဓိက အသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှု ကျဆင်းသွားမှာ စိုးရိမ်ရသည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီ ဆိုးကျိုး ခံစားရမှု အနည်းဆုံး ဖြစ်မည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ ပိုးရှိသူ (၃၅) သန်း ရှိသည်။ ၄င်းတို့ အနက် (၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီ ပိုးရှိကြောင်း ကျန်းမာရေး အဖွဲ့များက ဖော်ထုတ် မှတ်တမ်း တင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ် သိရှိခြင်းမရှိသည့် အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင် သေးသလို၊ ထိုသူများထံ က တစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်း မျိုးလည်း မလုပ်နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည် ဖြစ်သည်။

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီး ချင်းမှာပင် အေအာဗွီ ဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ်သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာခြင်း ဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေး ပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ် ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက် ကျွေးနိုင်ခြင်းမရှိဘဲ အဆက်ပြတ် သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ် နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာ ကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝ မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့် နေခဲ့ကြသည်။ ယခု ဇူလိုင် လဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာသည်။ ဆေးဖြတ်လိုက်ပြီး (၂၇) လ အကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ ပြန်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီရှိပြီး သွေးကင်ဆာ ဒဏ်လည်း ခံစားနေရသဖြင့် သွေးကင်ဆာ ကုထုံးအဖြစ် ၄င်းကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၄င်းထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုးဗီဇအရ အိပ်ခ်ျအိုင်ဗွီ ဒဏ်ခံနိုင်သူ တစ်ဦးထံမှဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီ ပိုးမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသ ပျောက်ကင်းသူ အဖြစ် သတ်မှတ် ခံထားရသည်။ ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကား မဟုတ်။

သုတေသနများ က ဝေဒနာရှင် တစ်ဦးချင်းစီ ၏ မျိုးဗီဇကို ယူကာ အိပ်ခ်ျအိုင်ဗွီ ဒဏ်ခံနိုင်သည့် မျိုးဗီဇများ အဖြစ် ဓာတ်ခွဲခန်း တွင် ပြောင်းလဲ ပြီးနောက် ဝေဒနာရှင်ထံ ထည့်သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့် နည်းကိုလည်း စမ်းသပ် နေကြပြီ။
တစ်နည်း မဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာ လိမ့်မည်။ ယခုထိတော့ တိုက်ရိုက် ကုဆေးမရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်း သေဆုံးနည်း ဖြစ်သည့် အေအာဗွီဆေး ပုံမှန် သောက်သုံးကြဖို့ ဖြစ်သည်။

Credit : The Messenger
Shwe Chitthu - အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲပြောနိုင်ပြီ

No comments: